ရေစီးသန်သည့်မြောင်းအား လက်ချင်းချိတ်၍ ဖြတ်ကူးရာမှ ရေစီးနှင့်အတူမျှောပါ
ဘားအံ သြဂုတ် ၆
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ၀ါဆိုဦးဘုန်းတော်ကြီးကျောင်းအနောက်ဘက် လှိုင်းပုံ တံတားအနီးရှိ မြောင်းအတွင်း သြဂုတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က လူနှစ်ဦး ရေစီးထဲမျှောပါသွားကြောင်း သိရသည်။
ဘားအံမြို့နယ်၊ လှကမြင်ကျေးရွာအုပ်စု၊ မဲဘောင်ကျေးရွာ၊ ပိန္နဲတောရပ်နေ ကုလား(ခ)ဇင်မင်းလတ် အသက် ၄၀ နှစ်၊ အမှတ်(၉)ရပ်ကွက်၊ ၀ါဆိုဦးရပ်နေ မျိုးဇော်အောင် အသက် ၁၆ နှစ်နှင့် အပေါင်းအပါ ၅ ဦး တို့သည် မျှစ်ချိုးထွက်ခဲ့ရာမှ လှိုင်းပုံတံတားအနီးရှိ မြောင်းသည် ရေစီးသန်သည့်အတွက် တစ်ဦးနှင့်တစ်ဦးလက်ချင်း ချိတ်၍ ဖြတ်ကူးစဉ် ဦးကုလားနှင့် မျိုးဇော်အောင်တို့မှာ ရေစီးနှင့်အတူ မျှောပါသွားခြင်းဖြစ်ကြောင်း သိရသည်။
ရေစီးနှင့်အတူ မျှောပါသွားသူနှစ်ဦးအား ပြည်နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်၂၀ ဦး၊ အမှတ်(၉)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဝေဋုကျော်ဖောင်ဒေးရှင်းမှ ဝေဋုကျော်နှင့်အဖွဲ့ဝင်များက ပူးပေါင်းရှာဖွေခဲ့ကြရာ ညနေ ၅ နာရီအချိန်တွင် ကုလား(ခ)ဇင်မင်းလတ်၏ ရုပ်အလောင်း အား ရှာဖွေတွေ့ရှိခဲ့ပြီး ဘားအံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ မျိုးဇော်အောင်အား ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment