Latest News

Tuesday, August 21, 2018

နောင်ချိုနှင့် ဂုတ်ထိပ်တံတား

နောင်ချိုနှင့် ဂုတ်ထိပ်တံတား

မန္တလေးမြို့နှင့် လားရှိုးမြို့တို့ကို ဆက်သွယ်ထားသည့် မီးရထားလမ်းနှင့် မော်တော်ကားလမ်းပေါ်ရှိ နောင်ချိုမြို့သည် ရပ်ကွက်ခြောက်ခု၊ ကျေးရွာအုပ်စု ၃၅ အုပ်စု၊ ကျေးရွာ ၂၅၃ ရွာဖြင့် ဖွဲ့စည်းထားကာ ၂ဝ၁၇ ခုနှစ်
မတ်လစာရင်းများအရ လူဦးရေ ၁၂၇ဝဝ၇ ဦးသာ နေ ထိုင်သည့် မြို့ငယ်လေးတစ်ခုသာဖြစ်သော်လည်း ကမ္ဘာကျော် ဂုတ်ထိပ်တံတားကြီးကြောင့် အလွန်ထင်ရှား လျက်ရှိသည်။

နောင်ချို

ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ   နောင်ချိုမြို့သည် ကျောက်မဲခရိုင်တွင်ပါဝင်ကာ အရှေ့ဘက်နှင့် မြောက်ဘက်တွင် ကျောက်မဲမြို့နယ်၊ အနောက်ဘက်တွင် ပြင်ဦးလွင်မြို့နယ်နှင့် တောင်ဘက်တွင် ရပ်စောက်မြို့နယ်
တို့တည်ရှိသည်။ ပင်လယ်  ရေမျက်နှာပြင်အထက် ပေ ၂၇၅ဝ မြင့်သည့် နောင်ချိုမြို့နယ်သည် တောင်ပေါ်ကုန်းမြင့်ပိုင်းနှင့် မြောက်ဘက်ချိုင့်ဝှမ်းမြေနိမ့်ပိုင်းဟူ၍ မြေမျက်နှာသွင်ပြင် နှစ်မျိုးရှိသည်။

ရှမ်းဘာသာစကား နောင်သည် အင်းဖြစ်၍ ချိုသည် အစိမ်းရောင်ဟု အဓိပ္ပာယ်ရှိသဖြင့် နောင်ချိုသည် တစ်ချိန်က  အင်းစိမ်းစခန်းအဖြစ် ဟော်တော် ကျောင်းတိုက် အနောက်ဘက်တွင် တည်ရှိခဲ့သည်။ သီပေါစော်ဘွား ဆာစောချယ်၏ တာဝန်ပေးချက်အရ ဦးခွန်မုံသည် အင်းစိမ်းအနီးရှိ သုံးဆယ်နယ်ကို အုပ်ချုပ်ခဲ့သည်။ ဂုတ်ထိပ်တံတားတည်ဆောက်ချိန်တွင် သုံးဆယ် ကို အင်းစိမ်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် အင်းစိမ်းသည် နောင်ချိုမြို့ဟု ဖြစ်လာခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာနက ၁၉၇၂ ခုနှစ်  ဇွန်လ ၂၁ ရက်တွင် ဖွဲ့စည်းခဲ့သည့် နောင်ချိုမြို့နယ် အကျယ်အဝန်း သည် ၁၂၆၅ ဒသမ ၆၁ စတုရန်းမိုင်ဖြစ်သည်။ နောင်ချိုမြို့မှ မီးရထားလမ်းအတိုင်း ခုနစ်မိုင်ကွာဝေးသည့်
မိုင်တိုင်အမှတ်  (၄၆၃/ဝ၉) တွင် ရင်သပ်ရှုမောဖွယ် ကောင်းလှသည့် သမိုင်းဝင် ဂုတ်ထိပ် မီးရထားလမ်း တံတားကြီးရှိသည်။ ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်စားစွာ သွားရောက်ကြည့်ရှုကြရသည့် ယင်း
တံတားကြီးသည် သက်တမ်း နှစ် ၁၂ဝ ပြည့်လုနီးပြီဖြစ် ပေသည်။

ဂုတ်ထိပ်၏ နောက်ခံ

မန္တလေးမြို့မှ အရှေ့မြောက်ဘက်သို့ မိုင် ၆ဝ ကွာဝေးသည့် သီပေါမြို့နယ်အတွင်းရှိ ဟိုကွတ်ကျေးရွာသည် ၁၈၉၈ ခုနှစ်တွင် ရွာ ၄၈ ရွာကို အုပ်ချုပ်ရသော တိုက်နယ်ဌာနဖြစ်ခဲ့သည်။ ဟိုကွတ်ဟူသော အမည်ကို ထိုနေရာတွင် မြစ်ချောင်းများ ငုပ်လျှိုးကွယ်ပျောက်သွားသည်ကို အစွဲပြု၍ ခေါ်ခြင်းဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်း အတွဲ (၃) တွင် ဖော်ပြထားသည်။ ထိုရွာအနီးတွင် နမ်းပဆေးမြစ်သည် ဂုတ်ထိပ်တံတားအောက်နေရာရှိ ကျောက်လိုဏ်ဂူသုံးခုကို ဖြတ်သန်းပြီး အဝေးရောက်မှ ပြန်လည် ပေါ်ထွက်လာသဖြင့် ထိုရွာကို နမ်းပဆေးမြစ် ငုပ်သွားသည့် ထိပ်နေရာဟု ရည်ညွှန်းကာ ငုပ်ထိပ်ကျေးရွာဟု ခေါ်ခဲ့ကြသည်။ အချိန်ကာလ ရွေ့လျောလာချိန်တွင် ငုပ်ထိပ်မှ ဂုတ်ထိပ် ဖြစ်လာခဲ့သည်။ ဗြိတိသျှတို့သည် မန္တလေးမှ ကွမ်းလုံသို့ မီးရထားလမ်း ဖောက်လုပ်ခဲ့သဖြင့် ဂုတ်ထိပ်ကျေးရွာတွင် ကမ္ဘာကျော် မီးရထား လမ်း တံတားကြီး ပေါ်ပေါက်ခဲ့သည်။

ခရစ်နှစ် ၁၈၇၆ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး မီးရထားလမ်းဖြစ်သည့် ရန်ကုန်-ပြည် မီးရထားလမ်းကို ဖောက်လုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်း ဆက်လက်ပေါ်ထွန်းလာခဲ့သည့် မီးရထားလမ်းများအနက် ဗြိတိသျှတို့ ဖောက်လုပ်ခဲ့သည့် ဂုတ်ထိပ်မီးရထားလမ်းနှင့် ဂျပန်တို့ ဖောက်လုပ်ခဲ့သည့် သေမင်းတမန်ရထားလမ်းတို့ သည် ကမ္ဘာကျော် မီးရထားလမ်းများအဖြစ် ထင်ရှား ခဲ့ကြသည်။

ဂုတ်ထိပ်တံတားဟု ထင်ရှားသည့် တောင်ကြားဖြတ် ရထားလမ်း (Goteik viaduct) သည် ကမ္ဘာပေါ်တွင် တောင်ကြားကိုဖြတ်၍ တည်ဆောက်ထားသည့် မီးရထားလမ်းများအနက် အမြင့်ဆုံးနှင့် ဒုတိယအရှည်ဆုံးဖြစ်ကာ တောင်ကြား နှစ်ခုအကြား၊ ပေ ၃ဝဝ ကျော်အမြင့်တွင်ရှိသည်။ သေမင်းတမန်ရထားလမ်းသည် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် တည်ရှိ၍ ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်စစ်သုံ့ပန်းများနှင့် မြန်မာ
ပြည်သူများ၏ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသဖြင့် စစ်၏အနိဋ္ဌာရုံ ရထားလမ်းတစ်ခုအဖြစ် ထင်ရှားခဲ့ သည်။

ဗြိတိသျှအစိုးရသည် ၁၈၉၇ ခုနှစ်တွင် မန္တလေးမှ ဗန်းမော်သို့ မီးရထားလမ်းဖောက်ခဲ့ပြီး မန္တလေးနှင့် ကွမ်းလုံကို ရထားလမ်းဖောက်လုပ်ခဲ့ရာတွင် မီးရထားလမ်းကြောင်းပေါ်ရှိ ဂုတ်ထိပ်တံတားကို ဆောက်လုပ်ခဲ့သည်။ ကမ္ဘာပေါ်တွင် အမြင့်ဆုံးရထားလမ်း ဖြစ်လာမည့် ဂုတ်ထိပ်မီးရထားလမ်း တံတားကို တာဝန်ယူ တည်ဆောက်ရန် ဗြိတိသျှအစိုးရက ဗမာ့မီးရထား လမ်းကုမ္ပဏီ (Burma Railroad Company) ကို တာဝန်ပေး ခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံ မီးရထား ပို့ဆောင်ရေးလုပ်ငန်းများကို တာဝန်ယူသည့် ဗမာ့မီးရထားလမ်း ကုမ္ပဏီတွင် ဗြိတိသျှနှင့် မြန်မာအင်ဂျင်နီယာများ တာဝန်ထမ်းဆောင်ခဲ့ကြသည်။

ဗမာ့မီးရထားလမ်းကုမ္ပဏီသည် ဂုတ်ထိပ်တံတား တည်ဆောက်ရန် ပင်ဆီလ်ဗေးနီးယားနှင့် မေရီလန်း စတီးကုမ္ပဏီတို့ကို ငှားရမ်းခဲ့သည်။ သို့သော် ဗမာ့မီးရထားဌာနမှ အင်ဂျင်နီယာ Sir Arthur Rendel နှင့် ဗြိတိသျှ၊ မြန်မာအင်ဂျင်နီယာများက တံတားကို ဦးစီးတည်ဆောက်ခဲ့ကာ တံတားတည်ဆောက်ရာတွင်အသုံးပြုသောပစ္စည်းများကို အမေရိကန်နိုင်ငံမှ မှာယူတင်သွင်းခဲ့သည်။

ဂုတ်ထိပ်တံတား၏ ဒီဇိုင်းကို ဗြိတိန်နိုင်ငံမှ ဆာအေအမ်ရင်းဒဲလ်အင်ကုမ္ပဏီက ရေးဆွဲခဲ့သည်။ တံတားကြီးကို ထောက်ပင့်ထားသော သံတိုင်များအနက် အမြင့် ဆုံးတိုင်သည် ပေ ၃၂ဝ မြင့်၍ အနိမ့်ဆုံးသံတိုင်မှာ ၄၅ ပေမြင့်သည်။ ဂုတ်ထိပ်တံတားကို ပေ ၃ဝဝ ကျော် မတ်စောက်သည့် လျှိုကြီးနှစ်ခုကို ဖြတ်ကျော်၍ ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရသည်။

ဂုတ်ထိပ်တံတားသည် ပေ ၂၂၆ဝ ရှည်လျားပြီး တံတား၏ သံတိုင်အချို့ကို အနိမ့်ဆုံး ချိုင့်ဝှမ်းမြေပြင်မှ ပေ ၁၁ဝဝ အမြင့်တွင် စိုက်ထူခဲ့သည်။ တံတား၏ ပျမ်းမျှ အမြင့်သည် တံတားအောက်ရှိ လိုဏ်ဂူအောက်တွင် ဖြတ်သန်းစီးဆင်းနေသော မြစ်ရေပြင်မှ အထက် ပေ ၈၂ဝ ဖြစ်ပြီး အမြင့်ဆုံး ဒေါက်တိုင်နေရာရှိ မီးရထားသံလမ်းသည် အောက်မြေပြင်မှ ၃၃၅  ပေ မြင့်သည်။ တံတားတစ်ခုလုံးအတွက် သံနှင့် သံမဏိ ၄၃၁၁ တန်၊ သံမှိုပေါင်း တစ်သန်း အသုံးပြုခဲ့သည်။ တံတားတိုင်ပေါင်း ၁၆ တိုင်အနက် အလယ်တိုင်များဖြစ်ကြသည့် တိုင်အမှတ် (၈) နှင့် (၉) သည် အမြင့်ဆုံးဖြစ်သည်။

ဗြိတိသျှတို့သည် မန္တလေး-ကွမ်းလုံမီးရထားလမ်းကို ကမ္ဘာ့ခဲသိုက်ကြီးဟု ခေါ်ဆိုနိုင်သော နမ္မတူ၊ ဘော်တွင်းမှ သတ္တုများကို သယ်ယူနိုင်ရန် ဖောက်လုပ်ခဲ့သည်။ရထားလမ်းဖြတ်သန်းသွားမည့်  ဂုတ်ထိပ်တံတားကို ဂုတ်ထိပ်ကျေးရွာရှိ ကျောက်ဂူကြီးနှစ်ခုပေါ်မှ ဖြတ်သန်းလျက် တောင်ထိပ်နှစ်ခုကို သွယ်တန်းဖောက်လုပ်ခဲ့သည်။ တံတားကြီးဆောက်လုပ်မှု လုပ်ငန်းများကို ၁၈၉၉ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉ဝဝ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်နေ့တွင်ပြီးစီးခဲ့ကာ ထိုခေတ်က ကျပ်ငွေ ၁၆၉၈၂ဝဝ ကုန်ကျခဲ့ပြီး ၁၉ဝ၃ ခုနှစ်တွင် တံတားကြီးကို စတင် အသုံးပြုခဲ့သည်။

