Latest News

Monday, August 20, 2018

မုသားချိုချို


မုသားချိုချို  

''ဆရာ . . သမီး ပိုက်ဆံပျောက်သွားလို့''။
နေ့လယ် ထမင်းစားကျောင်းဆင်းခါနီး သင်္ချာပုစ္ဆာ
အဖြေများကို သူ့ထက်ငါ  အလု အယက်လာရောက်
ပြနေကြသည့် ကျောင်းသူ ကျောင်းသားအများစုကြားမှ ထွက်ပေါ်လာသည့် ''ခိုင်ဇင်မြင့်''၏အသံ။
ခက်ချေပြီ။ ကျောင်းသူ ကျောင်းသားများက သင်္ချာ
ပုစ္ဆာများကိုတွက်၍ လာပြသူပြ၊ မှားသူက ပြန်တွက်၊
ပြန်လာပြနဲ့ ကျောင်းဆင်း ခါနီးရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာမှ ပိုက်ဆံ ပျောက်လေသည်။
ကျွန်တော့် ပဉ္စမတန်း၌ အားလုံး ကျောင်းသား၂၅
ယောက်သာရှိသည်။
''သမီး...ဘယ်အချိန်က ပျောက်တာလဲ---'' ''ဆရာ...သင်္ချာချိန် စသင်တော့ကို ရှိသေး တယ်ဆရာ၊ သမီးက ကွန်ပါဘူး အောက်ဆုံးမှာ ထည့်ထားတာ၊ ဆရာ့ဆီသင်္ချာ လာပြနေတာနဲ့ ကွန်ပါဘူးကို ခုံ
ပေါ်မှာ တင်ထားခဲ့မိတာ၊ ခုကြည့်တော့ မရှိတော့ဘူး ဆရာ''
''ကဲ ---တပည့်တို့  ကိုယ့်နေရာကိုယ်ထိုင်မယ်''
ဒါဟာ လွယ်လွယ်ကူကူနဲ့ ယူလို့ရတာ ကြောင့် ယူ
လိုက်ခြင်းဖြစ်ပေမည်။ လွယ်လွယ်ရလျှင် သူကြွယ်
တောင် ခိုးသည်မို့ အပြစ်လုပ်သော ကလေးကိုလည်း အပြစ်မတင်လိုပေ။
နောက်ပြီး ကျောင်းဆင်းခါနီးအချိန်ဆိုတော့ ယူတဲ့သူဟာ သူ့အတွက် လွတ်နိုင်ချေလမ်းရှိသည်ဟု ကလေးအတွေးဖြင့် ထင်ထားပုံရပေသည်။
''အားလုံး မင်းတို့ကြားကြတဲ့အတိုင်းပဲ၊ မင်းတို့သူငယ်ချင်း  ခိုင်ဇင်မြင့်က ပိုက်ဆံပျောက်လို့တဲ့ ၊ ဘယ်သူယူလဲလို့ ဆရာမမေးတော့ဘူး ၊ ခိုင်ဇင်မြင့်မှာ ပိုက်ဆံပါလာတယ် ဆိုတာ ဘယ်သူသိလဲ၊ သူပိုက်ဆံပါလာ
တယ် ဆိုတာ ဟုတ်လား''
''ဟုတ်ပါတယ်ဆရာ ၊ကျွန်တော်သိပါတယ်ဆရာ၊
တစ်ထောင်တန်တစ်ရွက်ပါ''
ကျော်နှင်းစိုးကဟုတ်ကြောင်းထ၍ ထောက်ခံသည်။
''ခိုင်ဇင်မြင့်   ပိုက်ဆံပါတယ်ဆရာ၊ သမီးလဲသိတယ်''      ဇေဇေမာကလည်း သက်သေခံသည်။
''ကဲ ဟုတ်ပြီ----၊ ခိုင်ဇင်မြင့် ပိုက်ဆံပါတာသေချာရင် ဆရာက ရှာပေးရတော့မယ်၊ ဒါပေမယ့် ဆရာ မင်းတို့အိတ်တွေကို မရှာဘူး၊ မင်းတို့  စိတ်တွေကိုရှာမယ် ၊ ဗလာစာရွက် တစ်ရွက်စီ ဖြုတ်လိုက်ကြစမ်း ၊ ပြီးရင် ခဲတံ ထုတ်'' ကျွန်တော် တစ်တန်းလုံးကို မျက်လုံး ဝိုက်ပြီးကစားလျက် စကားဆိုလိုက်သည်။
''ကဲ အခု အားလုံး ဘောလုံးကွင်းထဲကိုထွက်၊ တစ်
ယောက် တစ်နေရာစီခွဲပြီးတော့ ပိုက်ဆံယူတယ်လို့   မင်းတို့ထင်တဲ့ လူရဲ့ နာမည်ကို ချရေးခဲ့၊ နာမည်ကို ကိုယ်ထင်တဲ့လူ တစ်ယောက်ပဲ    ရေးရမယ်နော်၊  
ပြီးရင် ဆရာ့ကို လာပေး ''
ကျောင်းသားများအားလုံး ဘောလုံးကွင်းဘက် ထွက်သွားကြသည်။
ထို့နောက် ပိုက်ဆံယူတယ်လို့  သူတို့ထင် တဲ့လူရဲ့နာ
မည်ကိုရေးပြီး   ကျွန်တော့်ဆီ လာပေးကြသည်။
ယခုမှပင် ကျွန်တော့်ရဲ့ ပိုက်ဆံပျောက်ရှာပုံတော်
စစ်ဆင်ရေးကို စတင်ရတော့သည်။
''ကဲ၊ အခု ဆရာ့လက်ထဲမှာ ပိုက်ဆံယူတဲ့ လူရဲ့
နာမည်ရှိနေပြီ''
''ကဲ၊ အခု ဇေဇေမာ ဆရာနဲ့ ရုံးခန်းထဲကိုလိုက်ခဲ့'' ကျွန်တော် ဇေဇေမာ့ကို ရုံးခန်းထဲ သို့ ခေါ်သွားလိုက်သည်။
ဇေဇေမာ့ခမျာ မျက်လုံးလေးကြောင် တောင်တောင်
နှင့် ကျွန်တော့်နောက်မှ လိုက် လာပေသည်။
ရုံးခန်းထဲရောက်တော့ ကျွန်တော် ဇေဇေ မာ့ကို
စတင်စစ်တော့သည်။
''ကဲ ---သမီး ဇေဇေမာ၊ သမီးသူငယ်ချင်းတွေက  သမီးနာမည်ကို ရေးကြတယ်၊ သူတို့က သမီးယူတယ်တဲ့၊ ဘယ်လိုလုပ်မလဲ၊ သမီးယူ တယ်ဆိုတာ   သူတို့အားလုံးသိနေတယ်၊ ယူထားရင် ဆရာ့ဆီပြန်အပ်ပါ၊ ဆရာမရိုက်ဘူး၊ မဆူဘူး၊ ပြီးရင် အဲဒီပိုက်ဆံကို သမီးဆီက ရတာမဟုတ်ဘူးလို့ သူတို့ကိုဆရာပြောပေး မယ်၊  ခုတော့ --ကျန်တဲ့လူအားလုံးက သမီးယူတယ်လို့ ရေးထားကြတယ်''
''ဆရာ ---သမီး  မယူပါဘူးဆရာ-သမီးတကယ်
မယူပါဘူး -ကျိန်ဆို ကျိန်ပါ့မယ်ဆရာ''
😔ဇေဇေမာက ရှင်းပြသည်။ သူမဟုတ်ကြောင်းငြင်းသည်။
အမှန်တကယ်လည်း ဇေဇေမာမဟုတ်ပေ။
''ကဲ ဆရာက စတာပါ၊ သမီးမဟုတ်ဘူးဆိုတာ
ဆရာသိပါတယ်၊  နှင်းအိခိုင်ကို ဆရာ့ဆီလွှတ်လိုက်၊  အခန်းထဲရောက်ရင် ဘာမှမပြောနဲ့''
နှင်းအိခိုင် ရောက်လာသည်။
ဇေဇေမာကဲ့သို့ဖြစ်သည်။
မြတ်သက်မွန်ကို လွှတ်ခိုင်းပြန်သည်။
ဤသို့ဖြင့်    တစ်ယောက်ပြန်လွှတ် တစ်ယောက်ခေါ်နည်းဖြင့် စစ်နေရင်း ယောက်ျား လေးတွေအလှည့်သို့  ရောက်လာခဲ့သည်။
၂၃ ယောက်မြောက်ကျော်ရဲအောင်အလှည့်တွင်တော့။
''ကဲ ---ငါ့တပည့်ဆရာ့ကို ကြောက်စရာမလိုဘူး၊ သူတို့အားလုံးက စာရွက်ပေါ်မှာ မင်းနာမည်ပဲ ရေးထားကြတယ်၊ ငါ့တပည့်ယူ တယ်ဆိုတာ ဆရာမသိပေမယ့် သူတို့အားလုံး က သိနေကြတယ်၊ ဘယ်လိုလုပ်
ကြမလဲ၊ သူငယ်ချင်းတွေက မင်းကို ပိုက်ဆံယူတဲ့လူလို့ ထင်နေတာကို ခံချင်သလား၊ ဒါမှမဟုတ် မင်းမဟုတ်ဘူးဆိုတာကို သက်သေပြချင်လား၊ မင်းပိုက်ဆံပြန်အပ်မယ် ဆိုရင်တော့ မင်းယူတာမဟုတ်ဘူးလို့ ဆရာ မင်းဘက်ကနေလိုက် ပြီး သူတို့ကို ပြောမယ်၊ ဘယ်လိုလဲ''
''ဆရာ့ စားပွဲပေါ်က မြေဖြူဘူးအောက်မှာ လေ့ကျင့်ခန်းလာပြရင်း မသိမသာနဲ့ကျွန်တော် ဝှက်ထားခဲ့ပါ
တယ်ဆရာ၊ ကွန်ပါဘူးက ပွင့်နေပြီး ပိုက်ဆံကို လွယ်လွယ်တွေ့လို့ ကျွန်တော် ယူမိပါတယ်ဆရာ ၊ကျွန်
တော့်မှာ အပြစ်ရှိပါတယ်''
''အေး ----အေး၊ ဟုတ်ပြီ ---ကိုယ့် နေရာကို ပြန်ထိုင်၊ ဘယ်သူ့မှ ဘာမှ မပြောနဲ့၊ သွားတော့ ---ဝေယံဦးကို လွှတ်လိုက်''
ဤသို့ဖြင့် ကျွန်တော် ၂၅ ယောက်စလုံးကိုဟန်မပျက် စစ်လိုက်သည်။
ထို့နောက် အတန်းထဲသို့  ပြန်သွားပြီး ကျွန်တော့် စားပွဲပေါ်ရှိ မြေဖြူဘူးအောက်မှ ခိုင်ဇင်မြင့်၏ ပိုက်ဆံ
တစ်ထောင်ကို ခပ်တည်တည်နဲ့ ယူပေးလိုက်သည်။
နောက်ပြီး ---အားလုံးကို ပြောပြလိုက်သည်။
''တပည့်တို့အတန်းကိုသင်ရတာ ဆရာသိပ်ပျော်တာပဲ ---ဘာလို့လဲ   သိလား၊ ဆရာ့အတန်းထဲမှာ သူတစ်ပါးပစ္စည်းကို မသိအောင်ယူတဲ့လူမရှိလို့ဘဲ၊  ပြီးတော့ ---
ငါ့တပည့်တွေက သူငယ်ချင်း အချင်းချင်း သိပ်ချစ်ကြတယ်၊ သိပ်ခင်ကြတယ်၊ စည်းလုံးကြတယ်၊ ဆရာ့ဆီကို လာပေးတဲ့စာရွက်တွေပေါ်မှာဘယ်သူမှ    နာမည်
ရေးမလာကြဘူး၊
''ဒါဟာ --ကျွန်တော်တို့သူငယ်ချင်းတွေထဲမှာ အဲဒီလို ယူတဲ့လူမရှိဘူးလို့ ဆရာ့ကို သက်သေပြတာပဲ၊
ကျွန်တော့် သူငယ်ချင်းတွေ ဟာ အဲဒီလိုမယူတတ်၊
မခိုးတတ်ဘူးလို့ မင်းတို့ သက်သေပြလိုက်တာပဲ''
ကျွန်တော် မုသားစကားများသုံးလိုက်သည်
အကယ်၍ ဘယ်သူက ဘယ်သူ့နာမည် ရေးတယ်ဆိုတာသာ သူတို့သိလျှင် ငါ့ကို ထင်ရကောင်းလားဟု 
စိတ်ဝမ်းကွဲကြပေမည်။
''တကယ်တော့ ----အဲဒီပိုက်ဆံကို ဆရာ ယူထားတာ၊ မင်းတို့ရဲ့ သူငယ်ချင်းသံယောဇဉ် တွေ၊ အချင်းချင်း ချစ်တဲ့စိတ်တွေကို သိချင်လို့၊
နောက်ပြီး သမီးခိုင်ဇင်မြင့်နဲ့အတူ အားလုံးကို သတိ
ပေးချင်လို့၊    
ရွှေငွေဥစ္စာဆိုတာ ဘယ်တော့မှ   အလွယ်မထားရဘူးဆိုတာ သိစေချင်လို့၊
'' ဟုတ်ပြီလား------''
ကျွန်တော့်ရဲ့မုသားစကားတွေကိုကြားရသောအခါ
သူတို့မျက်နှာများ ဝင်းပလာကြသည်။
''ဟင်-----ဟာ''ဟူသော စကားများစွာနှင့် စိတ်သက်သာရာ ရသွားကြသည်။
သူတို့ရေးထားသော   စာရွက်ပေါ်မှ သူငယ်ချင်းကို
တောင်းပန်သည့်အကြည့်နှင့် ကြည့်နေကြသည်။
ဘာမှတော့မပြောကြ။
ထိုစဉ်   နေ့လယ်ထမင်းစားနားသည့်  ခေါင်းလောင်းသံကို ကြားရသည်။
ကလေးများအားလုံးနှုတ်ဆက်လိုက်သည့်
''မင်္ဂလာပါ ဆရာကြီး ----ကျေးဇူးတင်ပါတယ်-ဆရာကြီး''
ဟူသောအသံများကြားဝယ် ကျွန်တော့် မုသားချိုချိုများ လွင့်မျောသွားရတော့သည်။
သို့သော် --''ကျေးဇူးတင်ပါတယ် ဆရာကြီး''
ဟူသော စကားကို
အကျယ်ဆုံး အော်ဟစ်နှုတ်ဆက်လိုက်သူမှာ
''ကျော်ရဲအောင်'' ဖြစ်ကြောင်းကိုတော့ သူတို့တစ်တန်းလုံး မသိလိုက်ကြရှာပါပေ။   ။
နောင်ရိုး(ကန့်ဘလူ)

No comments:

Post a Comment