ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေး ကားဝင်းမှ ဒဂုံ (ဆိပ်ကမ်း)မြို့နယ် (၆ဝ/၆၁) ရပ်ကွက်အထိ လမ်းကြောင်း သတ်မှတ်၍ YBS ၉၉ ယာဉ်လိုင်းသစ် တိုးချဲ့ပြေးဆွဲရန် စီစဉ်နေကြောင်း Omini Focus ကုမ္ပဏီ လီမိတက် ပို့ဆောင်ရေးမန်နေဂျာ ဦးစန်းယုထံမှ သိရသည်။ ''အမြန်ဆုံးပြေးဆွဲနိုင်အောင် စီစဉ်နေပါတယ်။
လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေ နည်းနည်း ကျန်နေသေးတာကြောင့် ပြေးဆွဲမယ့်ရက် အတိအကျကို မပြောနိုင်သေးတာပါ'' ဟု ဦးစန်းယု ကပြောသည်။ အဆိုပါ YBS ၉၉ ယာဉ်လမ်းကြောင်းမှာ ဒဂုံဧရာ အဝေးပြေးကားဝင်းမှ ရန်ကုန်-ပုသိမ်လမ်းအတိုင်း သမကုန်း၊ ဘီအိုစီ မှတ်တိုင်တို့ကို ဖြတ်သန်း၍ ရန်ကုန်-ညောင်တုန်းလမ်းအတိုင်း အောင်ဇေယျတံတားမှ ဖြတ်သန်းကာ အင်းစိန် ပေါက် တောဝဘက်မှ လှိုင်မြစ်လမ်း၊ အာလိန် ငါးဆင့်ဘက်မှ လမ်းသစ်လမ်းအတိုင်း သွားမည်ဖြစ်သည်။
ထိုမှတစ်ဆင့် စော်ဘွားကြီးကုန်းမှ ပြည်လမ်းအတိုင်း ရှစ်မိုင်အထိ၊ ယင်းမှ ကမ္ဘာအေးဘုရားလမ်းအတိုင်း သွား၍ ပါရမီလမ်းမှ ဘေလီတံတားပေါ် ဖြတ်သန်းကာ ဒဂုံ(မြောက်ပိုင်း)မြို့နယ်ရှိ ပင်လုံလမ်းအတိုင်း မောင်းနှင်ပြီး မဝတလမ်းဆုံမှ ပြည်ထောင်စု လမ်းအတိုင်း တောင်/မြောက်လမ်းဆုံကို ဖြတ်သန်းကာ လေးထောင့်ကန်လမ်း၊ အမှတ် (၂)လမ်းမကြီး၊ မောင်းမကန်လမ်း၊ ဧရာဝဏ်လမ်း၊ ရွှေလီလမ်း တို့ကိုဖြတ်၍ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်ရှိ ရွှေလီအိမ်ရာ အနီး၌ ခရီးစဉ်ဆုံးမည်ဖြစ်သည်။
အဆိုပါယာဉ်လိုင်းတွင် Foton AUV BJ6129 City Bus အမျိုးအစား ယာဉ်အစီးရေ ၆ဝ ဖြင့် ပြေးဆွဲမည်ဖြစ်သည်။ လမ်းကြောင်းတစ်လျှောက် ရပ်၊ တင်၊ ချ စနစ် အသုံးပြုမည်ဖြစ်ပြီး ယာဉ်စီးခကို ပုံသေ ငွေကျပ် ၃ဝဝ သတ်မှတ်ထားသည်။ လတ်တလောတွင် ယင်းလမ်းကြောင်း အတိုင်း YBS ၈၃ ယာဉ်လိုင်းမှ လမ်းကြောင်းခွဲတစ်ခု အဖြစ် ပြေးဆွဲနေကြောင်း သိရသည်။
''လမ်းပိတ်ဆို့မှုတွေကြောင့် ဂိတ်ကနေ တစ်စီးနဲ့တစ်စီး အချိန်ခြားပြီး လွှတ်ပေမယ့် တစ်ခါတစ်ရံမှာ လိုင်းတူယာဉ်တွေ သုံး၊လေးစီးဆက်တိုက် တန်းစီသွားရတဲ့ အခြေ အနေတွေရှိတယ်''ဟု ဦးစန်းယု ကပြောသည်။ အဆိုပါယာဉ်လိုင်းသစ်တွင် စီးနင်းမည့် ခရီးသည် အနေအထားကိုကြည့်၍ ယာဉ် လိုင်းဂိတ်များမှ ယာဉ်များကို ငါးမိနစ် သို့မဟုတ် သုံးမိနစ်ခြား တစ်စီးနှုန်း စေလွှတ်ရန် စီစဉ်ထားပြီး နံနက် ၅ နာရီမှ ည ၈ နာရီအထိ ပြေးဆွဲပေးရန် စီစဉ်ထားကြောင်း သိရသည်။
MWD
No comments:
Post a Comment