Latest News

Sunday, September 2, 2018

အေးမိစံ

အေးမိစံ


''သမီး မသွားလို့ မရဘူးလား အမေရယ်''

''မရဘူးလေ၊  အမေသူတို့ဆီက ပိုက်ဆံ ယူပြီးပြီ၊ သမီးမောင်လေးကို  ညနေ ဆေးရုံ ပို့ရမှာ''

အေးမိစံ  အိပ်ရာထက်မှာ ခွေခွေလေး လဲလျောင်းနေသော   မောင်လေးဖြစ်သူရဲ့ မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။ နာတာ ရှည်ရောဂါလို  ဖြစ်နေတာကြာပြီဖြစ်သော သူ့မောင်လေးကို အလွန်သနားသည်။ မိသားစု ရဲ့ဝင်ငွေက ပုံမှန်မရှိ။ အလုပ်ခေါ်မှ ပိုက်ဆံ ရသည်။ အဝတ်လျှော်မှ ထမင်းနပ်မှန်သော အေးမိစံတို့ သားအမိသုံးယောက်မှာ ချို့တဲ့ သည်ထက် ဆိုးသေးသည်။

''အမေ သမီးကို ခိုင်းစားတာမဟုတ်ပါဘူး။  ဘယ်လိုမှကြံရာမရတဲ့အဆုံး ယူလိုက်မိတာပါ။ အမေ အသုံးမကျဘူးသမီးရယ်''

ဒေါ်ကြင်မေ အသံတို့ပါ တုန်ယင်သွား သည်။

မိခင်ဖြစ်သူ ဒေါ်ကြင်မေ၏ မျက်နှာကို ကြည့်လိုက်၊ မောင်လေးဖြစ်သူရဲ့ မျက်နှာကို ကြည့်လိုက်နဲ့ အေးမိစံ ပင့်သက်ချလိုက်မိသည်။ သူ့မောင်လေးရဲ့ ကျန်းမာရေးက တစ်နေ့ တခြား ပိုဆိုးရွားနေသည်။ ဆေးမြီးတိုနဲ့ ကုနေ ရသည်မှာလည်း ရောဂါအားကောင်းအောင် လုပ်ပေးနေတာနဲ့တူသည်။ ရွာထဲက ဆေး ဆရာတွေကလည်း တုတ်တုတ်မှ မလှုပ်ချင်။

''သမီးနားလည်ပါတယ်။ သမီး လိုက်သွား ပါ့မယ်။ အမေလည်း ကျန်းမာရေး ဂရုစိုက်ပါ။ မောင်လေးကိုလည်း ဂရုစိုက်ပါနော်''

အေးမိစံ  သူ့မောင်လေးရှိရာနေရာသို့ လှမ်းသွားပြီး  နဖူးလေးကို ပွတ်သပ်ကာ ကြည့်နေမိသည်။ မောင်လေးအိပ်ပျော်မနေပါ။ သို့သော်လည်း ငြိမ်နေသည်။

အသက်ရှစ်နှစ်သာရှိသော     ကလေး တစ်ယောက်ရဲ့ ရောဂါဝေဒနာက ဘာများလဲ၊ ဘယ်လိုတွေ ခံစားနေရပါသလဲ။

အေးမိစံသည် အသက် ၁၅ နှစ်သာရှိ သော အပျိုဖော်ဝင်စမိန်းမငယ်တစ်ဦးဖြစ်သည်။

အိမ်ဖော်ပွဲစား ဒေါ်မြရည်မှာ မြို့မှာရှိတဲ့ အိမ်ကြီးရှင်တို့ရဲ့ ပွဲစားဖြစ်သည်။ အပြော ကောင်း၊အမွှမ်းကောင်းသလို  သူအလုပ်ရှာပေး သူတွေလည်း ရွာထဲမှာ များပြားလှသည်။

သူခေါ်သွားတဲ့သူတိုင်းလည်း   အိမ်ကို ထောက်ပံ့နိုင်ကြသည်။ ခုလည်း အေးမိစံကို အိမ်ဖော်လုပ်ရန်ဖြစ်သည်။ အိမ်ရှင်တွေက လည်း သဘောအလွန်ကောင်းသည်ဟုဆိုသည်။ လစာက တစ်လကို  စရိတ်ငြိမ်း ခြောက်သောင်း ရမည်။ အဝတ်အစားဆင်မည်တဲ့။

