(၁)
အရီးကျော်သည် လူငယ်တွေနှင့် ထွေရာ လေးပါး စကားပြောရသည်ကို နှစ်သက်သူ ဖြစ်သည်။ စာအုပ်အတော်အတန် ဖတ်သဖြင့် ဗဟုသုတလည်းရှိ၏။ လူငယ်တွေကလည်း ခင်မင်သည်။ သို့သော် အရီးကျော်က ဒီရွာသား မဟုတ်ပေ။ လွန်ခဲ့သော ငါးနှစ်ကမှ ရွာဦးကျောင်းဆရာတော်က ကပ္ပိယအဖြစ် ခေါ်လာခြင်းဖြစ်သည်။ ကျောင်းဝေယျာဝစ္စ လုပ်၍ပြီးလျှင် လက်ဖက်ရည်ဆိုင် ထိုင်တတ် ၏။ ယခုလည်း လက်ဖက်ရည်ဆိုင်တွင် စာဖတ်နေတုန်း သက်ဝေက ရှူးရှူးရှားရှားဖြင့် ရောက်လာကာ ခုံဆွဲထိုင်ရင်း...
''မကျေနပ်ဘူးဗျာ၊ လုံးဝမကျေနပ်ဘူး သတ်ပစ်မယ် အဲ့ကောင်ကို''
အရီးကျော်က စာအုပ်ကို အသာအယာ ပိတ်ကာ
''ဘာဖြစ်လာတာတုန်းဟ မင်းဟာက အလန့်တကြား''
''လူပါးဝတယ်ဗျာ၊ လောင်းကစားပဲဗျ နိုင်တုန်းကတော့ယူပြီး ရှုံးရင်လည်းပေးမှပေါ့ ခုဟာက အုပ်စုနဲ့အနိုင်ကျင့်တာ တစ်ယောက် ချင်းဆိုရင် သတ်ပစ်လိုက်ပြီ''
''စိတ်လျှော့သက်ဝေ စိတ်လျှော့ သတ်တယ်၊ ဖြတ်တယ်ဆိုတာ ကောင်းတဲ့ အလုပ်မဟုတ်ဘူး။ မင်းခုသူ့ကိုသတ်ရင် တစ်ချိန်မင်းပြန်အသတ်ခံရမယ်။ ဝဋ်ဆိုတာ တစ်ခါတလေ ဘဝမခြားဘူး၊ ချက်ချင်း လည်တာ''
''အရီးကျော်က အဲ့ဒါပဲ ကပ္ပိယကြီးလို့ မပြောရဘူး''
အရီးကျော်က ပြုံးကာ
''သက်ဝေ မင်းကိုငါ ဇာတ်လမ်းတစ်ပုဒ် ပြောပြမယ် နားထောင်မလား''
''ဟုတ် ပြောဗျာ၊ နားထောင်မယ်''
အရီးကျော်က ရေနွေးတကြိုက်ကို မော့သောက်ရင်း
''အေး နားထောင် ဟိုး...လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က''
(၂)
နံ့သာကုန်းရွာတွင် မိုးစွေလို့နေသည်။ ဒီလိုရာသီဥတုကို အရက်သမားတွေက ကြိုက်လိမ့်မည်။ အေးစိမ့်စိမ့်လေးနှင့် မူးရ သဖြင့် တစ်မျိုးအရသာ ရှိလှသည်။ ကိုလှစိန် ၏ အရက်ဆိုင်လေးမှာ အတော်အသင့် နာမည်ကြီးသည်။ နာမည်ကြီးသလို သူက လည်း ဖော်ရွေသည်။ ပုံမှန်ဖောက်သည်တွေ အတွက် သူက အကြွေးစာရင်းလုပ်ပေးထား၏။ အရက်မှာလိုက်သည်နှင့် ချဉ်ပေါင်ကြော်လေး တစ်ပွဲပါ ချပေးသဖြင့်တော်ရုံ ငွေကြေးမတတ် နိုင်သူက အရက်ဖိုးရှိရင် သူ့ဆိုင်မှာ သောက်လို့ ရသည်လေ။ ဤသည်ပင်လျှင် သူ၏စီးပွားရေး အကွက်မြင်မှုဟု ချီးကျူးရမည်။
