Latest News

Saturday, August 4, 2018

အမေရိကန်၏ ကုန်သွယ်ခွန်တိုးမြှင့်မှုကို လက်တုံ့ပြန်ပြီး JCPOA တည်မြဲရေး အဓိက နေရာမှ ရှိနေသည့် တရုတ်

အမေရိကန်၏ ကုန်သွယ်ခွန်တိုးမြှင့်မှုကို လက်တုံ့ပြန်ပြီး JCPOA တည်မြဲရေး အဓိက နေရာမှ ရှိနေသည့် တရုတ်

အမေရိကန် ပြည်ထောင်စု၏ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒမှ အစပြုလာသည့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ သွင်းကုန်အခွန်အပြန်အလှန် တိုးမြှင့်ကောက်ခံခြင်းသည် ယခုအခါ အခြေအနေ ပိုမိုဆိုးဝါး လာပြီဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည် မကြာသေးမီက ဒေါ်လာဘီလီယံ ၂၀ဝ တန်ဖိုးရှိ တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် အခွန် ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ အသီးသီးတိုးမြှင် ကောက်ခံသွားမည်ဟု ကြေညာခဲ့သည်။

ထိုကြေညာချက်ကို တရုတ်အစိုးရက တုံ့ပြန်သည့်အနေဖြင့် ဒေါ်လာဘီလီယံ ၆၀ တန်ဖိုးရှိသည့် သွင်းကုန်ပစ္စည်း အမျိုးပေါင်း ၅၂၀၇ မျိုးအပေါ် သွင်းကုန်အခွန်တိုးမြှင့် ကောက်ခံသွားရန် ဩဂုတ် ၃ ရက်တွင် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ ထိုသို့ဆုံးဖြတ်ထားသည့်အတိုင်း အခွန်တိုးမြှင့်ကောက်ခံမည့် အစီအစဉ်သည် အမေရိကန် ပြည်ထောင်စု၏ လုပ်ဆောင်မှု အပေါ်တွင်သာ မူတည်နေသည်ဟု တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူကပြောသည်။

အမေရိကန် အစိုးရသည် ဒေါ်လာဘီလီယံ ၂၀ဝ တန်ဖိုးရှိသည့် တရုတ်ကုန်ပစ္စည်းများ အပေါ် အခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံရန် စီစဉ်နေကြောင်း ဇူလိုင် ၁၁ ရက်တွင် ကြေညာခဲ့သည်။ သို့သော် ၂၅ ရာခိုင်နှုန်းအထိ အခွန်တိုးမြှင့်ကောက်ခံ သွားမည်ဖြစ်ကြောင်း အမေရိကန် ကုန်သွယ်ရေး ဌာနက ဩဂုတ် ၁ ရက်တွင်ပြောင်းလဲ ကြေညာလိုက်သည်။ ထို့ကြောင့် အမေရိကန် ပြည်ထောင်စုက မတ်လမှစ၍ သံမဏိနှင့် အလူမီနီယံ သွင်းကုန်များအပေါ် ထပ်ဆောင်းအခွန်များ တိုးမြှင့်လိုက်ရာမှစသည့် ကုန်သွယ်ရေး ပဋိပက္ခများသည် တစ်စထက်တစ်စ ပိုမိုတင်းမာလာသည်ကို တွေ့ရသည်။

အမေရိကန် ပြည်ထောင်စုနှင့် စီးပွားဖက် နိုင်ငံများအကြား ကုန်သွယ်ရေး ပဋိပက္ခ တင်းမာလာသည်နှင့်အမျှ တစ်ဖက်တွင်လည်း ပူးတွဲကုန်သွယ်ရေး ကဏ္ဍအသစ်များ ထွက်ပေါ်လာသည်။ အမေရိကန်နှင့် ကုန်သွယ်ရေး တင်းမာမှုများတွင် နေရာတစ်ခုမှ ပါဝင်နေသော ဥရောပသမဂ္ဂသည် နိုင်ငံပေါင်းစုံ ပါဝင်မှုဝါဒ တိုးမြှင့်ရေးနှင့် လွတ်လပ်စွာ ကုန်သွယ်ရေးကို ထောက်ပံ့ပေးရန် ဩဂုတ် ၃ ရက်တွင် တရုတ်အစိုးရနှင့် သဘောတူလိုက်သည်။

စင်ကာပူနိုင်ငံ၌ ကျင်းပသည့် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးများ၏ ဘေးပန်းတွေ့ဆုံမှုတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယီနှင့် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးကောင်စီ အကြီးအကဲ ဖက်ဒရီကာမိုဂီရီနီတို့ တွေ့ဆုံစဉ် ယခုကဲ့သို့ သဘောတူခြင်းဖြစ်သည်။