ဂုတ်ထိပ်တံတားသည် မြန်မာနိုင်ငံ၏ စီးပွားရေးကို များစွာအထောက်အပံ့ပြုသော   တံတားဖြစ်သဖြင့် ဒုတိယကမ္ဘာစစ်ကာလတွင် မဟာမိတ်တို့၏ ဖျက်ဆီးခြင်းကိုခံရကာ တိုင်အမှတ် (၂) နှင့် အမှတ် (၅) တို့ ပျက်စီးခဲ့သည်။ မြန်မာနိုင်ငံမှ ဂျပန်တို့ ပြန်လည် ဆုတ်ခွာရာတွင်လည်း ဂုတ်ထိပ်တံတား၏ အမြင့်ဆုံးတိုင် များဖြစ်သည့် တံတားအလယ်တိုင် လေးတိုင်ကို ဗုံးခွဲ ဖျက်ဆီးခဲ့သဖြင့် တိုင်အမှတ် (၁၁)သည် အောက်ခြေပြတ်ခဲ့ပြီး တိုင်အမှတ် (၁ဝ) နှင့် (၁၂) တို့မှာ လဲကျပျက်စီး ခဲ့သည်။ ထိုတိုင်များပေါ်တွင် တပ်ဆင်ထားသော ပေ ၁၂ဝ စီရှည်သည့် ပေါင်းကူးသံပေါင်လေးခုသည် အောက်သို့ ပြုတ်ကျခဲ့ကြသည်။

မြန်မာနိုင်ငံ  လွတ်လပ်ရေးရပြီးသည့်နောက်တွင် ပျက်စီးနေသော ဂုတ်ထိပ်တံတားကြီးကို ပြန်လည် ပြင်ဆင်နိုင်ရန် ပြည်ပကုမ္ပဏီများကို   တင်ဒါခေါ်ယူခဲ့သော်လည်း ပြည်ပကုမ္ပဏီများက တင်သွင်းသည့် ဈေးနှုန်းထားများသည် အလွန်ကြီးမြင့်ခဲ့သဖြင့်  မြန်မာနိုင်ငံ မီးရထားဌာနကပင် တာဝန်ယူကာ ဂုတ်ထိပ်တံတား ကြီးကို ၁၉၄၈ ခုနှစ် မေလတွင် စတင်ပြင်ဆင်ခဲ့သည်။ သို့သော် ပစ္စည်းများရှားပါးမှုနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတို့ကြောင့် သုံးနှစ်ကျော်ကြာမြင့်ခဲ့ကာ ၁၉၅၁ ခုနှစ် သြဂုတ်လတွင် ပြီးစီးခဲ့သည်။ ဂုတ်ထိပ်တံတားကြီး ပြင်ဆင်မှု ကုန်ကျစရိတ်ငွေမှာ ကျပ် ၃၂ သိန်းဖြစ်သည်။

ဂုတ်ထိပ် တောင်ကြားဖြတ်ရထားလမ်း (Goteik viaduct) ဟု ပြည်ပနိုင်ငံများက သိရှိထားကြသည့် တံတားကြီးသည် တည်ဆောက်သည့် နည်းပညာ အဆင့်မြင့်မှုနှင့် သဘာဝပတ်ဝန်းကျင်လှပမှုတို့ကြောင့် ခေတ်အဆက်ဆက် ထင်ရှားကျော်ကြားခဲ့ကာ ယနေ့ထိတိုင် မြန်မာပြည်၏ အမြင့်ဆုံးတံတားနှင့် ကမ္ဘာ့အကြီးဆုံး မီးရထားသံလမ်းတံတား (မြင်းခုံတံတား) ဟု မှတ်တမ်းဝင်နေဆဲဖြစ်သည်။ မြန်မာတို့က trestle ဆိုသည့် ကားလုံးကို မြင်းခုံဟု ဝေါဟာရဖလှယ်ကာ ဂုတ်ထိပ်တံတားကို မြင်းခုံတံတားဟုလည်း ခေါ်ဆို ခဲ့ကြသည်။