သူ့ဆိုင်၏ ထူးခြားမှုမှာ အစားအသောက် လတ်ဆတ်ခြင်းဖြစ်သည်။ သူ့အိမ်အနောက် တွင် ယုန်လေးတွေ လှောင်ထားသည်။ ယုန်သားနှင့်မြည်းလိုသူက ယုန်ကို လက်ညှိုး လေး ထိုးပြရုံပင်။ မကြာခင် ထိုယုန်မှာ ဟင်းဖြစ်ရ၏။ တချို့ မသောက်တတ်သူများ ကလည်း ထမင်းနှင့်စားရန် တကူးတက လာဝယ်ကြသည်။ သည်တော့ သူ့ဆိုင်တွင် လူပြတ်သည်ဟူ၍မရှိ။ သူ့မိန်းမ မတင်မြ ကလည်း စီးတဲ့ရေ ဆည်သည့်ကန်သင်းပမာ။ အသုံးအစွဲ ကျစ်လျစ်လှသည်။
သူတို့ဆိုင်တွင် အရက်သောက်သူများ တစ်နေ့တခြား သေပျောက်သွားသော်လည်း သူတို့၏စီးပွားရေးမှာ တိုးလျက်ပင်။ လူငယ် ခြေတက်လေးများ အရက်ကြိုက်လာခြင်း ကြောင့်ဖြစ်သည်။ သူတို့လင်မယားကလည်း လူငယ်တွေ၏အထာကို နပ်သည်။ သူတို့က အလိုလိုက်သဖြင့် သူတို့ကို လူငယ်တွေက ပြန်အကြိုက်ဆောင်သည်။ ရန်တွေဘာတွေ ဖြစ်လျှင်တောင်
''ဟေ့ကောင်...မိုက်ရင်ဆိုင်အပြင် ထွက်ခဲ့''
''ငါကွာ တောက် ဦးလှစိန်ကို အားနာလို့ မဟုတ်ရင် မင်းကိုငါ ပုလင်းနဲ့ ရိုက်ခွဲပစ်လိုက် ပြီ''စသည်ဖြင့် သူတို့၏ အလိုက်သိမှုကို ပြကြ သည်။ ဒီတော့မှ ဦးလှစိန်က ဖြောင်းဖျကာ နှစ်ဦးနှစ်ဖက် ပြေလည်စေသည်။
''ကိုလှစိန် ယုန်တစ်ကောင် လုပ်ဗျာ''
သောက်နေကျ ဖောက်သည် ကိုကျော် ညွန့်က မေးလိုက်သည်။ ကိုလှစိန်က
''ဘယ်လောက်သားကောင်လဲ''
''ကျုပ်တစ်ယောက်စာပဲဗျာ၊ တော်ရာ တစ်ကောင်လုပ်လိုက်တော့ လိုက်ရွေးမနေ တော့ဘူး သနားလို့ ဒါပေမဲ့ ဟေ့လူ သွေးလေး ပါထည့်ချက်ဗျာ နော်''
ကိုလှစိန်က
''စိတ်ချ ခဏစောင့်''ဟုဆိုကာ ခါးတွင် အမြဲထိုးထားသော ဓားမြောင်ကိုထုတ်၍ နောက်ဖေးသို့ ထွက်သွားကာ ယုန် တစ်ကောင်ရွေးလိုက်၏။ ကံဆိုးသော ယုန်လေးတစ်ကောင်အား နားရွက်နှစ်ဖက် ပူးကာဆွဲယူပြီး စဉ်းတီတုံးပေါ်တင်လိုက်သည်။ ပြီးတော့မှ ယုန်၏လည်ပင်းအား ဓားဖြင့် လှီးကာ ထွက်လာသောသွေးကို ကြွေခွက်ဖြင့် ခံထားလိုက်သည်။ မကြာခင် အသားခုတ်သံ ကြားရတော့မည်။
(၃)
ညသည် တိတ်ဆိတ်နေသည်။ ခပ်လှမ်း လှမ်းမှ ခွေးအူသံသည် အသည်းယားဖွယ် ကောင်းလှ၏။ တစ်ချက်တစ်ချက် ခြေသံလိုလို ကြားရသည်။ လူခြေတိတ်ချိန်မို့ စိတ်ထင်တာပဲ နေမှာပါဟု ဖော့တွေးလိုက်သည်။ ကိုလှစိန် တစ်ယောက် မိနွယ်ကိုလွမ်းကာ အိပ်မပျော် သဖြင့် ခြင်ထောင်အပြင်ထွက်ကာ ဆေးလိပ် ဖွာနေလိုက်သည်။ သူ့ဇနီးကတော့ အပူ အပင်ကင်းစွာ အိပ်ပျော်လျက်။ ကိုလှစိန်က ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ ဓားမြောင် ကိုခါးတွင်ထိုးကာ အိမ်အပြင်ထွက်လာလိုက် သည်။ သူ့ခြေလှမ်းတို့သည်....။
မိနွယ်တို့ အိမ်နားရောက်တော့ ဝင်နေကျ တံခါးမှပဲ ဝင်လိုက်သည်။ မိနွယ်သည် တစ်ခု လပ်ဖြစ်၏။ လေဖြတ်ထားသော ဖခင်အိုကြီး နှင့်အတူနေရသည်။ မိနွယ်သည်တစ်ခုလပ် ဆိုသော်ငြား တော်ရုံအပျို ရှုံးလောက်သည်။ ထို့ကြောင့် ကိုလှစိန်က တပ်မက်နေခြင်း ဖြစ်သည်။ သူနှင့်မိနွယ် ဖောက်လွဲ ဖောက်ပြန် ဖြစ်နေခြင်းကို ဇနီးသည်များသိခဲ့ရင်ဆိုသော အတွေး ဝင်ဝင်လာတတ်သည့်အခိုက် သွေးပျက်မိသော်လည်း မိနွယ်နှင့် မတွေ့ဘဲ လည်း မနေနိုင်ပါ။
မိနွယ်၏ ခြင်ထောင်ကို အသာမကာ ဝင်လာလိုက်သည်။ ဘေးတစောင်းအိပ်ပျော် နေသော မိနွယ်၏အနားသို့ အသာကပ်ကာ လေသံတိုးတိုးလေးဖြင့်
''နွယ်...နွယ်...ညီမ''
မိနွယ်က ရုတ်တရက်လန့်သွားသော် လည်း ကိုလှစိန်မှန်း တန်းသိလိုက်သည်။ ဒီအချိန် ဒီလိုလာတတ်တာ ကိုလှစိန် တစ်ယောက်ပဲ ရှိသည်လေ။
''ကိုစိန်ရယ် ဒီအချိန်ကြီးကျမှ လာမယ် ဆိုလည်း ညနေထဲက ကြိုပြောတာမဟုတ်ဘူး''
''ကိုစိန်လည်း အစက လာဖို့မရှိဘူး ခုလွမ်းတာနဲ့ အရဲစွန့်ထွက်ခဲ့တာပဲ''
''ပိုပြီ ကိုစိန်ကတော့ အဟင်းအဟင်း''
''လိုတောင်လိုပါသေးတယ် နွယ်ရာ''ဟုဆိုကာ မိနွယ်ပါးလေးကို လှမ်းနမ်းလိုက် သည်။ မိနွယ်က
''ကိုစိန် နွယ့်ကို လက်စွပ်က ဘယ်တော့ ပေးမှာလဲ''
ကိုလှစိန်က သက်ပြင်းချရင်း
''ပေးမှာပေါ့နွယ်ရာ အိမ်ကဟာကြီး လစ်တာနဲ့ နွယ့်ကိုပေးမှာ စိတ်ချ''
တိတ်ဆိတ်သွားသောအခိုက်အတန့်သည် အသူတစ်ရာနက်သော ရာဂချောက်ကမ်းပါး ၏အဝဖြစ်သည်။
