Latest News

Tuesday, August 21, 2018

Facebook ကို အကျိုးရှိအောင် ဘယ်လို အသုံးချကြမလဲ

Facebook ကို အကျိုးရှိအောင် ဘယ်လို အသုံးချကြမလဲ

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေမှာ နိုင်ငံရေးပြောင်းလဲတိုးတက်မှုနဲ့အတူ ဆက်သွယ်ရေးကဏ္ဍဟာလည်း တစ်ခေတ်ဆန်းလာခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒီဆက်သွယ်ရေးကဏ္ဍအနေနဲ့ တစ်ခေတ်ဆန်းပြီး အချိန်တိုတစ်ခဏအတွင်း ပြောင်းလဲတိုးတက် လာတာနဲ့အမျှ မြို့ကြီး၊ မြို့ငယ်၊ ကျေးရွာကအစ တောထဲပါမကျန် တောင်ပေါ်ဒေသတွေအားလုံးအထိ ဆက်သွယ်ရေးကွန်ရက်တွေ နေရာအနှံ့ လွှမ်းခြုံချိတ်ဆက်မိလာပြီး လူတိုင်းကိုယ်စီ လက်ကိုင်ဖုန်းလေးတွေ တွင်ကျယ်စွာ အသုံးပြုလာနိုင်ခဲ့ကြပါတယ်။ တောင်သူ လယ်သမားတွေကအစ လက်လုပ်လက်စား နေ့စားလုပ်သားလေးတွေအထိ လူတန်းစားမရွေးကိုင်တွယ်အသုံးပြုလာနေကြတာကိုလည်း အမှန်တွေ့ရှိနေရပါပြီ။ဒီဖုန်းလေးတွေနဲ့အတူ ယှဉ်တွဲပါလာတဲ့Facebook, Viber, Skype, Zapya ဆိုတဲ့ICT နည်းပညာဆိုင်ရာ Software  လေးတွေကိုယ်စီ    ထည့်သွင်းလာကြရင်း ဒါတွေကို   တွင်ကျယ်စွာအသုံးပြုလို့   နေ့စဉ်လိုလို သတင်းအချက်အလက်တွေ၊  ပုံတွေပေးပို့တာတွေ၊တစ်ဦးနဲ့တစ်ဦးဆက်သွယ်တဲ့ကိစ္စတွေ၊ သင်ကြားမှု၊
သင်ယူမှုအပိုင်းတွေနဲ့ အခြားသောဝန်ဆောင်မှုကိစ္စအားလုံး        ယခင်ထက်ပိုမိုမြန်ဆန်လာနေတာကိုအားလုံးသိကြရမှာပါ။

ဒီအခြေအနေဟာ ICT   နည်းပညာနဲ့ ပြောရရင် ကျွန်တော်တို့နိုင်ငံဟာ Computer ခေတ်ကို ဖြတ်ကျော်ပြီး Micro Computer  ခေတ်ကို အချိန်တိုအတွင်း တစ်ခဏချင်းရောက်ရှိသွားတယ်လို့လည်း ကမ္ဘာက သုံးသပ်ထားတဲ့အချက်ပါ။   ဒါကြောင့်သာ ယနေ့လက်ရှိအခြေအနေမှာတော့ ဒီလိုပြောင်းလဲတိုးတက် လာတဲ့ ICT နည်းပညာတွေကြောင့် ဖြစ်ရပ်ဖြစ်စဉ်
တစ်ခုကိုလည်း တစ်နေရာတည်းမှာတင် သတင်းအမှောင်ချဖုံးကွယ်ထားဖို့ မဖြစ်နိုင်တော့သလို အချိန်တိုအတွင်းမှာ နေရာအနှံ့နဲ့ လူတန်းစားအလွှာအသီးသီးထံကို ရောက်ရှိသွားနေပြီဆိုတာကိုလည်း လေ့လာမိ
ကြမှာပဲဖြစ်ပါတယ်။