အာဆီယံအဖွဲ့နှင့် ရှစ်နှစ်ဆက်တိုက် အဓိက ကုန်သွယ်ဖက် နိုင်ငံဖြစ်သော တရုတ်နိုင်ငံတို့သည် ၂၀၂၀ ပြည့်နှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁ ထရီလီယံအထိ ရှိလာစေရန်နှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာဘီလီယံ ၁၅၀ အထိရှိလာစေရန် ရည်မှန်းထားသည်။

ထိုမျှမကသေးဘဲ တရုတ်နိုင်ငံသည် အီရန်နျူကလီးယား သဘောတူစာချုပ် တည်မြဲရေးတွင်လည်း အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေသည်ကို တွေ့ရသည်။

ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံနှင့် အီရန်တို့အကြား ၂၀၁၅ ခုနှစ်တွင်လက်မှတ် ရေးထိုးနိုင်ခဲ့သည့် နျူကလီးယား သဘောတူစာချုပ် (JCPOA)မှ အမေရိကန် အစိုးရက ယခုနှစ် အစောပိုင်းတွင် နုတ်ထွက်သွားမှုကြောင့် ထိုစာချုပ် တည်မြဲရေးအတွက် တရုတ်နိုင်ငံက အဓိကဖြစ်ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဂျာဗက်ဇာရစ်က ဩဂုတ် ၃ ရက်တွင်ပြောသည်။

JCPOA အရ နိုင်ငံတကာက အီရန်အပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများ ဖြေလျှော့ပေးပြီး အပြန်အလှန်အနေဖြင့် အီရန်က ၎င်းတို့၏ နျူကလီးယား အစီအစဉ်ကို အဆင့်လျှော့ချ လုပ်ဆောင်ခဲ့ရသည်။

သို့သော် ယခုနှစ်မေလတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က JCPOA မှ အမေရိကန် ပြည်ထောင်စု နုတ်ထွက်ကြောင်း ကြေညာပြီးနောက် အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည် ချမှတ်ရန်နှင့် အရေးယူပိတ်ဆို့မှု အသစ်များ ထပ်မံချမှတ်ရန် အမိန့်ပေးခဲ့သည်။

ထို့ပြင် ထရမ့်သည် အီရန်ကိုတစ်နိုင်ငံတည်း တည်ရှိနေစေလိုသည့် ရည်ရွယ်ချက်ဖြင့် ယင်းနိုင်ငံမှ ရေနံများကို မဝယ်ရန် ကျန်နိုင်ငံများကို တောင်းဆိုထားပြီး အကယ်၍ လိုက်နာမှု မရှိပါက အရေးယူ ပိတ်ဆို့မည်ဟု ခြိမ်းခြောက်ထားပြန်သည်။ အမေရိကန်၏ ခြိမ်းခြောက်မှုကို မလွန်ဆန်နိုင်သည့် တောင်ကိုရီးယားနှင့် ဂျပန်အပါအဝင် နိုင်ငံအချို့က အီရန်မှရေနံ တင်သွင်းနေမှုကို လျှော့ချလာပြီဖြစ်သည်။

သို့သော် အီရန်နိုင်ငံမှ ရေနံတင်သွင်းနေသည့် တရုတ်နိုင်ငံသည် အမေရိကန်၏ ခြိမ်းခြောက်မှုကို အလေးမထားဘဲ ရေနံများကို ဆက်လက် တင်သွင်းမည်ဟု အခိုင်အမာ ပြောထားသည်။

ကမ္ဘာပေါ်တွင် စွမ်းအင်လိုအပ်ချက် အမြင့်မားဆုံးနှင့် အီရန်မှရေနံ အများဆုံးကို ဝယ်ယူနေသည့် တရုတ်နိုင်ငံသည် အမေရိကန် ပြည်ထောင်စု၏ အဆိုပါ တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှုကိုလည်း ကန့်ကွက်ထားသည်။

အကယ်၍ တရုတ်နိုင်ငံကသာ အီရန်မှ ရေနံတင်သွင်းမှုကို ရပ်တန့်လိုက်ပါက အခြေအနေမှာ ပိုမိုတင်းမာလာမည်ဖြစ်ပြီး JCPOA ပျက်စီးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အမေရိကန်၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်ဘဲ အီရန်မှရေနံများကို ဆက်လက်တင်သွင်းနေသော တရုတ်နိုင်ငံက JCPOA တည်မြဲရေးအတွက် အဓိကနေရာမှ ပါဝင်နေခြင်းဖြစ်သည်။

ထက်မြတ်
Ref: Reuters, Sputnik
MWD

No comments:

Post a Comment