ထိုအတွင်းသက်ဆင်းရင်း နက်သထက် နက်လာသောအခါ အကုသိုလ်ဝဲဂယက်ထဲ နစ်သည်ထက် နစ်ကြရသည်။
''နွယ်''
ကိုလှစိန်၏အသံက တိုးသဲ့သဲ့။
''ဟင်''
မိနွယ်၏ အသံက ဖျော့တော့စွာ။
''လေးနာရီလောက်ရှိရော့မယ် ပြန်တော့ မယ်''
''အင်း... နွယ်ပြောတာ မမေ့နဲ့နော်''
''အင်းပါ''ဟုဆိုကာ ကိုလှစိန် ခြင်ထောင် ထဲက ထွက်လိုက်သည်။ အိမ်အပြင်ရောက်တော့ ကိုလှစိန် လမ်းကို ခပ်သွက်သွက်လျှောက်ရင်း ဇနီးမတင်မြ အိပ်မောကျပါစေဟု ဆုတောင်း လာလိုက်သည်။
ကိုလှစိန် အိမ်ထဲရောက်ရောက်ချင်း မတင်မြ နိုးမည်စိုး၍ ခြေဖော့ကာ အိပ်ခန်းဆီ လာခိုက်
''မြရယ် ဒီလိုတစ်သက်လုံးနေရရင် ကောင်းမယ်နော်''
''ခုလည်းမကြာမကြာ နေနေရတာကို ကိုကျော်ညွန့်ကလည်း''
ကိုလှစိန်နားအတွင်း မိုးကြိုးဆယ်စင်း ဆင့်ပစ်သလို ခံစားလိုက်ရသည်။
''ဒါပေမယ့်ကွာ ဒါက ဟိုကောင် မြရဲ့လင် မယားငယ်အိမ်သွားမှ တွေ့ရတာလေ။ ဒီည တောင် ကိုကျော်ညွန့်က ညဦးပိုင်းထဲက မှောင်ရိပ်ခိုစောင့်နေလို့ မဟုတ်ရင် ဒီည အဖို့ဝေးစွ''
''အင်းပါ ဟုတ်ပါပြီ၊ ခုပြန်တော့နော် ဟိုလူကြီးပြန်လာမှ ခက်မယ်''
ကိုကျော်ညွန့်က တင်းကျပ်စွာ ပွေ့ဖက် နှုတ်ဆက်နေစဉ် အခန်းအတွင်းမှ ဘက်ထရီ မီးချောင်းလေး ရုတ်တရက်လင်းလာသည်။
''ထွက်ခဲ့စမ်း မယားခိုးကောင်''
ကိုလှစိန်၏အသံမှာ အတော်အတန်ကျယ် သွားသဖြင့် ဘေးအိမ်များပါ တစ်စတစ်စနိုးလာ ကြသည်။
''ထွက်ခဲ့စမ်းဆို...ကဲဟာ... ကဲဟာ''ဆိုပြီး ခြင်ထောင်ကိုမ၍ အားဖြင့်ဆောင့်ကန် လိုက်ရာ မတင်မြ၏ ရင်ညွန့်ကိုထိသွားပြီး ခွေကျသွားသည်။ ကိုကျော်ညွန့်လည်း ဒေါသ ထွက်ကာ ခြင်ထောင်မှ အလူးအလဲထွက်၍ ပြန်ချလေသည်။
သူတစ်ပြန်ကိုယ်တစ်ပြန် သတ်ပုတ်နေကြ ရင်း ကိုကျော်ညွန့်က အသာရကာ အပေါ် စည်းက ခွထိုးလေ၏။ ကိုလှစိန်ကလည်း ခါးကြားမှဓားကိုသတိရကာ ဓားဖြင့်ထိုးလိုက် သဖြင့် ကိုကျော်ညွန့် လက်မောင်းပြတ်ရှသွား သည်။ ကိုကျော်ညွန့်က ဟန်ချက်ပျက်သွား သော်လည်း ဓားကို အတင်းလုနေသည်။ အော်သံ ဆူသံများက တိတ်ဆိတ်ခြင်းကို ဖြိုခွဲလျက်။
(၄)
''ဒုန်း...''