ရွာမှာဆို   ခြောက်သောင်းမပြောနဲ့ ခြောက်ထောင်တောင် မသေချာပါ။ ပညာ မတတ်တော့ ပိုဆိုးသည်။ အရင်းအနှီးမရှိတော့ ပိုခက်သည်။ အိမ်မှာ နာမကျန်းသူတစ်ယောက် ရှိလျှင် ပိုစိတ်ညစ်ရသည်။

''သမီး  နေ့လယ်ကားနဲ့ လိုက်ရမှာနော်။ ခဏနေ ဒေါ်မြရည်လာခေါ်တော့မှာ၊ သမီး ရေချိုးတော့လေ''

''မမ ဘယ်သွားမလို့လဲ''

အေးမိစံ သူ့မောင်လေးအမေးကို အမှန် အတိုင်း ဖြေရမည်လော။  ဆို့နင့်မှုတစ်ခုနဲ့ စိုးရိမ်ကြောင့်ကြမှုက သူ့ရင်မှာ ကြီးစိုးနေသည်။

''မောင်လေးအတွက်   ကစားစရာနဲ့ မုန့်တွေသွားဝယ်မလို့လေ၊  လိမ်လိမ်မာမာ နေနော်''

''အဲဒါဆို သားလည်း လိုက်မယ်''

''သားက လိုက်လို့မရဘူးလေ၊ သားမမ သွားဝယ်မှာ၊  သားက မေမေနဲ့နေခဲ့နော်''

ဒေါ်ကြင်မေက ဝင်ပြောသည်။

အေးမိစံ လိုက်ကာစုတ်လေးနဲ့ ကာထား သော အခန်းငယ်လေးထဲ  ဝင်သွားသည်။ြေ>ွမရေခွံအိတ်လေးထဲသို့  အဝတ်အစားများ ထည့်နေသည်။  အဝတ်အစားဆို၍လည်း များများစားစားမရှိပါ။  ဒေါ်ကြင်မေကတော့ ပွဲစား ဒေါ်မြရည်ဆီမှ  ကြိုတင်ယူထားသော ငွေထုပ်ကို ရေတွက်ရင်း ''ရော့ သမီး၊ ဒါ သမီး လမ်းမှာ စားချင်တာ ဝယ်စားဖို့နဲ့ ဟိုရောက်ရင် သုံးစရာရှိတာ သုံးဖို့ယူသွားပါ။ ကျန်းမာရေးကို လည်း ဂရုစိုက်။ လူကြီးသူမစကားကို နားထောင် နော်၊ တစ်ခုခုပြန်ပြောချင်တိုင်း  အမေနဲ့ သမီး မောင်လေးမျက်နှာကို ကြည့်ပေးပါ''

''ဟုတ်ကဲ့ပါ''

အေးမိစံအဖို့ မိသားစုနဲ့ ပထမဆုံး ခွဲခွာ ခြင်းပါ။ မြို့ကြီးမှာ အိမ်ဖော်လုပ်ရမည်တဲ့။ ဘယ်လိုတွေများပါလိမ့်ဟုတွေးရင်း  ပင့်သက် မောနေသည်။ ပွဲစား ဒေါ်မြရည် ရောက်လာ ပြီမို့ ခေတ္တစကားပြောပြီး ထွက်လာခဲ့ကြသည်။ ငိုချင်သော  မျက်လုံးတွေက  ရှိုက်သံတွေ ထွက်ပေါ်မလာအောင်  ထိန်းထားပေမယ့် မျက်ဝန်းဆီမှာတော့ ကြေကွဲရိပ်တို့ ထင်ဟပ် နေသည်။

''ကြည့်စမ်း ငါ့တူမတွေက ခုလို ဆင်လိုက် တော့ အချောတွေပဲ၊  ဒေါ်လေးက ညည်းတို့ လေးတွေကို မကြည့်ရက်လို့ပါ။ ရွာမှာပဲနေရင် ဖင်ထဲ ရွှံ့တစ်ပိဿာလောက်ဝင်မှ ထမင်း တစ်နပ်စားရတာ ဘာလုပ်မှာလဲ။ မြို့မှာဆို ငွေရှာရ  သိပ်လွယ်တာ''

အေးမိစံအပါအဝင်   ဆယ်ကျော်သက် သုံးယောက်ပါသည်။

အပြုံးလေးတွေနဲ့  မိဘသဖွယ် ပြောနေ သော ဒေါ်မြရည်ရဲ့ စကားကြောင့် အားလုံး ကြည်နူးနေမိသည်။ မြို့မှ အဝတ်အစားတချို့ ကို ဆင်မြန်းပေးထားတော့ အေးမိစံတို့မှာ မဝတ်ဖူးတာ ဝတ်၊   မစားဖူးတာ စားနေရတော့ ကျေနပ်နေကြသည်။

