Latest News

Thursday, August 9, 2018

ကုန်းဘောင်ခေတ်လက်ရာ ရာမလက္ခဏ ရုပ်ကြွများ

ကုန်းဘောင်ခေတ်လက်ရာ ရာမလက္ခဏ ရုပ်ကြွများ

သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာသန်းထွန်း ရေးသားခဲ့သည့် 'သမိုင်းထဲက ဒီဇိုင်း' စာအုပ်တွင် ပါရှိခဲ့သော သခွတ်တနယ်ရာမ ဆောင်းပါးကို ဖတ်ရှုပြီးနောက် သခွတ်တနယ်သို့ သွားရောက်လေ့လာရန်  ရည်ရွယ်ခဲ့ရာ ရန်ကုန်တက္ကသိုလ်မှ  ရှေးဟောင်းသုတေသနပညာ သင်တန်းသားများနှင့်အတူ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပါသည်။

ရာမလက္ခဏဇာတ်လမ်းမှ ဇာတ်ကွက်များကို ထွင်းထုထားသည့် သဲကျောက်ပြားများကို ထိန်းသိမ်းပြသထားသော သခွတ်တနယ်ဘုရားကြီးသည် ရှေးဟောင်းသုတေသနနယ်ပယ်တွင် ထင်ရှားသော နေရာတစ်ခု
ဖြစ်ကာ ဘုရားကြီးဝင်းအတွင်းရှိ ကုန်းဘောင်ခေတ် ရာမဇာတ်တော် သဲကျောက်ထွင်း ရုပ်ကြွပြတိုက်တွင် ၁၉ ရာစုအလယ်ပိုင်း ကုန်းဘောင်ခေတ် ပန်းပုလက်ရာ ရုပ်ကြွ ၃၁၂ ချပ်ကို ပြသထားသည်။

စာပေထဲမှ ရာမ၊ လက္ခဏ

ခရစ်တော်မပေါ်မီ နှစ်ရာစုတွင် သက္ကတဘာသာဖြင့် ဝါလမိကိရသေ့ ရေးဖွဲ့ခဲ့သည့် ကဗျာရှည်တစ်ပုဒ် ဖြစ်သော ရာမာယနသည် ကမ္ဘာ့စာပေသမိုင်းတွင် အလွန်ထင်ရှားသည့် ဂန္ထဝင် စာတစ်ပုဒ်ဖြစ်ခဲ့သည်။ ရာမာယန
သည် ရာမမင်းအတ္ထုပ္ပတ္တိပါဝင်သည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ကာ ဟိန္ဒူဘာသာ ယဉ်ကျေးမှုအပေါ် များစွာသြဇာလွှမ်းမိုးခဲ့သည်။ လူကြိုက်များသည့် ရာမ၊ လက္ခဏ၊ သီတာ၊ ဟနုမာန်၊ သုကြိတ်နှင့် ဘာလီတို့ပါဝင်သည့်
ရာမာယနဇာတ်လမ်းသည် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ပျံ့နှံ့ရောက်ရှိခဲ့သည်။ ရာမဇာတ်ကို ဘာသာစကား အသီးသီးသို့ ပြန်ဆို ရေးသားခဲ့ကြသကဲ့သို့ ဇာတ်လမ်းဇာတ်ကွက်များဖြင့် ကပြခဲ့ရာ ကြည့်ရှုကြရသူများ နှစ်ခြိုက်စွဲလမ်းခဲ့ကြသည်။

ရာမဇာတ်လမ်းသည်   မြန်မာနိုင်ငံသို့  မည်သည့်အချိန်တွင်   ရောက်ရှိခဲ့သည်ဟု   တိကျစွာမသိသော်လည်း ဆရာဇော်ဂျီက ပုဂံခေတ်ကပင် ရာမာယနကို ကြားဖူးနားဝရှိခဲ့ကြောင်း   ရေးသားခဲ့သည်။  မြန်မာဘာသာဖြင့် ပထမဆုံး တွေ့ရှိရသည့် ရာမအရေးအသားသည် ခရစ်နှစ် ၁၇၇၅ ခုနှစ်တွင် ဦးအောင်ဖြိုး သီကုံး ဖွဲ့ဆိုခဲ့သည်ဟုယူဆသည့်    ရာမသာချင်းဖြစ်သည်။ ဦးအောင်ဖြိုးသည် အင်းဝဆင်ဖြူရှင်မင်း မကွယ်လွန်မီ တစ်နှစ်အလို မြန်မာသက္ကရာဇ်  ၁၁၃၇  ခုနှစ်တွင် ရာမသာချင်းကို  ရေးသားခဲ့သည်ဟု  ယူဆရကြောင်း ဆရာဇော်ဂျီက  မြန်မာရာမ  နိဒါန်းဆောင်းပါးတွင်ရေးသားခဲ့သည်။ ၁၇၈၄ ခုနှစ်တွင် ဦးတိုး ရေးသားခဲ့သည့် ရာမ ရကန် သည်လည်း မြန်မာစာပေနယ်တွင် ထင်ရှားသည့် ရာမနှင့် ဆက်နွှယ်သော စာပေတစ်ပုဒ်ဖြစ်ခဲ့သည်။

မြန်မာစာပေတွင်ရာမအကြောင်း ရေးဖွဲ့ထားသည့် စကားပြေ သုံးပုဒ်၊ လင်္ကာ သုံးပုဒ်နှင့် ပြဇာတ်သုံးပုဒ်ရှိခဲ့သည်။ ရာမ ဝတ္ထု (၁၇ ရာစု)၊ မဟာရာမ(၁၈ ရာစုနှောင်းပိုင်း)နှင့် ဆရာထွေး၏ ရာမသုံးမျိုး (၁၉ဝ၄ ခုနှစ်) တို့သည် စကားပြေအဖွဲ့များဖြစ်ကြ၍ ဦးအောင်ဖြိုး၏ ရာမသာချင်း (၁၇၇၅ ခုနှစ်)၊ ဦးတိုး၏ ရာမရကန် (၁၇၈၄ ခုနှစ်)နှင့် ဆရာထွန်း(စစ်တွေ)၏ အလောင်းရာမသာချင်း (၁၉ဝ၅ ခုနှစ်)တို့သည် လင်္ကာများဖြစ် ကြသည်။နေမျိုးနာဋက ကျော်ခေါင်၏ သီရိရာမ (၁၈ ရာစုနောက်ပိုင်း)၊ ဆရာကူး၏ ပုံတော် ရာမ (၁၈ဝဝ ပြည့် နှစ်)နှင့်ဒါးပိန် ဦးမောင်ကြီး၏ ပုံတော်ရာမနှင့် လက္ခဏ(၁၉၁ဝ ပြည့်နှစ်) တို့သည် ပြဇာတ်များဖြစ်ကြပေသည်။

သို့သော် ၁၉၇၃ ခုနှစ်တွင် ပုဂံညောင်ဦးရှိ ဘုန်းတော်ကြီးတစ်ကျောင်းနှင့် ရန်ကုန်မြို့ ကျိုက်ဝိုင်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှ ရာမအကြောင်းရေးသားထား သည့် ပေစာထုပ်တစ်ခုစီကို ရရှိခဲ့ကြောင်း ဆရာဇော်ဂျီ
နှင့်   ဦးခင်ဇော်ပြုစုသည့်  Ramayana in Burmese Literature and Arts စာတမ်း (JBRS, LIX, i & ii, Dec 1976) တွင် ဖော်ပြခဲ့သည်။

ဝါလမိကိ၏ ရာမဇာတ်လမ်းနှင့် မတူသည့် မြန်မာရာမဇာတ်တော်သည် ၅၅ဝ နိပါတ်တော်၊ ဧကာဒသနိပါတ်၊ ဒသရထဇာတကတွင် ပါရှိကာ ဗုဒ္ဓဝင်ရာမသည် ဗာရာဏသီပြည်မှ ဇာတ်လမ်းဖြစ်၍ ရာမာယန ကဗျာမှ ရာမသည် အယုဒ္ဓယမှဖြစ်သည်။ မြန်မာရာမသည် မျောက်များ၊ ဘီလူးများမပါရှိဘဲ အနိစ္စတရားကို ဟောကြားသည့်  ဇာတ်တော်ဖြစ်ကာ ဝါလမိကိ
ရသေ့၏ ရာမာယနသည် ဓမ္မနှင့် အဓမ္မတွင် ဓမ္မကသာ အနိုင်ရမှာဖြစ်ကြောင်း ပြဆိုသည့် ဇာတ်လမ်းဖြစ်ပေ သည်။

သခွတ်တနယ် ဘုရားကြီး

ရာမ ကျောက်ထွင်းရုပ်များကြောင့် ထင်ရှားသည့် သခွတ်တနယ်ကျေးရွာသည် မုံရွာမြို့မှ အရှေ့မြောက်ဘက်သို့ ၃၆ မိုင်၊ ဘုတလင်မြို့မှ မြောက်ဘက်သို့ ၁၅ မိုင်ခန့် ကွာဝေးပြီး မုံရွာမြို့မှ မော်တော်ကားဖြင့် အလွယ်
တကူ သွားရောက်နိုင်သည်။ သခွတ်တနယ်သည် ယင်းဒေသတစ်ဝိုက်တွင် အကြီးဆုံး ရွာတစ်ရွာဖြစ်ပြီး သံဃာတော်များ ကိုင်ဆောင်သည့် ထန်းရွက်၊ ထန်းဖလတ် ယပ်တောင်ကြီးများကို ထုတ်လုပ်ဖြန့်ဖြူးသည့် ကျေးရွာအဖြစ်လည်း ထင်ရှားခဲ့သည်။ သခွတ်တနယ်သည် ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ဖွင့်လှစ်ထားသည့် ရွာကြီးဖြစ်ကာ ဘုရားကြီးကျေးရွာသည် သခွတ်တနယ်မှနှစ်မိုင်ကွာဝေးပြီး  အိမ်ခြေ ၂၄၇ အိမ်ရှိသည့် ရွာသစ်ကျေးရွာအုပ်စုတွင်ပါဝင်သည်။ ဘုရားကြီးကျေးရွာတွင် သခွတ်တနယ်ဘုရားကြီးဟု ထင်ရှားခဲ့သည့် မဟာလော ကမာရဇိန် စေတီတော်ကြီးနှင့် ရှေးဟောင်း အဆောက်အအုံများ တည်ရှိနေသည်။

ယင်းစေတီတော်ကြီးကို ခရစ်နှစ် ၁၈၄၆ ခုနှစ်တွင် ဒုတိယမောင်းထောင်သာသနာပိုင် ဆရာတော် ဦးညေယျက တည်ထားခဲ့ကာ ရွာတောင်ဘက်ရှိ နတ်ရဲတောင်၏ တောင်စွယ်နှစ်ခုကို အစွဲပြု၍ နတ်ရဲတောင် ဘုရားကြီးဟုလည်း ခေါ်ဆိုခဲ့ကြသည်။

သာယာဝတီမင်းလက်ထက် (ခရစ်နှစ် ၁၈၃၇-၁၈၄၆)၊ ၁၈၃၇ ခုနှစ် မေလ ၃၁ ရက်တွင် သာယာဝတီမင်းက သဲအင်းဆရာတော်ကို သာသနာပြု သာသနာစောင့် တာဝန်နှင့် ဦးညေယျကို ညေယျဓမ္မ လင်္ကာရ မဟာဓမ္မရာဇာဓိပတိရာဇဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်ခဲ့သည်။ ၁၈၃၉ ခုနှစ် နိုဝင်ဘာလတွင် သဲအင်းဆရာတော် ပျံလွန်တော်မူခဲ့ရာ သာယာဝတီမင်းက ဦးညေယျအား သာသနာပြု သာသနာစောင့် တာဝန်ဆက်ကပ်ခဲ့သည်။ သာသနာပြု သာသနာစောင့် ဟူသည် ခေတ်သုံးဝေါဟာရအရ သာသနာပိုင်ဆရာတော် ဖြစ်ပြီး မြန်မာဘုရင်များလက်ထက်တွင် သာသနာပြု
သာသနာစောင့် ဆရာတော်ကို ရှင်ဘုရင်က တိုက်ရိုက်ရွေးချယ်လေ့ရှိခဲ့ပြီး သာသနာပိုင်ဟူသည့် အသုံးမရှိသေးကြောင်း သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းက ရေးသားခဲ့သည်။

ဦးညေယျသည်   သာသနာပြု   သာသနာစောင့် ဆရာတော်အဖြစ် ခြောက်နှစ်တာဝန်ယူခဲ့သည်။ ပုဂံမင်း(ခရစ်နှစ် ၁၈၄၆-၁၈၅၃) သည် ၁၈၄၆ ခုနှစ်တွင် နန်းတက်ခဲ့ပြီး ဗားကရာဆရာတော် ဦးပညာဇောတအား သာသနာပြု သာသနာစောင့်တာဝန် အပ်နှင်းခဲ့သဖြင့်ဦးညေယျသည် ဦးပညာဇောတထံ တာဝန်များ လွှဲပြောင်းပေးပြီးဘုရားကြီးကျေးရွာသို့ ကြွရောက်သီတင်းသုံးခဲ့ သည်။ ဝေးလံချောင်ကျသည့် ဘုရားကြီးကျေးရွာတွင် သီတင်းသုံးခဲ့စဉ် ဆရာတော်သည် သာသနိကလုပ်ငန်း များကို ထူးခြားစွာဆောင်ရွက်ခဲ့ပေသည်။

ဦးညေယျသည် ဥာဏ်တော် ၁ဝ၈ တောင်ရှိသည့် စေတီတော်ကြီး တစ်ဆူနှင့် ပေ ၅ဝ ပတ်လည် ရှိသော စတုရန်းပုံ တန်ဆောင်းကြီး တစ်ဆောင်ကို ၁၈၄၆ ခုနှစ် နိုဝင်ဘာ  ၂၆  ရက်တွင်   စတင်တည်ဆောက်ခဲ့ရာ ၁၈၄၉ ခုနှစ်တွင် ပြီးစီးခဲ့သည်။  ထိုနှစ် မေ ၁ ရက်တွင်စေတီတော်ကြီးအား ထီးတော်တင်ခဲ့ပြီး လောကကြီး၏ ရန်သူများကို အောင်တော်မူသည့် မြတ်စွာဘုရားဟု အဓိပ္ပာယ်ရသည့် 'မဟာလောကမာရဇိန' ဘွဲ့အမည်တော်ပေးခဲ့သည်။ ဘုရားကြီး၏ အရှေ့နှင့် အနောက်မုခ် စေတီတော်ခြေရင်းတွင် ကြီးမားသော အနက်ရောင်သပိတ်ကြီး နှစ်လုံးစီကို မြင်ကြရသည်။ တောင်ဘက်မုခ်နှင့် မြောက်ဘက်မုခ် စေတီတော်၏ အောက်
ခြေနေရာများတွင် ဟိန္ဒူနတ်ရုပ်များကို တွေ့ရှိကြရပေသည်။

သခွတ်တနယ် ရာမ

ဆရာတော် ဦးညေယျသည် ၁၈ လက်မ ပတ်လည်၊ တစ်လက်မ အထူရှိသော သဲကျောက်ပြား ၃၄၇ ချပ်ပေါ်တွင် ရာမဇာတ်မှ ဇာတ်ကွက်များကို ထွင်းထုစေခဲ့ပြီး မဟာလောကမာရဇိနစေတီတော်ကြီး ပတ်လည်တွင် ကပ်လှူခဲ့သည်။ စေတီတော်တွင် ကပ်လှူထားသည့် ကျောက်ပြားများအနက် ၃၅ ချပ်ပျောက်ဆုံးခဲ့ပြီးနောက် ၁၉၇၂ ခုနှစ်တွင် ရှေးဟောင်းသုတေသနဦးစီးဌာနက  ဘုရားကြီးဝင်းအတွင်း၌ အဆောက်အအုံတစ်ခု ဆောက်
လုပ်ကာ ကျန်ကျောက်ပြားများအား ရွှေ့ပြောင်းထိန်းသိမ်းခဲ့သည်။ အဆိုပါ အဆောက်အအုံ၏ မျက်နှာစာတွင် 'ကုန်းဘောင်ခေတ် ရာမဇာတ်တော် သဲကျောက်ထွင်း ရုပ်ကြွပြတိုက်' ဟု ဆိုင်းဘုတ်တင်ထားပြီး
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပါဟု နှိုးဆော်ထားသည့် စာတန်းတစ်ခုကိုလည်း ချိတ်ဆွဲထားသည်။   

ရာမဇာတ်တော် သဲကျောက်ထွင်း ရုပ်ကြွပြတိုက်တွင် ကျောက်ထွင်း ရုပ်ကြွများအား တစ်တန်းလျှင် ၂၈ ချပ်စီရှိသော အတန်း ၁ဝ တန်း၊ တစ်တန်းလျှင် ၁၆ ချပ်စီရှိသော အတန်းနှစ်တန်း စုစုပေါင်း အတန်း  ၁၂ တန်း
တွင် ရုပ်ကြွ ၃၁၂ ချပ် ပြသထားသည်။ သဲကျောက်ပြား တစ်ခုစီ ပေါ်တွင် ထုလုပ်ထားသည့် ဖောင်းကြွရုပ်များသည် လက်မဝက်ခန့် ကြွတက်နေပေသည်။