Facebookု ဆိုတာ ဘာလဲ

ဒီဖုန်းလေးတွေနဲ့အတူ ယနေ့လက်ရှိ ကျွန်တော်တို့နိုင်ငံအတွင်းမှာ လူကြီးရော လူငယ်ပါမကျန် ရဟန်းသံဃာတွေအထိ အားလုံးနေ့စဉ်လိုလို ထိတွေ့သုံးစွဲနေတဲ့အရာကိုပြောပါဆိုရင်တောFacebook ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာကိုပဲ ပြောရမှာဖြစ်ပါတယ်။ ဒီFacebook ဆိုတဲ့အရာဟာ သတင်းတစ်ပုဒ်၊ ဒါမှမဟုတ် ကိုယ်ပြောချင်တဲ့ အကြောင်းအရာတစ်ခုကို တင်ကြတဲ့အခါ   တစ်ခဏချင်းမှာဆိုသလို  ကမ္ဘာ့နေရာအနှံ့အပြားထိအောင် အရောက်ပို့ဆောင်ပေးပို့ရောက်ရှိစေနိုင်တဲ့ အသုံးချ softwareလေးတစ်ခုပါ။ ဖုန်းလေးတစ်လုံးရှိရုံနဲ့    အခုဆိုရင်    ကျွန်တော်တို့
နိုင်ငံရဲ့   နေရာအတော်များများ   တောထဲပါမကျန် သတင်းတစ်ခုကို  ပုံနဲ့တကွ  ကမ္ဘာ့နေရာအနှံ့ကို ပေးပို့ ရောက်ရှိစေနိုင်ပါတယ်။ ကမ္ဘာရဲ့ အဝေးတစ်နေရာက နေ ကိုယ့်မိသားစုရှိတဲ့  ကျေးရွာလေးအထိကို   ကိုယ် ပြောချင် ပို့ချင်တာတွေ ပေးပို့လို့ရနေပါပြီ။ နောက် ဒီ Facebook ထဲကတစ်ဆင့်ပဲ ကိုယ်ပေးချင် ပြောချင်တဲ့ စီးပွားရေး၊ စိုက်ပျိုးရေးသတင်းတွေ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေး၊ ဘာသာရေးနဲ့ နိုင်ငံရေးအသိပညာတွေကို လည်း ကိုယ်ပေးချင်တဲ့သူတွေဆီ ပေးလို့ရနေပါတယ်။

အကျိုးရှိအောင် ဘယ်လိုသုံးမလဲ

အမှန်တော့ ဒီFacebook ဆိုတာ သုံးတတ်ရင် ကျွန်တော်တို့ လူ့ဝန်းကျင်အတွက် အလွန်အသုံးတည့် လှတဲ့ အရာလေးတစ်ခုပါ။ ကိုယ်သိချင်တဲ့ ဘာသာရေး၊စီးပွားရေး၊ လူမှုရေးအကြောင်းအရာတွေကို သိချင်
တယ်။ ပုံမှန်သင်ယူချင်နေတယ်ဆိုရင် ဒါနဲ့ဆိုင်တဲ့  Pageတွေကို လိုက်ရှာပြီး Like လုပ်ထားရုံပါပဲ။ ဥပမာ၊ ကျွန်တော်တို့ အင်္ဂလိပ်စာသင်ယူချင်တယ်ဆိုရင် သူနဲ့ ဆိုင်တဲ့ သင်ကြားရေးအကောင့်တွေများစွာ ရှိနေပါ
တယ်။ ဒါကို ကျွန်တော်တို့က  Like  လုပ်ထားရုံနဲ့   နေ့စဉ် သူသင်ကြားမယ့်အရာတွေကို ကျွန်တော်တို့ဆီ ရောက်ရောက်လာတတ်တာပါပဲ။ အခြားစီးပွားရေးကိစ္စ တွေမှာလည်း အလားတူပါပဲ။ ကိုယ်က ပစ္စည်းတစ်ခုကို ဝယ်ယူချင်တယ်ဆိုရင် ကိုယ်လိုချင်တဲ့ပစ္စည်းအမည်ကို ရိုက်ချလိုက်တာနဲ့  သူနဲ့ဆိုင်တဲ့ လေ့လာစရာအချက်အလက်တွေအားလုံး ကျလာတာပါပဲ။ နောက် သင်ယူရေးအပိုင်းမှာဆိုလည်း   ကျွန်တော်တို့သိချင်တဲ့ အကြောင်းအရာလေးတွေကို သူများတင်ထားတာ တွေ့ရင်လည်း ကိုယ်က ပြန်ပြီး  Share ထားလိုက်တယ်ဆိုရင် သူများလည်း ဖတ်လို့ရမယ်။ ကိုယ်ကလည်း ကိုယ့်ဘောက်ထဲမှာ Saveထားရာ ရောက်ပြီး ကိုယ်ပိုင်
စာကြည့်တိုက် (Own Library) အဖြစ်တည်ဆောက် ထားလို့ရပါတယ်။

အပေါ်မှာ ကျွန်တော်ဆွေးနွေးခဲ့တာက ဒီFacebookဆိုတဲ့ လူမှုဆက်သွယ်ရေး ကွန်ရက်စာမျက်နှာတွေ အပေါ်ကနေပြီး ကျွန်တော်တို့ အကျိုးအတွက် ရယူအသုံးပြုနိုင်တဲ့ကိစ္စတွေပါ။ နောက်တစ်မျိုးကတော့ ကျွန်တော်တို့က ပြန်ပြီးအသုံးချလို့ အများပြည်သူအကျိုးအတွက် ဆောင်ရွက်လို့ရတဲ့ နည်းလေးတွေလည်း အမြောက်အမြားရှိနေပါသေးတယ်။ ဒါတွေကတော့ ဥပမာ၊ မိုးလေဝသ အရေးကြီးသတင်းမျိုးတွေ၊ ဒုက္ခရောက်နေသူတွေက အရေးပေါ်အကူအညီလိုအပ်နေတာမျိုးတွေနဲ့ ပြည်သူတွေ အချိန်နဲ့တစ်ပြေးညီ သိရှိဖို့ လိုအပ်တယ်ဆိုတဲ့ သတင်းမျိုးတွေကိုတော့ ကျွန်တော်တို့က အချိန်မဆိုင်းဘဲ ပြန်လည်မျှဝေပေးဖို့၊ ကျွန်တော်တို့ကစပြီး တင်ပြပေးတတ်ကြဖို့လိုလာပါတယ်။

Facebook ပေါ်ကသတင်းတွေကို ဘယ်လိုစိစစ်မလဲ   

နောက်သတင်းတွေနဲ့ ဆက်စပ်တဲ့အပိုင်းကိုဆက်ပြီးဆွေးနွေးပြောပြရရင်လည်း ယနေ့ကမ္ဘာနဲ့ ကျွန်တော်တို့နိုင်ငံအတွင်းမှာ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေတဲ့အရာ တွေကို သိရှိလိုတယ်ဆိုရင် သတင်းမှန်တွေ ဖော်ပြနေတဲ့
သတင်းဌာနတွေကို Like  နှိပ်ထားရုံပါပဲ။ ဒါဆိုရင် သူ့ အလိုလို ကိုယ့်ထံကို သတင်းတွေ ရောက်ရောက်လာ တတ်ပါတယ်။ နောက် ဘာသာရေးနဲ့ဆိုင်တဲ့ ပညာပေး Page  တွေလည်း ဒီလိုပါပဲ။ ဒီလိုသတင်းဌာနတွေက ရောက်လာတဲ့ သတင်းတွေရှိသလို အခြား Public ဖွင့်ပြီးတင်ကြတဲ့ အင်တာနက်သတင်းတွေလည်း ပေါင်းစုံရှိတတ်ပါတယ်။ ဒါကြောင့်မို့ ထူးခြားတဲ့သတင်းတစ်ခု နဲ့ပတ်သက်လို့ လေ့လာကြည့်ကြရင် အချို့က နည်းနည်းဖြစ်တာကို ချဲ့ကားပြီးတော့ ရေးတင်ကြသလို အချို့ကျတော့လည်း တကယ်ဖြစ်နေတာကို ရေးတင်ကြတာ ရှိပါတယ်။

