Latest News

Saturday, August 4, 2018

အငြင်းပွားကျွန်းစု အနီးသို့ သင်္ဘောစေလွှတ်သည့် တောင်ကိုရီးယားကို ဂျပန်ကန့်ကွက်

အငြင်းပွားကျွန်းစု အနီးသို့ သင်္ဘောစေလွှတ်သည့် တောင်ကိုရီးယားကို ဂျပန်ကန့်ကွက်

တိုကျို ဩဂုတ် ၃

အငြင်းပွားကျွန်းစု အနီးသို့သင်္ဘောတစ်စင်း စေလွှတ်သည့် တောင်ကိုရီးယား အစိုးရကို ဂျပန်အစိုးရက ဇူလိုင် ၃ ရက်တွင် ကန့်ကွက်လိုက်ကြောင်း ဂျပန်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ယိုရှီဟီဒေဆူဂါက ပြောသည်။

တောင်ကိုရီးယား အစိုးရသည် နှစ်နိုင်ငံ အငြင်းပွားနေသည့် ကျွန်းစုအနီးရှိရေပြင်ကို သုတေသနလုပ်ရန် ၎င်းတို့၏ သင်္ဘောတစ်စင်းကို စေလွှတ်လိုက်ခြင်းဖြစ်ပြီး ဂျပန်အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ ယင်းသို့လုပ်ဆောင်ခြင်းသည် လက်မခံနိုင်စရာ လုပ်ရပ်အဖြစ် ကန့်ကွက်ကြောင်း ယိုရှီဟီဒေဆူဂါက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါ တောင်ကိုရီးယား သင်္ဘောကို တာကေရှီးမားကျွန်း အနီး၌ ဇူလိုင် ၁ ရက်နှင့် ၂ ရက်တွင်တွေ့ရှိခြင်းဖြစ်ပြီး ယင်းသင်္ဘော အနေဖြင့် ရေပိုင်နက်အတွင်းမှ ပြန်လည်ထွက်ခွာရန် ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့က သတိပေးသော်လည်း ပြန်လည်ထွက်ခွာရန် ငြင်းဆိုခဲ့သည်ဟု ဂျပန်အစိုးရက ထုတ်ပြန်ထားသည်။

ဂျပန်ပင်လယ် အတွင်းရှိ ဒေါ့ဒိုကျွန်းစုကို ဂျပန်က၎င်းတို့ပိုင်ဆိုင်သည်ဟု ကြေညာထားသော်လည်း ယင်းကျွန်းစုကို တောင်ကိုရီးယားနိုင်ငံက ဒုတိယ ကမ္ဘာစစ် ပြီးဆုံးချိန်မှစ၍ ထိန်းသိမ်း ထားခြင်းဖြစ်သည်။

အဆိုပါ ကျွန်းစုကို လီယန်ကော့ကျောက်တန်းဟုလည်း လူသိများသည်။
ယခုနှစ်ဇွန်လအတွင်း အငြင်းပွားလီယန်ကော့ ကျောက်တန်းအနီး၌ တောင်ကိုရီးယား၏ ပုံမှန်စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခြင်းအပေါ် ဂျပန်အစိုးရက ကန့်ကွက်ခဲ့ကြောင်း သိရသည်။

Ref: Sputnik@MWD

No comments:

Post a Comment