ကျောက်ရုပ်ကြွပုံများ၏ ဒီဇိုင်းသည် ၁၉ ရာစု အလယ် လက်ရာများဖြစ်ပြီး ရုပ်ကြွအများစုသည် မူလအနေ အထားအတိုင်း ကောင်းမွန်စွာရှိနေကြသည်။ သို့သော် ကျောက်ချပ်အချို့တွင် ဖောင်းကြွရုပ်များပဲ့နေကြပြီး အချို့မှာ ပတ်ကြားများ အက်နေသည်ကို တွေ့ရသည်။ကျောက်ရုပ်ကြွများ၏  အပေါ်ရှိ  အင်္ဂတေနံရံပေါ်၌ အမှတ်စဉ်များ ရေးထိုးထားပြီး အချို့ကျောက်ပြားများပေါ်တွင် ဇာတ်ကွက်အမည်များကို ရေးထိုးထားသည်။သီတာမိဖုရား၊  ဟနုမာန်၊  မှော်ရုံဝင်၊ လက်စွပ်ဆက် စသည်ဖြင့်  ရေးသားထားသည့်  စာလုံးဝိုင်းများကို ရှင်းလင်းပီသစွာ မြင်တွေ့ကြရပေသည်။

ကျောက်ရုပ်ကြွတွင် ထုထားသော ရာမမင်းနှင့် ပတ်သက်၍ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း က 'ရာမမင်းဟာ ပလ္လင်ပေါ်မှာ မင်းမြောက်တန်ဆာ အပြည့်နဲ့ ဒူးတစ်ဖက်ထောင် တစ်ဖက်ချ ထိုင်နေတယ်၊ ဘယ်လက်ထဲမှာ(စာမရီ) သားမြီးယပ်ကို ကိုင်ထားတယ်၊ ဘယ်ဘက်မှာပဲ ဟင်္သာကွမ်းအုပ်ချထားတယ်၊ညာဘက်မှာတော့ ထီးသုံးလက်ထောင်ထားပါတယ်၊
ထီးတွေဟာ ပိတ်ထားတယ်၊ စည်းထားတယ်။ထီးဖြူဖွင့်ပြီး ဘယ်ညာထောင်ရင် ထီးနန်းစိုးစံဆဲ ဘုရင်ရဲ့ အထိမ်းအမှတ်ဖြစ်တယ်၊ ခုတော့ ထီးကို ပိတ်ထားတာမို့ ရာမဟာ အဲဒီအချိန်က ထီးနန်းစိုးစံနေတဲ့ မင်းမဟုတ်သေးဘူးလို့ ယူဆပါမယ်' ဟု သုံးသပ်ခဲ့သည်။

နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့သည့် ရာမဇာတ်လမ်းမှဇာတ်ကောင်များ၏ ဆင်ယင်ထုံးဖွဲ့မှုကို  ၁၉ ရာစု အလယ်၊ ကုန်းဘောင်ခေတ် နန်းတွင်းအဝတ်အစားများဖြင့် ထုလုပ်ခဲ့သဖြင့် ထိုခေတ် ယဉ်ကျေးမှုလက္ခဏာများ ကို လေ့လာနိုင်ကြသည်။

သမိုင်းပညာရှင် ဆရာကြီးဒေါက်တာသန်းထွန်းက သခွတ်တနယ် ကျောက်ရုပ်ကြွများတွင် ၁၈ ရာစုနှောင်းပိုင်း  လက်ရာများထဲမှ  မှတ်သားဖွယ်  ဒီဇိုင်းသုံးမျိုး အဖြစ်   ရှင်ဥပဂုတ္တ  ဒီဇိုင်း၊  ခဲပြားပုံသွင်းထားသည့် ဘုရားဆင်းတု၊ ကျောဘက်ရှိ ပန်းတွင် သစ်ပင်ကို ကွယ်၍ ပုန်းနေသည့်  ဘီလူးကြီးဒီဇိုင်းနှင့်  ခုတင်ကြီးတစ်လုံး၊ သေတ္တာဒီဇိုင်းတို့ကို ထုတ်နုတ်ပြခဲ့သည်။