''သမီးအေးမိစံက ဒီမှာနေခဲ့ဦးနော်။ သမီး တို့နှစ်ယောက်ကတော့ ဒေါ်လေးနဲ့ လိုက်ခဲ့။ သမီးတို့နေရမယ့်အိမ်ကို  လိုက်ပို့ပေးမယ်''

အေးမိစံကို အဆောင်လား၊ အိမ်လား၊ တည်းခိုခန်းလား မသိသော အခန်းတစ်ခုထဲ မှာ ထားရစ်ခဲ့သည်။ ကျန်တဲ့နှစ်ယောက်ကို တော့ ဒေါ်မြရည်ခေါ်သွားသည်။ ညနေမိုးချုပ် မှ ပြန်ရောက်လာသည်။ ထိုအချိန်မှာတော့ ခရီးပန်းလာသောဒဏ်နဲ့ အိပ်မောကျနေသည်။

''အခန်းထဲမှာ အိပ်နေတယ်။ ကောင်မ လေးက ခုမှအသက်က   ၁၅ နှစ်ပဲ ရှိသေး တယ်နော်။ ကိုယ့်ဘာသာပြုစုပြီး စည်းရုံးလိုက်။ သူငွေတအားလိုနေတယ်။  သူ့မောင်လေး ဆေးရုံတင်ရမယ်။ နင်နပ်ပါတယ် ဟဲဟဲဟဲ''

'' ငါလည်း အသားတွေ စားရတာ ရိုးနေ ပြီဟ။ ခုလိုတောငါးပိလေးလည်း စားချင်တာ ပေါ့''

ထွန်းလူဆိုသောလူမှာ တစ်ဖက်နိုင်ငံကို လူကုန်ကူးနေသောလူဖြစ်သည်။  ဒေါ်မြရည် မှာလည်း ရွာက အပျိုပေါက်စလေးတွေကို စည်းရုံးပြီး     ထွန်းလူဆီသာပို့နေသည်။ သူ့အတွက် ပွဲခက အံ့မခန်းရသည်လေ။

''စားတာလည်း ကြည့်စား အရိုးစူးမယ်။ ဟိုက တအားငယ်သေးတယ်နော်''

''စူးပါစေ စူးပါစေ အရိုးပါ ဝါးစားမယ်''

ထွန်းလူ လုပ်ပြသွားသောပုံမှာ   အမြင် ကပ်စရာကောင်းလှသည်။ သူများသားသမီးကို သားမယားပြုကျင့်ဖို့၊ သူ့ရဲ့  ခဏတာ စိတ် သာယာဖို့ တစ်ခုတည်းနဲ့ ဘာကိုမှ မမြင်ချေ။

''ဒါပဲလား ငါ့အတွက်က''

ဒေါ်မြရည် လက်ထဲကငွေထုပ်ကို လှုပ်ခါ ပြရင်း ပြောလေသည်။

''တော်ပြီလေဟာ၊ နောက်တော့ ထပ်ပေး မှာပေါ့၊  အခြေအနေကြည့်ရဦးမယ်လေ''

ပြောပြောဆိုဆိုနဲ့ ထွန်းလူ အေးမိစံရှိသော အခန်းထဲကိုဝင်သွားသည်။ အခန်းထဲရောက် တော့ ခုတင်ပေါ်မှာ ခွေခွေလေးအိပ်နေသော အေးမိစံကို     တွေ့ရသောအခါ  မုဆိုး သားကောင်တွေ့သည့်နှယ်  မရိုးမရွ  ဖြစ်နေ သည်။

အေးမိစံရဲ့ ဘေးမှာ ကပ်ထိုင်လိုက်သည် နှင့် အေးမိစံနိုးလာသည်။

''ဟင်  ဘယ်သူကြီးလဲ၊ ဦးဦးကဘယ်သူလဲ''

''ဦးက သမီး ဒေါ်လေးရဲ့ အသိမိတ်ဆွေ ပါ။ သမီးကိုထားခဲ့တယ်ပြောလို့ လာခေါ်တာ ပါ။ သမီး အိမ်ဖော်လုပ်ဖို့ဆို''

''ဟုတ် ဟုတ်ပါတယ်။ ဒေါ်လေးမြရည် ရော ဘယ်မှာလဲ''

