ရွှေခါးပတ်ချန်ပီယံလုပွဲတွင် စိုးလင်းဦး အလဲထိုးအနိုင်ရ ရှုံးပွဲကြုံခဲ့သည့် ထိုင်းလက်ဝှေ့ကျော် မကျေပွဲပြန်ထိုးမည်ဟုဆို
ရန်ကုန် သြဂုတ် ၅
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် ကကြီးမှူး၍ MMTS နှင့်H & S Group တို့ပူးပေါင်းစီစဉ်ကျင်းပသည့် Lethwei Nation 50th Media Championship 2018 ရွှေခါးပတ်ချန်ပီယံ လုပွဲ၏ အထူးစိန်ခေါ်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီက သိမ်ဖြူလက်ဝှေ့အားကစား ရုံ၌ ကျင်းပရာ မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦးက ထိုင်းလက်ဝှေ့ကျော် အိကျုစံ (ထိုင်းဖိုက်)အား အလဲထိုးအနိုင်ရရှိခဲ့ပြီး ရှုံးပွဲကြုံခဲ့သည့် အိကျုစံ အနေဖြင့် မကျေပွဲပြန်လည်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုးလင်းဦးနှင့် အိကျုစံတို့ပွဲမှာ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး ပထမအချီမှာပင် နှစ်ဦးစလုံး တိုက်စစ်ဖွင့်ထိုးသတ်ကြရာ စိုးလင်းဦး၏ ပြင်းထန်လှသည့် ဘယ်ဝိုက်ညာဝိုက် လက်သီးချက်များကြောင့် အိကျုစံမှာ တတိယအချီ တစ်မိနစ်ခန့်တွင် အနားတောင်းရပြီး ၂ မိနစ်နှင့် ၂၁ စက္ကန့်တွင် အလဲထိုး ခံရကာ အရှုံးပေးလိုက်ရခြင်းဖြစ်သည်။
Lethwei Nation 50th Media Championship 2018 ရွှေခါးပတ် ချန်ပီယံကို ဝိတ်တန်းသုံးတန်း ထည့်သွင်းကျင်းပခဲ့ခြင်း ဖြစ်ပြီး ဗိုလ်လုပွဲ ၅၇-၆၁ ကီလိုတန်းတွင် ရဲသွေးနီ(တောင်ကလေး)က စောဖိုးထွန်း (သတ္တိ)အား အမှတ်ဖြင့် လည်းကောင်း၊ ၆၂- ၆၆ ကီလိုတန်းတွင် ရဲတံခွန်(အဖြူရောင်သွေး သစ်)က စိုးထက်ဦး(Phoenix)အား အမှတ်ဖြင့် လည်းကောင်း၊ ၆၇-၇၁ ကီလိုတန်းတွင် ဆန်းသူဦး(တိုက်ဂါး)က ကြယ်စင်ဖြိုး(ရိုးရာ ပုဂံ)အား ပထမအချီတွင် အလဲထိုး၍ လည်းကောင်း အသီးသီးအနိုင်ရရှိကာ ရွှေခါး ပတ်ချန်ပီယံဆုရရှိကြောင်း သိရသည်။
ထို့အပြင် GOLDEN BELT CHAMPIONSHIP 2018 ရွှေခါးပတ် ချန်ပီယံလုပွဲ ဆီမီးဖိုင်နယ်လက်ကျန်ပွဲစဉ်များ ယှဉ်ပြိုင်ထိုးသတ်ကြရာ ၅၁ ကီလိုတန်းတွင် သက်ပိုင်အောင်(ရွှေဘားလား)က သိန်းစိုး (အဖြူရောင်သွေးသစ်)အား အမှတ်ဖြင့် လည်းကောင်း၊ ကျော်အဲပညာ(တောင်ကလေး)က အောင်အောင်(ရန်စစ်ငြိမ်း)အား အမှတ်ဖြင့် လည်းကောင်း၊ ၅၄ ကီလိုတန်းတွင် ဂျစ်တူး (တိုက်ဂါး)မှာ လာရောက်ထိုးသတ်နိုင်ခြင်း မရှိသည့်အတွက် လင်းထက်အောင် (တောင်ကလေး)က လည်းကောင်း၊ ၅၇ ကီလို တန်းတွင် နက္ခအောင်(ဇွဲကပင်မြေ)က ဂျိုကာ (သုံးကန်လှ)အား တတိယအချီတွင် လည်းကောင်း အသီးသီးအနိုင်ရရှိကာ ဗိုလ်လုပွဲ သို့ တက်လှမ်းနိုင်ခဲ့သည်။
ထို့အတူ ၆ဝ ကီလိုတန်းတွင် ယျှူးခလိန်း မင်း(မြိုင်ကလေးဘိလပ်မြေစက်ရုံ)က ထူးနေသူ (တောင်ကလေး)အား အမှတ်ဖြင့် လည်းကောင်း၊ ၆၃ ဒသမ ၅ ကီလိုတန်းတွင် သွေးသစ်မောင် (အဖြူရောင်သွေးသစ်)က အောင်မင်းထွန်း (တောင်ကလေး)အား အမှတ်ဖြင့် လည်းကောင်း၊ ၆၇ ကီလိုတန်းတွင် ကျားပေါက်(ရန်စစ်ငြိမ်း)က စောမင်းအောင်(တောင်ကလေး)အား အမှတ်ဖြင့် လည်းကောင်း အသီးသီးအနိုင် ရရှိကာ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ကြောင်း သိရသည်။ အမျိုးသမီးအထူးစိန်ခေါ်ပွဲတွင် နော်ဥမ္မာစိုး(Phoenix)က မူအဲသိုလ် (တောင်ကလေး)အား ပထမအချီမှာပင် အလဲထိုးအနိုင်ရရှိခဲ့သည်။
သတင်းနှင့်ဓာတ်ပုံ
ဇာနည်မောင်၊ အေးမင်းသူု
Monday, August 6, 2018
ရွှေခါးပတ်ချန်ပီယံလုပွဲတွင် စိုးလင်းဦး အလဲထိုးအနိုင်ရ ရှုံးပွဲကြုံခဲ့သည့် ထိုင်းလက်ဝှေ့ကျော် မကျေပွဲပြန်ထိုးမည်ဟုဆို
ရွှေခါးပတ်ချန်ပီယံလုပွဲတွင် စိုးလင်းဦး အလဲထိုးအနိုင်ရ ရှုံးပွဲကြုံခဲ့သည့် ထိုင်းလက်ဝှေ့ကျော် မကျေပွဲပြန်ထိုးမည်ဟုဆို
Reviewed by Ar Ti
on
6:34 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment