ရန်ကုန် သြဂုတ် ၂၅
မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသ များ၌ လောင်စာဆီဈေးနှုန်း ကျဆင်းစေရန် ရည်ရွယ်၍ မြန်မာ့မီးရထားမှ PILOT PROJECTအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ကွေ့မဘူတာမှ မန္တလေးတိုင်းဒေသကြီး မြို့ဟောင်းဘူတာအထိ ဒီဇယ်ဆီများ တင်ဆောင်သော ဆီလုံးရထားတွဲဆိုင်းကို ပထမဦးဆုံးအနေဖြင့် စတင်စမ်းသပ်ပြေးဆွဲ ပေးနေပြီ ဖြစ်သည်။
သြဂုတ် ၂၄ ရက် ည ၉ နာရီခရီးစဉ်ဖြင့် စက်ခေါင်းအမှတ်DF.1333 ကို အသုံးပြု၍ ကွေ့မဘူတာမှ စတင်ထွက်ခွာ ပြေးဆွဲပေးခဲ့ သည်။ အဆိုပါ ဆီလုံးရထားတွဲဆိုင်း ပြေးဆွဲရန် အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့်Resource Group Logistics ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းကာ ဆောင်ရွက်ပြေးဆွဲပေးခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သီလဝါစက်မှုဇုန်အနီးရှိ ကွေ့မဘူတာမှ မန္တလေးတိုင်းဒေသကြီး မြို့ဟောင်း
ဘူတာအထိ ပြေးဆွဲပေးခြင်းဖြစ်သည်။ ဆီလုံးရထား တွဲဆိုင်း၌ ဆီတိုင်ကီတွဲ ၁၁ တွဲနှင့် ဘရိတ်တွဲ တစ်တွဲတို့ဖြင့် တွဲဆိုင်းဖွဲ့ဆင်ကာ ပြေးဆွဲပေးနေခြင်းဖြစ်ပြီး ရထားတွဲဆိုင်း ခရီးစဉ်ကြာမြင့်မှုအချိန်အရ နာရီ ၂ဝ ကြာမြင့်ပြေးဆွဲမည် ဖြစ်ကာ ကွေ့မ-မြို့ဟောင်းဘူတာ၊ မြို့ဟောင်း-ကွေ့မ ဘူတာကို ဆီလုံးရထားတွဲဆိုင်းမှ အသွား၊ အပြန်ပြေးဆွဲပေး နေမည်ဖြစ်သည်။
မြန်မာ့မီးရထား မန်နေဂျာ(သွားလာရေး/တိုင်း)ဦးဇော်လွင်က ''ပြည်တွင်းကုန်ပစ္စည်းသယ်ဆောင်ရာမှာ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်သက်သာစေဖို့အတွက် ရည်ရွယ်ပြီး ဒီဇယ်ဆီတွေကို သယ်ဆောင်တဲ့ ဆီတင်ရထား တွဲဆိုင်းကို အများပြည်သူအတွက် ပြေးဆွဲပေးတာပါ။ ယာဉ်ထက်စာရင် ရထားနဲ့ သယ်ယူပို့ဆောင်တာဟာ ကုန်ကျစရိတ် ပိုမိုသက်သာစေပါတယ်။ တန်ဆာခနှုန်းထား ကတော့ တစ်တန် တစ်မိုင်ကို ငွေကျပ် ၃ဝ နှုန်းသတ်မှတ်ထား ပါတယ်။ ဥပမာ ရထားတွဲတစ်တွဲကို တန် ၃ဝ တင်ဆောင် မယ်ဆိုရင် အဲဒီ တန် ၃ဝ၊ ခရီးစဉ်မိုင်အကွာအဝေးနဲ့ တန်ဆာခ ကျပ် ၃ဝ ကို မြှောက်ပြီး တွက်ချက်လိုက်မယ်ဆိုရင် တန်ဆာခ ကျသင့်ငွေဖြစ်လာပါတယ်။ မနေ့က စတင် ပြေးဆွဲတော့ အတွဲလေးတွဲက သာစည်ဘူတာမှာဖြုတ်ပြီး ကျန်အတွဲ ခုနစ်တွဲကတော့ မြို့ဟောင်းဘူတာအထိ သယ်ယူ ပြေးဆွဲပေးခဲ့ပါတယ်'' ဟု ရှင်းပြသည်။
ဆီလုံးရထားတွဲဆိုင်းမှာ ခရီးစဉ်တစ်ခေါက်၌ ဒီဇယ်ဆီ ဂါလန် ၇၅ဝဝဝ ခန့်ထိ တင်ဆောင်နိုင်ပြီး ထိုကဲ့သို့ သယ်ဆောင်နိုင်ရန်အတွက် မလွှကုန်းတွဲပြင်အလုပ်ရုံမှ ဝန်ထမ်းများက လူစီးတွဲနှင့် ကုန်တွဲစက်ရုံ(မြစ်ငယ်)မှ ကျွမ်းကျင်ဝန်ထမ်းများနှင့်အတူ ဆီတိုင်ကီတွဲများကို ပူးပေါင်းပြင်ဆင် ဆောင်ရွက်ပေးထားခြင်းဖြစ်ကြောင်း၊ ဆီလုံးရထားတွဲဆိုင်း ပြေးဆွဲရန်အတွက် ကွေ့မဘူတာ၌ ဆီတိုင်ကီတွဲများကို ဆီဖြည့်တင်းပြီး ရန်ကုန်(ကွေ့မဘူတာ)မှ မန္တလေး(မြို့ဟောင်းဘူတာ)သို့ စတင်ထွက်ခွာပြေးဆွဲ ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဒီဇယ်ဆီများတင်ဆောင်သော ဆီလုံးရထားတွဲဆိုင်း ပြေးဆွဲပေးခြင်းနှင့် စပ်လျဉ်း၍Resource Group Logistics ကုမ္ပဏီလီမိတက်မှ တင်ဒါ အောင်မြင်ခဲ့သောကြောင့် ၂ဝ၁၆ ခုနှစ် မတ်လက လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် ပြည်သူများ သက်သာချောင်ချိရေးကို အလေးအနက် ထားပြီး အစဉ်တစိုက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် နောင်တွင် ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် ကုမ္ပဏီပိုင် စက်ခေါင်းနှင့် တွဲများကို အသုံးပြု၍ ဆီလုံးရထားတွဲဆိုင်း များ ပြေးဆွဲပေးသွားရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
သတင်း-ပွင့်သစ္စာ၊ ဓာတ်ပုံ-စိုးမြင့်အောင်
No comments:
Post a Comment