အချို့ကျတော့လည်း သတင်းလက်ဦးရင်ပြီးရော၊ကိုယ်အရင်တင်ရရင်ပြီးရောဆိုတဲ့ ပုံစံနဲ့ သတင်းမှန်လား၊ မမှန်လား။ ဒီသတင်းတင်လိုက်လို့ ဘယ်သူတွေကို ထိခိုက်နိုင်သလဲ။ ဘာသာရေးအရ စောင့်စည်းလိုက်နာအပ်တဲ့ ကျင့်ဝတ်လေးတွေကိုရော ထိခိုက်စေသလား မစဉ်းစားတော့ဘဲ၊ မစိစစ်မပိုင်းခြားတော့ဘဲ တင်ကြတဲ့ သတင်းတွေလည်း တွေ့ရတတ်ပါတယ်။ နောက်ပုံစံတစ်မျိုးက မမှန်သတင်းတွေကို  အမှန်လို လုပ်ပြီး ဝါဒဖြန့်ချိရေးလိုလို ဖြန့်ဝေကြတဲ့သတင်းတွေ ပါ။ အချို့ဆိုရင် ယခင်တုန်းက ပုံဟောင်းတွေကို ပြန်ယူပြီး ဖိုတိုရှော့နဲ့ပြန်လည်ပြုပြင်ကာ ယခုဖြစ်နေသယောင် ပုံနဲ့တွဲတင်တဲ့သတင်းတွေလည်း ရှိကြပါတယ်။ နောက်တစ်မျိုးကတော့ နှတ်ကြောင်းပေးပြီး သူတို့ဖြစ်စေချင်တဲ့ သတင်းမျိုးတွေရအောင် ဆွဲယူရေးသားတင်ကြတဲ့ သတင်းတွေပါ။ ဒါတွေ အမျိုးမျိုးရှိနေတတ်ပါတယ်။

ဒီသတင်းတွေနဲ့ပတ်သက်လို့လည်း သတင်းရေးနည်းအတတ်ပညာဆိုတာ သတင်းစာပညာရပ်မှာ တစ်ခုရှိနေ သလို ဝါဒဖြန့်ချိရေး ( Propagenda) နည်းပညာတွေအရ လုပ်ကြတာတွေလည်းပါပါတယ်။ နိုင်ငံရေးနည်းအရ ပြုမူဆောင်ရွက်ကြတဲ့ သဘောတရားတွေပါ။ ဒါတွေ
ကို အချို့အချို့သော ကျွန်တော်တို့ လူငယ်အတော်များများက မသိကြတော့ သတင်းဦးလေးပဲဆိုပြီး စေတနာ လေးနဲ့ အများသိအောင် ပြန်ပြီးတော့Share ကြတဲ့အခါ သတင်းမှားတွေ၊ ဝါဒဖြန့်ချိတဲ့သတင်းတွေဟာ မလိုအပ်ဘဲ ထပ်မံ ပျံ့နှံ့သွားစေတတ်တဲ့သဘာဝတွေ ရှိနေတတ်
တာကိုလည်း သတိချပ်ကြရမှာ ဖြစ်ပါတယ်။

Facebookပေါ်မှာ သူငယ်ချင်းတွေကို ဘယ်လိုလက်ခံမလဲ

သတင်းတွေကို မှန်မှန်စိစစ်ဖို့ဆိုရင် ကိုယ့်wall အပေါ်မှာ လက်ခံပြီးသတင်းဖလှယ်ကြမယ့်friends တွေရဲ့အခန်းကဏ္ဍကလည်း   အရေးကြီးလာပါတယ်။ ဒါ ကြောင့် ဒီfriends တွေကို လက်ခံတဲ့အခါမှာလည်း ကိုယ်နဲ့လူချင်းသိတဲ့ လူရင်းတွေ၊ နောက် ဌာနဆိုင်ရာတွေက ယုံကြည်စိတ်ချရတဲ့ အကြီးအကဲတွေနဲ့ စိတ်ချရတဲ့သူတွေကိုသာ သူငယ်ချင်းအဖြစ် လက်ခံတာတွေ၊ ကိုယ်က   အပ်နှံတာတွေ   ရွေးချယ်ပြုလုပ်တတ်ကြဖို့
လိုလာပါတယ်။

Facebook သုံးရင် ဘယ်အချက်တွေကိုလိုက်နာသင့်သလဲ၊ ဘာတွေ ရှောင်ကြဉ် သင့်သလဲ

နောက်ပြောပြချင်တာလေးတစ်ခုက ဒီFacebook ဆိုတာ လူတန်းစားမရွေး၊ အသက်အရွယ်မရွေး အသုံးပြုလာနေကြပြီဖြစ်တဲ့အတွက် ရဟန်းသံဃာ လက်ထဲမှာလည်း ရှိပါတယ်။ ကိုယ့်ထက် အသက်ကြီး၊ ဝါကြီးတဲ့သူ တွေ၊ အဖေ၊ အမေအရွယ်တွေ၊ ဦးလေးတွေ၊ ဆရာသမား တွေ၊ အကြီးအကဲတွေ လက်ထဲမှာ ရှိနေတာဖြစ်တဲ့ အတွက် ကျွန်တော်တို့အားလုံးဟာ မယဉ်ကျေးတဲ့ အသုံးအနှုန်းတွေ၊ အများအကျိုးရှိမယ့် အကြောင်းအရာတွေရဟန်းရှင်လူအများ စက္ခုပသာဒဖြစ်စေမယ့် ပုံရိပ်တွေ၊ ကိုယ့်လူမျိုးအချင်းချင်း စည်းလုံးညီညွတ်စေမယ့် အရေးအသားအပြောအဆိုတွေနဲ့ တင်ပြသင့်ကြပြီး ဒီITနည်းပညာကို အသုံးပြုလို့Facebook ကို မှန်ကန်တဲ့ ဘက်မှာ အသုံးချသွားကြရမှာဖြစ်ပါတယ်။

မိမိတင်လိုက်တဲ့ အကြောင်းအရာတစ်ခုကြောင့်တိုင်းရင်းသားအချင်းချင်း   စိတ်ဝမ်းကွဲသွားစေမှာ၊ဘာသာရေးအဓိကရုဏ်းတွေ ဖြစ်သွားစေမှာ၊ နိုင်ငံရေးမတည်မငြိမ်ဖြစ်သွားစေမှာနဲ့ တစ်စုံတစ်ဦးရဲ့သိက္ခာထိခိုက်သွားစေမှာတွေအပြင် ကိုယ့်သူငယ်ချင်း အချင်းချင်းတွေ မိတ်ပျက်သွားစေနိုင်တာတွေကိုလည်း အထူးရှောင်ရှားသတိထားကြရမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ မိန်းမပျိုလေးတွေဆိုရင် မိမိပုံတွေကို လည်း အရမ်းကာရော မတင်သင့်သလို မိသားစုရှိတဲ့သူတွေအနေနဲ့လည်း မိမိတို့ကလေးတွေပါတဲ့ မိသားစုပုံတွေကို အများကြီးမတင်သင့်ပါဘူး။

