Latest News

Thursday, August 9, 2018

မြန်အောင်တမံ ကမ်းပြိုမှု မြင့်မားနေသဖြင့် မြစ်ကြောင်းဖြောင့်ခြင်းနှင့် မြစ်ကမ်းထိန်းခြင်း ဆောင်ရွက်ရန် လိုအပ်

မြန်အောင်တမံ ကမ်းပြိုမှု မြင့်မားနေသဖြင့် မြစ်ကြောင်းဖြောင့်ခြင်းနှင့် မြစ်ကမ်းထိန်းခြင်း ဆောင်ရွက်ရန် လိုအပ်

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်နှင့် ကြံခင်းကြားရှိ ဧရာဝတီမြစ်မကြီး၏ လက်ဝဲဘက်ခြမ်း၌ ကြီးမားကျယ်ပြန့်သော သဲသောင်ခုံကြီး ဖြစ်ပေါ်နေသောကြောင့် မြစ်ရေစီးကြောင်းမှာ မြန်အောင်တာတမံဘက်သို့ ဦးတည်နေပြီး မြန်အောင်တာမိုင် (၅/၅)အနီး မြန်အောင်တာတမံသည် ကမ်းပြိုကမ်းစားမှုနှုန်း မြင့်မားလျက်ရှိရာ လာမည့် ပွင့်လင်းရာသီတွင် မြစ်ကြောင်းဖြောင့်ခြင်း၊ မြစ်ကမ်းထိန်းခြင်းနှင့် ပန်းတာတည်ဆောက်ခြင်းများ ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။

ရေစီးနှုန်းသက်သာစေရန် ရေပေါ်ရေလွှဲ တန်းချခြင်း၊ မြစ်ကမ်းပါးဘေး တစ်လျှောက် ကမ်းပြိုမှု သက်သာစေရန် ရေတောင်ဝှေးချခြင်းနှင့်  လှိုင်းကာတန်း ရိုက်ခြင်းလုပ်ငန်းကို ဇူလိုင် ၁၉ ရက်ကတည်းက ဆောင်ရွက်လျက်ရှိသည်။ ယခုမိုးတွင်းကာလ မြစ်ရေကြီးနေချိန်တွင် မြန်အောင်တာမိုင်(၅/၅)အနီး ကမ်းပြိုကမ်းစားလျက်ရှိသော နေရာ၌ ဘက်ဟိုးဖြင့် တာလုံးရွှေ့ခြင်း၊ တာဆင့်ခြင်းကို အလျားပေ ၅ဝဝ၊ အမြင့် ၁ဝ ပေ၊ တာထိပ်ဝအကျယ် ၁၆ ပေဆောင်ရွက်မည်ဖြစ်သည်။

 မြန်အောင်တာတမံသည်   အလျား ၄၈ မိုင် ၄ ဖာလုံ ရှည်လျားပြီး မိုးတွင်းကာလ မြစ်ရေကြီးနေချိန်တွင် ရေကင်းတဲခြောက်ခုဖြင့် ရေဘေးကာကွယ်ရေး ဆောင်ရွက်လျက်ရှိကာ  မြန်အောင်မြို့နယ်အတွင်း ရေဘေး ကာကွယ်ရေး ဧရိယာ ၁၃၆၃၂၁ ဧက၊ အင်္ဂပူမြို့နယ်အတွင်း ရေဘေးကာကွယ်ရေး ဧရိယာ ၆၅၅၃ ဧကတို့ကို ကာကွယ် ထားရှိကြောင်း  မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။

MWD

No comments:

Post a Comment