''သူလား သမီးနဲ့အတူတူပါလာတဲ့ သူငယ် ချင်းနှစ်ယောက်ကို လိုက်ပို့တယ်။ သမီးကို ထားခဲ့တာ စိတ်မချလို့တဲ့ သွားခေါ်ပေးပါဆိုလို့ လာခေါ်တာ''

''ဟင့်အင်း သမီးမလိုက်ချင်ဘူး။ ဒေါ်လေး မြရည်လာမှ လိုက်မယ်''

''ကဲ  သဘောပါကွယ်၊  အဲဒီလိုဆိုလည်း သူလာတဲ့အချိန်ထိ စောင့်ကြတာပေါ့။ ဟုတ်ပြီ လား။ သမီး ဘာစားပြီးပြီလဲ။ ဗိုက်ဆာနေပြီ လား''

''ဟုတ်၊ ဘာမှ မစားရသေးဘူး''

''ခဏစောင့်ဦး၊  သမီးအတွက် စားစရာ တစ်ခုခုသွားယူလာပေးမယ်''

ဦးထွန်းလူ မီးဖိုခန်းဘက်သို့ ထွက်သွား သည်။

စကားပြောပုံက သူမဟုတ်သလို ပါးနပ်မှု ရှိပြီး နူးညံ့လွန်းသည်။ အကြင်နာတရားရှိသည့် ဟန် လူကြီးလူကောင်းဆန်လှသည်။

ခဏကြာတော့ ကော်ဖီနှင့်မုန့် ယူလာသည်။ အေးမိစံလည်း ဗိုက်ဆာနေတာနဲ့ ဦးထွန်းလူ ယူလာသော ကော်ဖီနှင့်မုန့်ကို စားလိုက်သည်။ မြိန်ရေယှက်ရေ   စားနေသော အေးမိစံကို ကြည့်ပြီး ငါ့ခွင်ထဲတော့ မိပြီဟူသော အကြည့် နှင့် ပြုံးနေသည်။      မကြာလိုက်ပါဘူး။ အေးမိစံရဲ့ မျက်လုံးတွေ မှေးစင်းသွားသည်။ တစ်ခုခုခံစားနေရသည့်နှယ်   လူးလွန့်နေ သည်။

ကာမစိတ်လား  ဘာလား မသိသော ဝေဒနာတစ်ခုကို ခံစားနေရသည်။ ဦးထွန်းလူ လည်း အချိန်ကောင်းဟု မှတ်ယူကာ အေးမိစံ အနားကပ်သွားပြီး လိုသလို သွေးသားယူနေ လေသည်။

အပျိုဖော်ဝင်စ    အရွယ်ဖြစ်သည်။ ထိန်းချုပ်မှုကင်းမဲ့စွာ    စာနာမှုမရှိဘဲ   မိမိ လိုအင်ဆန္ဒကိုသာ ရှေ့တန်းတင်ခဲ့သောကြောင့် ထိုနေရာမှာပဲ အေးမိစံ ရှော့ဖြစ်သွားသည်။

ဦးထွန်းလူ သူ့ကိစ္စပြီးသွားပေမယ့် ခေါ်၍ မရ၊ နှိုး၍မရဘဲ  ခွေခေါက်၍ လဲနေသော အေးမိစံကိုကြည့်ပြီး   စိတ်ချောက်ချားသွား သည်။

''မြရည်ရေ   မြရည် လာပါဦး။ ဘာဖြစ် သွားလဲ မသိဘူး''

ထွန်းလူ၏ ခေါ်သံကြောင့် ဧည့်ခန်းထဲ တွင် အနားယူနေသော ဒေါ်မြရည်ရောက်လာ သည်။

''ဟင် နင်ဘယ်လိုတွေ လုပ်လိုက်တာလဲ၊ သေသွားပြီလား မသိဘူး''

''ဟာ  မသိဘူးလေဟာ၊  ငါ  ငါလည်း ထားလိုက်ဟာ။ သေသွားလည်း ဖျောက်လိုက်၊ နင့်ကို ပိုက်ဆံထပ်ပေးမယ်''

''အဲဒီလိုလုပ်လို့မရဘူးဟဲ့။ အရူးကောင်ရဲ့''

သေချာသည်။    အရွယ်နဲ့မမျှအောင် ပြုကျင့်ခံရမှုကြောင့်    အေးမိစံ အသက်ပါ ပေးဆပ်လိုက်ရသည်။

အေးမိစံရဲ့ ပုံကိုကြည့်ပြီး   ဒေါ်မြရည် ဒူးတုန်နေသည်။

စာနာစိတ်ကင်းမဲ့လှတဲ့ ဒေါ်မြရည် ခုလို မြင်တွေ့ရတော့ ကြောက်ရွံ့နေမိသည်။

''နင့်ကို ငါပြောပါတယ်။ ငယ်ပါသေးတယ် လို့၊ အခုဘယ်လိုလုပ်မလဲ''

''ထုံးစံအတိုင်းပေါ့ဟာ။     သူ့အိမ်ကို လေးငါးလလောက်  ပိုက်ဆံပုံမှန်ပို့ပေးလိုက်  ပေါ့၊ ဒါမျိုးတွေ နင်ကျွမ်းပါတယ်''

ဟုတ်ပါသည်။ ဒါမျိုးတွေ ဒေါ်မြရည် သိပ်ကျွမ်းပါသည်။    တစ်ဖက်နိုင်ငံကို  ပို့လိုက်ပြီး   လေးငါးလလောက်  ဣနြေ္ဒမပျက် လစာပို့ပေး နေတတ်သည်။ နောက်က မိသားစု တွေကတော့  မြို့ရောက်နေတဲ့သားသမီးတွေ အဆင်ပြေတယ်လို့သာ    မှတ်ယူထားကြ သည်။

''တူ တူ တူ''

ပြောနေရင်းမှာပဲ   လက်ထဲကဖုန်းလေး ထမြည်လာသည်။ ကိုယ့်အပြစ်နဲ့ကို ဖုန်းသံကို တောင် လန့်နေကြသည်။

ရွာကဖုန်းဖြစ်သည်။ ရွာမှာက ရွာဦး ကျောင်းမှာသာ ဖုန်းရှိသည်။ ကိစ္စတစ်ခုခုရှိရင် ရွာဦးကျောင်းဆရာတော်ဆီက    ဖုန်းနဲ့ ဆက်သွယ်ကြသည်။

'' ဟဲလို ''

''မြရည်လား  မြရည်  ငါ့သမီးလေးကို ခုပြန်လွှတ်ပေးပါလား။    နောက်မှ နင်တို့ ပြန်ခေါ်သွားပါနော်။   သူ့အိမ်ရှင်ကိုလည်း ပြောပေးပါ၊ ပြီးရင် ပြန်ပို့ပေးပါ့မယ်လို့''

''ဟင် မ မရဘူးလေ။ သူ့ကို သူနေရမယ့် အိမ်မှာထားခဲ့ပြီ။  ပြန်ခေါ်လို့မရလောက်တော့ ဘူး''

''မလုပ်ပါနဲ့ မြရည်ရယ်။ သူ့မောင်လေး ခုဆေးရုံမှာ ဆုံးပြီ။ လုပ်ပါမြရည်ရယ် ကူညီပါ။   သူ့ကို သူ့မောင်လေးဆုံးပြီလို့ သွားမပြောပါ နဲ့နော်။ ဒီအတိုင်းပဲ ခဏဆိုပြီး ပြန်ခေါ်ပေးပါ။  ဘယ်လိုမှမရရင်လည်း  ညည်းပေးတဲ့ စရန်ငွေ ပြန်ပေးမယ်အေ။ ငါ့သမီးလေးကိုပြန်ပို့ပေးပါ ''

''အေး အေး ငါပြောကြည့်ပေးမယ်''

ဘယ်လိုလုပ်ရပါ့။ ဘယ်လိုလုပ်မည်နည်း။ ဒေါ်မြရည် ဘာဆက်လုပ်မည်နည်း။ သူ့ရဲ့ ငွေမက်မှု၊    စာနာစိတ်ကင်းမဲ့မှုတို့ကြောင့် အနာဂတ်ရဲ့ ကြယ်ပွင့်တွေကို ခူးဆွတ်နေမှန်း မသိ ခူးနေမိသည်။ အညွန့်တွေကို  ချိုးဖဲ့နေ သည်။ အေးမိစံလိုလူတွေ ဘယ်လောက်တောင် များနေပြီလဲ။ အေးမိစံနဲ့ အတူတူပါလာသော နှစ်ယောက်ရော ဘယ်လိုဘဝရောက်သွားပြီ လဲ။ အေးမိစံလိုပဲ    နစ်မွန်းသွားပြီလား။ ဘာဆက်လုပ်ရမည်နည်း။    ဘယ်လိုတွေ ရှေ့ဆက်ကြမည်နည်း။

ဓားစာခံဘဝတွေကို   ဘယ်လိုရုန်းထွက် ကြမည်နည်း။  အနီးဆုံးရန်သူက   ဘယ်မှာ နည်း။    ။

သျှီ(တမာမြေ)

No comments:

Post a Comment