Latest News

Thursday, August 9, 2018

ရန်ကုန်မြို့ရှိ တရုတ်တန်းအား ပြုပြင်မွမ်းမံမည်

ရန်ကုန်မြို့ရှိ  တရုတ်တန်းအား  ပြုပြင်မွမ်းမံမည်

ရန်ကုန် သြဂုတ် ၈

ရန်ကုန်မြို့ တရုတ်တန်း (China Town) ပြုပြင်မွမ်းမံရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၇ ရက်က ရန်ကုန်မြို့တော်ခန်းမရှိ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပကြောင်း သိရသည်။

အစည်းအဝေးတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူးဒေါ်လှိုင်မော်ဦးက နိုင်ငံခြားရေးဝန်ကြီးဌာနမှ ရန်ကုန်မြို့ တရုတ်တန်းတွင် ဆောင်ရွက်စေလိုသော ပြုပြင်မွမ်းမံရေးလုပ်ငန်းများကို တရုတ်နိုင်ငံ နန်နင်းမြို့သို့ ပေးပို့နိုင်ရန်တောင်းခံလာပါကြောင်း၊ သို့ဖြစ်ပါ၍ တရုတ်တန်းရပ်မိရပ်ဖများအနေဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်လိုသည်များကို တင်ပြပေးစေလိုကြောင်း ပြောကြားသည်။

''အမှန်တကယ်လိုအပ်တာတွေကို တရုတ်တန်းရပ်မိရပ်ဖများဘက်က တင်ပြပေးစေလိုတယ်။ တင်ပြလာတာတွေကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ ရန်ကုန်မြို့တော်ဝန်ဆီ တင်ပြပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကို တရားဝင်အကြောင်းပြန်သွားပါမယ်။ပြုပြင်မွမ်းမံတာတွေနဲ့ပတ်သက်ပြီး လိုအပ်တာတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာရှိတဲ့    သက်ဆိုင်ရာဌာနတွေက   ကူညီဆောင်ရွက်ပေးသွားမှာပါ''ဟု  အတွင်းရေးမှူး  ဒေါ်လှိုင်မော်ဦးက  အစည်းအဝေးသို့တက်ရောက်လာသည့်  တရုတ်
တန်းဘက်မှ တာဝန်ရှိသူများကို ပြောသည်။

တရုတ်တန်းကို ပြုပြင်မွမ်းမံရာတွင် တရုတ်တန်းမျက်နှာစာလမ်းဖြစ်သည့် မဟာဗန္ဓုလလမ်းမကြီးရှိ လူနေတိုက်ခန်းများ ဆေးသုတ်ခြင်း၊ ပလက်ဖောင်းများ  ပြုပြင်ခြင်း၊ဆက်သွယ်ရေးကြိုးများနှင့် မီးကြိုးများကို  Duck Line များဖြင့် စနစ်တကျ ပြန်လည်သွယ်တန်းခြင်း၊ လမ်းမီးတိုင်များတပ်ဆင်ခြင်း၊ အမှိုက်ပုံများ စည်းကမ်းတကျထားရှိခြင်း စသည်ဖြင့် တရုတ်တန်းအား ခေတ်မီသန့်ရှင်းသပ်ရပ်စေရေး မွမ်းမံဆောင်ရွက်သွားည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြုပြင်မွမ်းမံမှုများကို တရုတ်ပြည်ရှိ နန်နင်းမြို့တော်အုပ်ချုပ်ရေးဘက်မှကူညီထောက်ပံ့မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြုပြင်မွမ်းမံမည့်အကြောင်းအရာအချက်အလက်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ သုံးရက်အတွင်းတင်ပြကာ အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်ကုန်သည်ကြီးများဥက္ကဋ္ဌ ဦးမြင့်ဆွေက ပြောသည်။

အစည်းအဝေးသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးဒေါ်လှိုင်မော်ဦး၊   ကော်မတီဝင်  ဒေါ်မေမေသွယ်၊  စီမံရေးရာဌာန  ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်   သန့်ရှင်းရေးဌာန၊   အင်ဂျင်နီယာဌာန    (လမ်းနှင့်တံတား)အင်ဂျင်နီယာဌာန (အဆောက်အအုံ) စသည့်ဌာနများမှ ဌာနမှူးနှင့် ဒုတိယဌာနမှူးများ၊တရုတ်ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူများ၊  လသာမြို့နယ်နှင့် လမ်းမတော်မြို့နယ်တို့ရှိ စည်ပင်သာယာရုံးမှ အုပ်ချုပ်ရေးမှူးတို့ တက်ရောက်ကြသည်။

ဇာနည်မောင်

No comments:

Post a Comment