''ဒုန်း...''
''ဟေး တံခါးဖွင့်စမ်း... ဘာဖြစ်နေကြ တာလဲ...ဟေ့ငါပြောနေတာ မကြားဘူး လား''
အုပ်ချုပ်ရေးမှူးအသံက ပီသစွာထွက်ပေါ် လာသည်။
''ဟေ့ ဖွင့်စမ်း...အာ...ကြာတယ် ကွာ... ဟေ့ကောင်တွေ တံခါးဖျက်ကွာ... ကြာတယ်''
လူငယ်တချို့က တံခါးကို ဖျက်ကြရ သည်။ ဆယ့်ငါးမိနစ်အကြာတွင် တံခါးပွင့် သွားသဖြင့် အားလုံးအိမ်ထဲလိုက်ဝင်ကြသည်။ အိမ်ထဲရောက်သောအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် အားလုံးမင်သက်နေကြသည်။
လည်ပင်းအား ဓားဖြင့်အလှီးခံထားရ သော ကိုလှစိန်၏ အလောင်းဘေးတွင် သွေးထွက်လွန်းသဖြင့် လက်မောင်းကိုဖိ၍ မတ်တတ်ရပ်နေသော ကိုကျော်ညွန့်ကို တွေ့လိုက်ရလေသည်။
(၅)
အရီးကျော်က အာခြောက်သွားဟန်ဖြင့် ရေနွေးလက်ကျန်ကို မော့လိုက်၏။သက်ဝေက...
''ဒါ တကယ့်အဖြစ်အပျက်လား အရီး ကျော်''
''အေး..တကယ့်အဖြစ်အပျက်''
''အရီးကျော်နဲ့ အသတ်ခံရတဲ့ကိုလှစိန်နဲ့ ခင်လား''
''တစ်ရွာတည်း သားချင်းတွေပဲကွာ...ကဲ... ပြန်ဦးမယ် ကျောင်းဝင်းမှာ မြက်ရှင်း ရဦးမယ်ဟ ...မင်းနဲ့စကားကောင်းနေတာနဲ့ အချိန်တောင် နည်းနည်းလင့်နေပြီ''
''ဟုတ် နောက်လည်း ပြောပြပါဦး နားထောင်လို့ ကောင်းတယ်''
''နားထောင်လို့ကောင်းရုံမလုပ်နဲ့ မောင် ဝဋ်ဆိုတာ ကြောက်ဖို့ကောင်းတာလည်း မှတ်ဦး''ဟုဆိုကာ အရီးကျော်က စာအုပ်လေး ကြားမှ ပိုက်ဆံငါးရာကို ထုတ်လိုက်တော့ သက်ဝေက...
''အာ နေပါအရီးရာ ကျွန်တော် ရှင်းပါ့ မယ် ထားလိုက်ပါ''ဟု ကပျာကယာ ပြောရ သည်။ ဒီတော့မှ အရီးကျော်က ထိုင်ရာမှ ထရင်း...
''သွားပြီ သက်ဝေ ငါပြောတာလည်း မမေ့နဲ့''
အရီးကျော်တစ်ယောက် ဘုန်းကြီး ကျောင်းဘက်သို့ လျှောက်လာရင်း လက်မောင်းမှ အနာရွတ်ကို သတိတရ ကိုင်မိ လိုက်လေသည်။
နိုင်ကြည်သားနေ
No comments:
Post a Comment