ဘယ်လိုဆိုးကျိုးတွေ ရှိသလဲ

ဒီနေရာမှာပြောဖို့ ကျန်နေတဲ့အချက်က Facebookကို အသုံးချတတ်ရင် ဘယ်လိုကောင်းကျိုးတွေရမယ်။ဘယ်လိုသုံးသင့်တယ်ဆိုတာတွေတော့ ပါခဲ့ပြီးပါပြီ။ ဒါပေမယ့်လည်း သူ့ကိုမသုံးတတ်ရင်တော့ ကောင်းကျိုး တွေအပြင် ဆိုးကျိုးတွေလည်း များစွာရှိနေတတ်ပါသေး တယ်။ ဒါတွေကတော့ အထက်ကကျွန်တော်ပြောသလိုfriends တွေကို စနစ်တကျ ရွေးချယ်ပြီး မထားခဲ့ရင် ကိုယ့်ရဲ့ပုံတွေ၊ သတင်းတွေကို မသမာတဲ့နည်းနဲ့ယူပြီး ပြန်လည်အသုံးချတာတွေလည်း ရှိနေတာကို သတိထား ကြရပါမယ်။ နောက်တစ်ခုက ကိုယ့်ရဲ့ Profile နဲ့ Account အမည်ကိုယူပြီး မသမာသူက အကောင့်အသစ်တစ်ခု အမည်တူ ပုံစံတူဖွင့်ပြီး မသမာတဲ့နည်းလမ်းနဲ့ တင်ကြတဲ့နည်းလမ်းပါ။  ဒါကလည်း  အခုလိုတိုးတက်တဲ့ နည်းပညာကြောင့်  မခက်ခဲလှပါဘူး။  ဖုန်းဆင်းကတ် ဖိုး ၁၅ဝဝ ရယ်၊ အကောင့်ဖွင့်ခ ၁ဝဝဝ လောက်ပေးလိုက်ရင်ပဲ ရနေပါပြီ။  နောက်တစ်ချက်ကတော့
ကိုယ့်ပုံတွေယူပြီး   မိန်းကလေးတွေကို   ခြိမ်းခြောက်ငွေညှစ်တဲ့ နည်းတွေနဲ့ ကိုယ်မတင်တဲ့ အကြောင်းအရာတွေကို  ကိုယ်တင်တဲ့သဘောမျိုး  အစောပိုင်းကလိုအကောင့်တူဖွင့်ပြီး    ထိုးနှက်တဲ့နည်းလမ်းတွေပါ။
ဒါတွေကိုလည်း    သိရှိထားပြီး    သတိထားကြရမှာဖြစ်ပါတယ်။

အချုပ်အားဖြင့် ဆိုလိုရင်းကတော့ ဒီကနေ့ဖြစ်ပေါ်နေတဲ့ ခေတ်ရေစီးကြောင်းနဲ့အတူ ဖြစ်ထွန်းပေါ်ပေါက် လာတဲ့ICT နည်းပညာရပ်တွေကို ကျွန်တော်တို့ လူငယ်တွေ၊ လူကြီးတွေအားလုံးက အကျိုးရှိရှိနဲ့ သုံးစွဲ
သွားနိုင်ကြဖို့ ရည်ရွယ်ရင်းသာဖြစ်ပါတယ်။ ဒါကြောင့် သာ ကျွန်တော်အထက်က တင်ပြခဲ့တဲ့ ယနေ့အချိန် မှာ တွင်တွင်ကျယ်ကျယ်နဲ့ အသုံးအများဆုံးဖြစ်တဲ့Facebook  ဆိုတဲ့ လူမှုကွန်ရက်ကြီးကို ကိုင်တွယ်သုံးစွဲ
တော့မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဘယ်လိုအကျိုးရှိအောင်သုံးမလဲ၊ မိမိဘဝ တိုးတက်လမ်းအတွက် သူ့ကို ဘယ်လိုအသုံးချမလဲ၊ သူ့ကို သုံးမယ်ဆိုရင် ဘယ်လိုအချက်တွေကို ရှောင်ကြဉ်ကြသင့်သလဲ၊ ဘယ်လိုဆိုးကျိုးတွေတော့ရှိနေတယ်စသည်စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိကြပြီး    မိမိကိုယ်ကိုယ်ကောင်းအောင် ကြိုးစားကျင့်ကြံနေထိုင်းခြင်းဖြင့်  နောက်တစ်ဆင့် တက်လှမ်းကာ တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုး ရွက်သယ်ပိုးတဲ့ တိုင်းပြည်ရဲ့သားကောင်းများ ဖြစ်ကြပါစေကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။       

သန်းဖြိုးနိုင်    ကညင်ကျိုး

No comments:

Post a Comment