ရှေးဟောင်းအဆောက်အအုံများ

ဘုရားကြီး၏ အရှေ့တောင်ထောင့်တွင် ဆရာတော် ဦးညေယျ တည်ထားခဲ့သည့် ရှေးဟောင်းတန်ဆောင်းကြီးကို ယနေ့တိုင်မြင်တွေ့နိုင်သည်။ ယင်းတန်ဆောင်းသည် စာများတွင် ပေ ၅ဝ ပတ်လည်ရှိကြောင်း ဖော်ပြခဲ့ကြပြီး ရန်ကုန်တက္ကသိုလ်မှ ရှေးဟောင်းသုတေသန သင်တန်းသားများနှင့် မိမိကိုယ်တိုင် တိုင်းထွာချက်အရ အလျား ၄၂ ပေ ကိုး လက်မ၊ အနံ ပေ ၄ဝ ကိုးလက်မခန့်ရှိကြောင်း တွေ့ရသည်။ အမိုးများမရှိတော့သည့် တန်ဆောင်းဟောင်းကြီးသည် မျက်နှာစာ အုတ်နံရံများ ကွဲအက်၍ အနောက်ဘက်သို့ အနည်းငယ် ယိုင်နေသည်။ ခမ်းနားစွာ တည်ဆောက်ခဲ့သည့် တန်ဆောင်းကြီး၏ ဝင်ပေါက်အမိုးခုံးများ၊ အမိုးနဖူးစည်းတွင် ထုလုပ်ထားသော ပန်းပုရုပ်များ၊ အမိုးတန်းအောက် နဖူးစည်းအနုလက်ရာများ၊ ကနုတ်ပန်းများကို တွေ့မြင်ကြရသည်။ ကျောင်းတိုက်ကြီးအတွင်း ခေါင်းရင်းပိုင်း (တောင်ဘက်)တွင် ပလ္လင်ခုံ တစ်ခုရှိပြီး ရုပ်ပွားတော်များကို မတွေ့ရပါချေ။ တန်ဆောင်းကြီးသည် တစ်ချိန်က နှစ်ထပ်အဆောက်အအုံတစ်ခုဖြစ်ခဲ့ဟန်ရှိကာ အပေါ်ထပ်သို့တက်သည့် လှေကားရာကို တွေ့ရှိခဲ့ကြရသည်။

ကျောင်းတိုက်အိုကြီး၏ အတွင်းနံရံများပေါ်တွင်  ရောင်စုံဆေးရေးပန်းချီများကို တွေ့ရှိရကာ ပန်းချီရုပ်များ ရေးဆွဲထားသည့် အင်္ဂတေအချို့မှာ ကွာကျနေပြီး ဆေးရေးပန်းချီများမှာ ပျက်စီးနေပြီဖြစ်သည်။ တန်ဆောင်းကြီး၏ အနောက်ဘက် နံရံပေါ်ရှိ ဆေးရေးပန်းချီပုံတွင် ပလ္လင်ပေါ်မှ မင်းသမီးကို မင်းသားဖြစ်ဟန်တူသူနှင့် နောက်ပါ တစ်ယောက်က ပလ္လင်ပေါ်မှ ဆင်းရန်လက်ကမ်းနေသည့်ပုံကို ထင်ရှားစွာ မြင်တွေ့ရသည်။ အရှေ့ဘက် နံရံဆေးရေးပန်းချီအောက်တွင် အနက်ရောင် စာလုံးဝိုင်းများဖြင့် ရေးသားထားသည့် မင်စာများတွင် 'ဟိမဝန္တာသို့ လာသည်တွင်' ဟူသည့် စာသားမှလွဲ၍ ကျန်စာသားများသည် သဲကွဲမှု မရှိသဖြင့် မဖတ်နိုင်ခဲ့ပါချေ။

