ရန်ကုန်-မန္တလေးလမ်းပိုင်း၌ အမှတ်(၃)အဆန်နှင့်အမှတ်(၄)အစုန် အမြန်ရထားတွဲဆိုင်းများ ပြန်လည်ပြေးဆွဲ
ရန်ကုန် စက်တင်ဘာ ၂
ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၌ ရေလွှမ်းမိုးမှုကြောင့် ပျက်စီးခဲ့ရ သည့် 'ဆွာဘူတာနှင့် ရေတာရှည်ဘူတာ' ကြားရှိ ရထားလမ်းပိုင်း နေရာကို ပြုပြင်ဆောင်ရွက်နေစဉ်ကာလအတွင်း ရထားစီးခရီးသည် များ အဆင်ပြေစေရန်အတွက် မြန်မာ့မီးရထားမှ ရန်ကုန်-မန္တလေး လမ်းပိုင်း၌ အမှတ်(၃)အဆန် အမြန်ရထားတွဲဆိုင်းနှင့် အမှတ်(၄)အစုန် အမြန်ရထားတွဲဆိုင်းများကို စက်တင်ဘာ ၂ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ အမှတ်(၃)အဆန် အမြန်ရထားတွဲဆိုင်းသည် ရန်ကုန် ဘူတာကြီးမှ ည ၁ဝ နာရီခရီးစဉ်ဖြင့်ထွက်ခွာပြီး နံနက် ၆ နာရီတွင် ရေတာရှည်ဘူတာသို့ ရောက်ရှိကာ ရထားစီးခရီးသည်များအနေဖြင့် တပ်မတော်မှအကူအညီပေးသည့် ဘတ်စ်ကားများဖြင့် ဆွာဘူတာသို့ သွားရောက်၍ ရထားပြောင်းစီးရမည်ဖြစ်ပြီး ဆွာဘူတာမှတစ်ဆင့် နံနက် ၈ နာရီတွင် ထွက်ခွာကာ မန္တလေးဘူတာသို့ ညနေ ၄ နာရီတွင် ဆိုက်ရောက်မည် ဖြစ်သည်။
အလားတူ အမှတ် ၄ အစုန်အမြန်ရထား တွဲဆိုင်းသည်လည်း မန္တလေးဘူတာမှ ည ၁ဝ နာရီတွင် ထွက်ခွာပြီး ဆွာဘူတာသို့ နံနက် ၆ နာရီတွင် ရောက်ရှိကာ ရထားစီးခရီးသည် များအနေဖြင့် ရေတာရှည်ဘူတာသို့ ကားပြောင်း စီးပြီး ရေတာရှည်ဘူတာမှတစ်ဆင့် နံနက် ၈ နာရီတွင် ထွက်ခွာ၍ ရန်ကုန်ဘူတာကြီးသို့ ညနေ ၄ နာရီတွင် ဆိုက်ရောက်မည်ဖြစ်သည်။
လက်ရှိပြေးဆွဲပေးနေသည့် ရန်ကုန်- တောင်ငူ အဆန်အထူးရထားတွဲဆိုင်းကိုလည်း စက်တင်ဘာ ၂ ရက်မှစတင်၍ ရန်ကုန်ဘူတာ ကြီးမှ ညနေ ၃ နာရီတွင် အချိန်ပြောင်း၍ ပြေးဆွဲပေးလျက်ရှိပြီး တောင်ငူဘူတာသို့ ည ၉ နာရီ ၁၅ မိနစ်တွင် ဆိုက်ရောက်မည် ဖြစ်သည်။ အလားတူ အစုန်အထူးရထားတွဲဆိုင်း ကိုလည်း စက်တင်ဘာ ၃ ရက်မှစတင်၍ တောင်ငူဘူတာမှ ည ၁ဝ နာရီခွဲတွင် အချိန် ပြောင်း၍ ပြေးဆွဲပေးမည်ဖြစ်ပြီး ရန်ကုန် ဘူတာကြီးသို့ နံနက် ၅ နာရီတွင် ဆိုက်ရောက် မည်ဖြစ်သည်။ လမ်းခရီး၌ အမှတ် ၃ အဆန်၊ ၃၁ အဆန်၊ ၇ အဆန် ရထားများ ရပ်တန့်သည့် ဘူတာများဖြစ်သော တိုးကြောင်ကလေး၊ ပဲခူး၊ ဒိုက်ဦး၊ြ>ွပန်တန်ဆာ၊ ညောင်လေးပင်၊ ပိန်းဇလုပ်၊ ကျောက်တံခါး၊ ပဲနွယ်ကုန်း၊ ကညွတ်ကွင်း၊ ဖြူးနှင့် ဇေယျဝတီဘူတာများတွင် ရပ်တန့် ပေးသွားမည်ဖြစ်ကာ ရန်ကုန်-တောင်ငူနှင့် တောင်ငူ-ရန်ကုန် ခရီးစဉ်ကို အစုန်၊ အဆန် နေ့စဉ်ပြေးဆွဲပေးသွားမည် ဖြစ်သည်။
သြဂုတ် ၃၁ ရက်မှစတင်၍ ပြေးဆွဲပေးနေ သည့် အမှတ် ၁၁ အဆန်၊ ၁၂ အစုန် ရန်ကုန်-မန္တလေး အမြန်ရထားတွဲဆိုင်းများနှင့် ပျဉ်းမနား- မန္တလေး အစုန်၊ အဆန် အထူး ရထားတွဲဆိုင်းများကိုလည်း ယခင်အတိုင်း ဆက်လက်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း၊ အဆိုပါ ခရီးစဉ်အတွင်း ရန်ကုန်ဘူတာကြီးမှ နံနက် ၆ နာရီတွင် ထွက်ခွာမည့် အမှတ် ၁၁ အဆန်အမြန်ရထားတွဲဆိုင်းမှာ မန္တလေးဘူတာ သို့ ည ၉ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ပြီး မန္တလေးဘူတာမှ နံနက် ၆ နာရီတွင် ထွက်ခွာ မည့် အမှတ် ၁၂ အစုန် အမြန်ရထားတွဲဆိုင်းမှာ ရန်ကုန်ဘူတာကြီးသို့ ည ၉ နာရီတွင် ဆိုက်ရောက် မည်ဖြစ်ကြောင်း၊ ပျဉ်းမနားဘူတာမှ နံနက် ၆ နာရီတွင် ထွက်ခွာမည့် အဆန်အထူးရထား တွဲဆိုင်းမှာ မန္တလေးဘူတာသို့ မွန်းလွဲ ၁၂ နာရီ မိနစ် ၂ဝ တွင် ဆိုက်ရောက်မည်ဖြစ်ပြီး မန္တလေး ဘူတာမှ ညနေ ၅ နာရီတွင် ပြန်လည်ထွက်ခွာမည့် အစုန်အထူးရထားတွဲဆိုင်းမှာ ပျဉ်းမနားဘူတာ သို့ ည ၁၁ နာရီ မိနစ် ၂ဝ တွင် ဆိုက်ရောက် မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်နှင့် မန္တလေး ခရီးဆုံးဘူတာများသို့ သွားရောက် လိုသည့် ခရီးသည်များပြားလာသောကြောင့် ရထားစီးခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့စေရန်အတွက် ရထားခရီး စဉ်ကို တိုးချဲ့ပြင်ဆင်ပြေးဆွဲပေးခြင်းဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
သတင်း-ပွင့်သစ္စာ
ဓာတ်ပုံ-စိုးမြင့်အောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment