Latest News

Monday, August 6, 2018

ရှစ်လေးလုံး အရေးတော်ပုံ နှစ် (၃ဝ) ပြည့်အထိမ်းအမှတ် နိုင်ငံရေးဆွေးနွေးပွဲများနှင့် အရေးတော်ပုံဆိုင်ရာ သမိုင်းမှတ်တမ်းပြခန်းများ ခင်းကျင်းပြသ

ရှစ်လေးလုံး အရေးတော်ပုံ နှစ် (၃ဝ)  ပြည့်အထိမ်းအမှတ် နိုင်ငံရေးဆွေးနွေးပွဲများနှင့် အရေးတော်ပုံဆိုင်ရာ  သမိုင်းမှတ်တမ်းပြခန်းများ ခင်းကျင်းပြသ


ရန်ကုန်    သြဂုတ်    ၆

ရှစ်လေးလုံးအရေးတော်ပုံ နှစ် (၃ဝ) ပြည့်အထိမ်းအမှတ် နိုင်ငံ ရေးဆွေးနွေးပွဲအခမ်းအနားကို   ယနေ့နံနက်ပိုင်းက   ရန်ကုန် တက္ကသိုလ်အပန်းဖြေရိပ်သာတွင်  ကျင်းပခဲ့သည်။ 
အဆိုပါအခမ်းအနားတွင်  တက်ရောက်လာသူများက ရှစ်လေးလုံးကာလတိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်ကို အလေး ပြုပြီး ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲတွင် ကျဆုံးခဲ့သော ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား ဦးညွတ်ဂုဏ်ပြု သောအားဖြင့် ရှစ်စက္ကန့်ငြိမ်သက်ခြင်း ပြုလုပ်သည်။
ဆက်လက်၍ ရှစ်လေးလုံးအရေးတော်ပုံ နှစ် (၃ဝ) ပြည့် အထိမ်းအမှတ် နိုင်ငံရေးဆွေးနွေးပွဲကို ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ဆက်လက်ကျင်းပရာ နံနက် ၁ဝ နာရီမှစတင်၍ 'ဒီမိုကရေစီရေးနှစ်သုံးဆယ်ခရီး' ခေါင်းစဉ်ဖြင့် လည်းကောင်း၊ နေ့လယ်ပိုင်းတွင်  'တိုင်းရင်းသားများ  တန်းတူညီမျှရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု' ခေါင်းစဉ်ဖြင့်လည်းကောင်း အစုအဖွဲ့ နှစ်စုခွဲကာ ဆွေးနွေးခဲ့ကြပြီး သြဂုတ် ၇ ရက်တွင် 'မြန်မာ့နိုင်ငံ ရေးနှင့်  စစ်အာဏာရှင်စနစ်' ခေါင်းစဉ်ဖြင့် ဆွေးနွေးမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲများမှ ရလာသော ရလဒ် များကို ပေါင်းချုပ်ပြီး သြဂုတ် ၈ ရက်တွင် နိုင်ငံတော်နှင့် ပြည်သူ လူထုသိရှိစေရန် ထုတ်ပြန်မှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

ယနေ့ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရှစ်လေးလုံး        အရေးတော်ပုံတွင်ပါဝင်ခဲ့ကြသူများ၊ ကျောင်းသား ကျောင်းသူ များနှင့် ရဟန်းရှင်လူ ပြည်သူများ တက်ရောက်ကြသည်။
 ထို့ပြင် ရန်ကုန်တက္ကသိုလ်အပန်းဖြေရိပ်သာ(RC)  တွင် ရှစ်လေးလုံးသမိုင်းပြတိုက်ရှိ စာစောင်များ၊ ဓာတ်ပုံများ၊ ဖြစ်ရပ် မှန်အသုံးပြုခဲ့သော  သတင်းစာများ၊  စာစောင်များပြသထား သည့်အပြင်   လက်လှည့်စာကူးစက်၊  ရေဒီယိုများ၊  တီဗွီများ၊ အလံများကို ပြသထားသည်။  ABSDFပြခန်း၊ ၉၆-၉၈ ကျောင်း သားလှုပ်ရှားမှုသမိုင်းပြခန်း၊ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်းပြခန်းအစရှိသော ပြခန်းရှစ်ခန်းပါဝင် ပြသထားပြီး ရှစ်လေးလုံးနှင့်ပတ်သက်သောစာအုပ်ဆိုင်များ လည်း ပါဝင်ပြသထားကာ  သြဂုတ် ၈ ရက်အထိ ပြသမည်ဖြစ် ကြောင်း သိရသည်။

သြဂုတ် ၈ ရက်တွင် ကျင်းပမည့် ရှစ်လေးလုံးနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို နံနက် ၁ဝ နာရီတွင် စတင် မည်ဖြစ်ပြီး ကိုမင်းကိုနိုင်က မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အပါအဝင် ရဲဘော်ရဲဘက်များ၊ အခြားမိတ်ဖက်အဖွဲ့အစည်းများမှ ပေးပို့ထားသော  သဝဏ်လွှာများကိုဖတ်ကြား၍ ဆွေးနွေးပွဲရလဒ် နှင့် တိုင်းပြည်အကြံပြုစာတမ်းကို ကိုသက်ထွန်းက  ဖတ်ကြား မည်ဖြစ်သည်။  အခမ်းအနားအတွက်  ကျေးဇူးတင်လွှာနှင့် နှုတ်ခွန်းဆက်ခြင်းကို ဦးကိုကိုကြီးက ပြောကြားမည်ဖြစ်ကြောင်း သိရသည်။

ထင်ပေါ်ဝင်း၊ ဓာတ်ပုံ - ထိန်လင်း

No comments:

Post a Comment