ဘုရားကြီး၏ အရှေ့မြောက်ထောင့်တွင် မြင်တွေ့ရသည့် အဆောက်အအုံဟောင်းသည် မူလက မြေစိုက် အဆောက်အအုံတစ်ခုဟု ယူဆရပြီး ယခုအခါတွင် အုတ်တံတိုင်းအသစ် ကာရံထားသည်။ နှစ်ထပ်အမိုးသည် မူလလက်ရာများဖြစ်ပြီး အဆောက်အအုံ၏ အတွင်းပိုင်း မြောက်ဘက်အဆုံးတွင် ဘုရားဆောင်နေရာဟောင်းကို တွေ့ရှိရသည်။ အဆောက်အအုံအတွင်း၌ ပျမ်းမျှ လုံးပတ် ၆၃ လက်မရှိသည့် တိုင် ၂၈ တိုင်ရှိသည်။ တိုင်အောက်ခြေမှ ၄၃ လက်မ မြင့်သည့်နေရာ၌  ၁၃ လက်မ အမြင့်ရှိသော သဲပန်းပုချပ်များကို တိုင်လုံးများ ပတ်လည်တွင် ကပ်ထားသည်။ အရုပ်အများစုသည် ရာမဇာတ်တော်လာ ဇာတ်ကွက်များဖြစ်ကြကာ အချို့သော ပန်းပုရုပ်များသည် ခေါင်းကျိုး ခြေပြတ်ပျက်စီးနေကြသော်လည်း အများစုကို မူလအနေအထားအတိုင်း ထိန်းသိမ်းထားနိုင်သည်ကို တွေ့ရပေသည်။

ယင်းအဆောက်အအုံသည် တစ်ချိန်က တရားသဘင်များ၊ အလှူပွဲများ ကျင်းပခဲ့သည့် နေရာတစ်ခုဟု ယူဆရဖွယ်ရှိပြီး ယခုအခါတွင် အဆောက်အအုံအောက် ကြမ်းခင်းများကို ပြန်လည်ခင်းကာ အဆောက်အအုံ ကြံ့ခိုင်မှုအတွက် ကောင်းစွာထိန်းသိမ်းထားသည်။

ယဉ်ကျေးမှု မြင့်မားခဲ့သည့် နိုင်ငံများတွင် ရှေးဟောင်းအမွေအနှစ် ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုများ ကျန်ရှိကြမြဲဖြစ်ရာ မြန်မာနိုင်ငံအတွင်း သခွတ်တနယ် ရာမဇာတ် ရုပ်ကြွများကဲ့သို့သော ဒြပ်ရှိပစ္စည်းများနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအများအပြားကို ယနေ့တိုင် တွေ့မြင်နေကြရပေသည်။ ထို့ကြောင့်လည်း ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း (World Heritage) တွင် ပျူမြို့ဟောင်းများဖြစ်သည့် သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်းတို့ ပါရှိခဲ့သကဲ့သို့ မန္တလေးကုသိုလ်တော်ဘုရားရှိ ပိဋကတ်ကျောက်စာ  ၇၂၉ ချပ်၊ ဂျာမနီနိုင်ငံရှိ   အလောင်းမင်းတရားရွှေပေလွှာ၊ ပုဂံရှိ ရာဇကုမာရ်ကျောက်စာနှင့်   ပုဂံ  ရွှေစည်းခုံစေတီရှိ ဘုရင့်နောင်မင်းတရား ခေါင်းလောင်းစာတို့ကို ယူနက်စ်ကို အဖွဲ့က     ကမ္ဘာ့မှတ်တမ်း   အမွေအနှစ်များအဖြစ် အသိအမှတ်ပြုခဲ့သည်။

နိုင်ငံတစ်ခု၏ ယဉ်ကျေးမှုအဆင့်ကို ကြွင်းကျန်နေ သည့် ဒြပ်ရှိ ဒြပ်မဲ့ ယဉ်ကျေးမှုများဖြင့် ညွှန်းဆိုကြရသဖြင့် မြန်မာနိုင်ငံနေရာအနှံ့  တည်ရှိနေသည့်  သခွတ်သနယ် ရာမဇာတ်ရုပ်ကြွများအပါအဝင်   မြန်မာ့ရှေးဟောင်း
အမွေအနှစ်များကို  ရေရှည်တည်တံ့စေရန်    ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ကြရမည်သာ ဖြစ်ပေသည်။

ကောင်းစည်သူ
ကိုးကား
သမိုင်းထဲက ဒီဇိုင်း(ဒေါက်တာသန်းထွန်း)
မြန်မာရာမနိဒါန်း(ဇော်ဂျီ)
ရှေးဦး မြန်မာရာမအဖွင့် (ဇော်ဂျီ)
Ramayana in Burmese Literature and Arts(U Thein Han and U Khin Zaw)
Nyaung Kan Field Trip Report (Win Zaw)

No comments:

Post a Comment