ဂုတ်ထိပ်တံတားကို မတည်ဆောက်မီနှင့် တည်ဆောက်အပြီးတွင် အခြားနိုင်ငံများတွင်လည်း တံတားများ တည်ဆောက်ခဲ့ကြသည်။ သမားရိုးကျတိုင်များနှင့် စတီးလ်၊ သံမဏိ၊ သံချောင်းများဖြင့် ဒေါက်ခံတည်ဆောက်ခဲ့သော တံတားများတွင် မြန်မာနိုင်ငံမှ ဂုတ်ထိပ်တံတားသည်အမြင့်ဆုံးဖြစ်သည်။ ကနေဒါနိုင်ငံ အယ်ဘာတာမှ လက်သ် (Leth) တံတားသည် ဂုတ်ထိပ် တံတားထက်အလျားနှစ်ဆ ပိုရှည်သဖြင့် တောင်ကြားတွင် ဖောက်လုပ်သည့် အရှည်ဆုံး မီးရထားလမ်းဖြစ်ခဲ့ပြီး  ဂုတ်ထိပ်တံတားက ကမ္ဘာပေါ်တွင် အမြင့်ဆုံးနှင့် ဒုတိယ အရှည်ဆုံး တောင်ကြားဖြတ် မီးရထားလမ်း တံတား အဖြစ် ထင်ရှားခဲ့သည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ ဂျိုစိုတံတား၊ နယူးယောက်ရှိ  ပိုကိပ်စီတံတား၊ ပင်ဆီလ်ဗေးနီးယားရှိ  ကင်ဇူဝါ တံတားတို့ကိုလည်း စတီးဒေါက်တိုင်များဖြင့် တည်ဆောက်ခဲ့ပြီး ယင်းတို့သည် ဂုတ်ထိပ်တံတားနှင့် အရွယ်အစား တူညီကြသော်လည်း ဂုတ်ထိပ်တံတားကဲ့သို့ ထင်ရှားခြင်းမရှိကြပါချေ။

ဂုတ်ထိပ်တံတားသည် ယခုအခါ သက်တမ်း နှစ် ၁ဝဝ ကျော်ခဲ့ပြီဖြစ်ရာ တံတားကြီး၏ ကြံ့ခိုင်မှုသည် မူလ ဆောက်လုပ်ရေးကုမ္ပဏီ၏ အာမခံသက်တမ်း ကုန်ဆုံးနေပြီဖြစ်သည်။ ထို့ကြောင့် ကြံ့ခိုင်မှု အားနည်းနေပြီဖြစ်
သည့် ဂုတ်ထိပ်တံတားပေါ်မှ ဖြတ်သန်းသည့် မီးရထားများသည် အရှိန်နှုန်းလျှော့၍ ခုတ်မောင်းကြရသည်။ ၂ဝဝ၆ ခုနှစ်တွင် တံတားကြီးအား ကြံ့ခိုင်မှု စစ်ဆေးရန်နှင့် ပြင်ဆင်ရန် ဂျပန်ပညာရှင်များ လာရောက်ခဲ့သော် လည်း ထိရောက်သော ပြင်ဆင်မှုများမလုပ်နိုင်ခဲ့ပါချေ။

ဂုတ်ထိပ်သို့

ဂုတ်ထိပ်တံတားသို့ နောင်ချိုမြို့မှတစ်ဆင့် မော်တော်ကားဖြင့်သွားရောက်ကြသကဲ့သို့ မန္တလေးနှင့် ပြင်ဦးလွင်တို့မှ မီးရထားဖြင့်လည်း သွားလေ့ရှိကြရာ ဂုတ်ထိပ်တံတားကို မီးရထားဖြင့် ဖြတ်သန်းကြသကဲ့သို့ ဂုတ်ထိပ်ဘူတာမှ တံတားကြီးအနီးသို့ လမ်းလျှောက်သူများလည်း ရှိကြသည်။

