မိတ္ထီလာ ဩဂုတ် ၃
MMA ကမ္ဘာ့မစ်ဒယ် ဝိတ်တန်းချန်ပီယံ အောင်လအန်ဆန်နှင့် ၎င်း၏မိတ္ထီလာဒေသခံ ပရိသတ်များတွေ့ဆုံပွဲကို မြန်မာ့ဩဘာ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ယနေ့နံနက် ၁၁ နာရီ တွင် ကန်သာကျေးရွာအုပ်စု မင်းရွာကျေးရွာ ဘောလုံးကွင်း၌ကျင်းပသည်။ အဆိုပါတွေ့ဆုံပွဲတွင် အောင်လအန်ဆန်က ၎င်းသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မွေးဖွားသည့် မြန်မာပြည်သားဖြစ်ကြောင်း၊ နိုင်ငံခြားတွင် သွားရောက်နေထိုင်စဉ်က နွားမွေးမြူရေး လုပ်ငန်းကိုလုပ်ကိုင်ရင်း ဘဝကိုစတင်ခဲ့ကာ နှစ်ပေါင်း ၂၀ ကျော်ကာလတွင် ယခုကဲ့သို့ MMA ကမ္ဘာ့မစ်ဒယ် ဝိတ်တန်းချန်ပီယံ၊ ကမ္ဘာ့လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံအဖြစ် ကြံ့ခိုင်သော စိတ်ဓာတ်၊ မဆုတ်မနစ်သော လုံ့လဖြင့်ကြိုးပမ်းကာ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ဘဝ တိုးတက်ရာတိုးတက်ကြောင်းအတွက် ကြိုးစားကြရန် တိုက်တွန်းကြောင်း မိတ္ထီလာ ဒေသခံ ပြည်သူများကို နှုတ်ဆက်တိုက်တွန်းစကားပြောသည်။ ဆက်လက်၍ မင်းရွာကျေးရွာနှင့် အနီးတစ်ဝိုက် ကျေးရွာများဖြစ်သည့် ရိုးကန်၊ ကန်သာ၊ ထနောင်းကန်၊ ဆပ်ခင်းပေါက်၊ ရှမ်းတဲ၊ ဓမ္မပါလနှင့် မြို့ပေါ်ဒေသများမှ ဒေသခံပရိသတ်များက အောင်လအန်ဆန် ယှဉ်ပြိုင်ကစားလျက်ရှိသည့် One Championship အဖွဲ့မှကျင်းပသည့် ကိုယ်ခံပညာ ပေါင်းစုံပြိုင်ပွဲ MMA ( Mixed Material Arts)အကြောင်းနှင့် ပြိုင်ပွဲဝင် အတွေ့အကြုံများကို မေးမြန်းရာ အောင်လအန်ဆန်က ရင်းရင်းနှီးနှီး ပြန်လည်ဖြေကြားသည်။ One Championship အဖွဲ့မှကျင်းပသည့် ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲ MMA ( Mixed Material Arts) ၏ ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းနှင့် ကမ္ဘာ့လိုက်ဟဲဗီးဝိတ်တန်း လက်ရှိချန်ပီယံ အောင်လအန်ဆန်သည် ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲတွင် ဇွန် ၂၉ ရက်က ပြိုင်ဘက်ဖြစ်သူ ဂျပန်နိုင်ငံသား ကန်ဟာဆီဂါဝါကို အလဲထိုး အနိုင်ယူခဲ့ကြောင်း သိရသည်။
MWD
No comments:
Post a Comment