ဂုတ်ထိပ်သို့ မီးရထားဖြင့်သွားလိုလျှင် မန္တလေး-လားရှိုး မီးရထားကို မန္တလေးမှဖြစ်စေ၊ ပြင်ဦးလွင်မှဖြစ်စေ စီးကာ ဂုတ်ထိပ်တံတားပေါ်မှ ဖြတ်သန်းပြီးနောက် ဂုတ်တွင်းဘူတာတွင် ဆင်းသက်နိုင်သည်။ ယခင်က ခရီး
သွားများအား ဂုတ်ထိပ်တံတားပေါ်သို့ လမ်းလျှောက် ဖြတ်သန်းခွင့်ပြုခဲ့သော်လည်း ယခုအခါတွင် တံတားကြီး ရေရှည်ကြံ့ခိုင်မှုရှိစေရန်နှင့် ခရီးသွားများ အသက်အန္တရာယ်မဖြစ်ပွားစေရန် တံတားပေါ်မှ ဖြတ်သန်းခွင့်
ကို ပိတ်ပင်ထားသည်။ ထို့ကြောင့် မီးရထားဖြင့် လာကြသူများသည် ဂုတ်ထိပ်ဘူတာတွင် မဆင်းကြတော့ဘဲ မီးရထားဖြင့် တံတားပေါ်မှ ဖြတ်သန်းကာ ဂုတ်တွင်းဘူတာအထိစီးကြပြီး အပြန်ခရီးတွင် ဂုတ်တွင်းဘူတာမှ မီးရထားစီး၍ တံတားကြီးပေါ်မှ ပြန်လည် ဖြတ်သန်း လေ့ရှိကြသည်။

ဂုတ်ထိပ်သို့ မော်တော်ယာဉ်ဖြင့် သွားရောက်လိုပါက နောင်ချိုမြို့မှ တစ်ဆင့် ရှစ်မိုင်သွားရသည်။ ပြင်ဦးလွင် လားရှိုး ပြည်ထောင်စုလမ်းမကြီး၏ ယာဘက်သို့ ဝင်ကာ ရွှေပြည်ညွန့်ကျေးရွာကို ဖြတ်ကျော်၍ မော်တော် ကားလမ်းအောက်တွင် ရှိနေသည့် ဂုတ်ထိပ်ဘူတာသို့ ဦးစွာသွားကြရသည်။

ဂုတ်ထိပ်ဘူတာမှ ရထားသံလမ်းလမ်းအတိုင်း အုံ့ဆိုင်းနေသည့် သစ်ပင်များအောက်မှ ဖြတ်သန်းကာ တံတားကြီးရှိရာသို့ လမ်းလျှောက်သွားနိုင်ကြသည်။သို့သော် တံတားထိပ်အထိသာ သွားခွင့်ပြုကာ ဂုတ်ထိပ်တံတားပေါ်မှ နေ့စဉ်ဖြတ်သန်းသည့် မန္တလေး-လားရှိုး မီးရထား ဖြတ်သွားပြီးတိုင်း ရထားလမ်းကို ပြန်လည်ပိတ်ထားသည်။ ထို့အတူ ဂုတ်ထိပ်တံတားအောက်သို့ လည်း မည်သူ့ကိုမျှ ဆင်းသက်ခွင့်မပြုပါချေ။

ဂုတ်ထိပ်တံတားသည်   သာယာလှပသော  ရှမ်း ပြည်နယ်မြောက်ပိုင်း အလှနှင့် ပေါင်းစပ်ကာ ကမ္ဘာကျော်တံတားတစ်စင်းအဖြစ် ကာလရှည်ကြာပင် ထင်ရှားခဲ့ပေသည်။ ပျက်စီးယိုယွင်းမှုများကို ခေတ်အဆက်ဆက်
ပြုပြင်ထိန်းသိမ်းခဲ့သဖြင့် ဂုတ်ထိပ်တံတားသည် ကမ္ဘာလှည့်ခရီးသည်များ၏ စိတ်ဝင်တစားသွားရောက် လေ့လာ ကြရသည့် သမိုင်းဝင် ရှေးဟောင်းပစ္စည်းတစ်ခုအဖြစ် ပိုမိုထင်ရှားလျက်ရှိနေသည်။

ဂုတ်ထိပ်တံတားသို့ လာရောက်လည်ပတ်ကြသော ပြည်တွင်းပြည်ပခရီးသည်များသည် နှစ်စဉ်တိုးတက် များပြားလျက်ရှိရာ သမိုင်းဝင် တံတားကြီးကို ရေရှည် ကြံ့ခိုင်နေစေရန် ထိန်းသိမ်းစောင့်ရှောက်ထားနိုင်သည်နှင့်အမျှ ဂုတ်ထိပ်တံတား ခရီးသွားလုပ်ငန်းသည် ဖွံ့ဖြိုးလာမည်ဖြစ်သည်။ ထို့အတူ ဂုတ်ထိပ်တံတား အနီး ဝန်းကျင်ရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွား ဘဝများ သည်လည်း တိုးတက်လာမည်ဖြစ်ပေသည်။ ။

ကောင်းစည်သူ
ကိုးကား
မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)
Goteik Viaduct
ကိုယ်တွေ့ခရီးသွားမှတ်တမ်း

No comments:

Post a Comment