''တာတိရေ မွေးပြီဟေ့ ယောက်ျားလေး''
အိမ်အတွင်းမှ ဝမ်းဆွဲသည် ဒေါ်လှ၏ အသံကြောင့် ကိုတာတိ ထခုန်လေတော့ သည်။ မိမိတို့ဇနီးမောင်နှံ ပူးပေါင်း၍ ကမ္ဘာလောကကြီးအား လူသားတစ်ယောက် လက်ဆောင်ပေးခဲ့နိုင်ပြီ။ အတန်ကြာသော် ဒေါ်လှမှာ ကလေးအား အနှီးဖြင့်ထုပ်၍ ကိုတာတိကို လာပြသည်။ ကိုတာတိ ကလေး ကိုကြည့်၍ မျက်လုံးပြူးသွား၏။ ကလေးသည် ဖြူဖြူဖွေးဖွေး ဝဝတုတ်တုတ် ချစ်စရာကြီးဖြစ် သည်။ ကိုတာတိသည် ကလေးအား ဒေါ်လှထံ ပြန်ပေးကာ လိုအပ်သည်များကို ပြုလုပ်ပေး၍ ကမ်းစပ်ဘက်သို့ ထွက်ခဲ့သည်။ ခေါင်းထဲတွင် အတွေးများချာချာလည်နေ၏။ ကလေးလေး မျက်နှာအကျမှာ သူရင်းနှီးစွာမြင်ဖူးသူ လူတစ် ယောက်နှင့်တူနေသည်ဟု ထင်နေသည်၊၊ ထို့အပြင် မိမိတို့ဇနီးမောင်နှံ နှစ်ယောက်လုံးမှာ အသားညို၏။ ကလေးလေးမှာ ဖြူဖွေးနေ၏။ ထိုအရာသည်လည်း ကိုတာတိအတွက် စဉ်းစားစရာ ဖြစ်နေသည်။
ရက်မှလသို့ ပြောင်းခဲ့ပြီ။ ကိုတာတိ အတွက် ကလေးမှာ ကြာလေ တစ်ယောက် ယောက်နှင့်တူလေ ခံစားနေရသည်။ မည်သူ နှင့် တူသည်ကိုသာ စဉ်းစားမရဖြစ်နေ၏။ အတွေးလွန်နေသဖြင့် ဆေးပေါ့လိပ်တစ်လိပ် ကုန်သွားသည်ကိုပင် သတိမထားမိလိုက်။
''ကိုတာတိ၊ ရှင်ဘယ်လိုဖြစ်နေတာလဲ၊ ငူငူငိုင်ငိုင်နဲ့ လှမ်းထားတဲ့ ကလေးအနှီးတွေ သွားယူပေးဦး''
ကိုတာတိ လေးကန်သောခြေလှမ်းများနှင့် ကလေးအနှီးများရုပ်၍ ဇနီးသည်အား ပေးလိုက်သည်။ ကလေးလေးအား ကြည့်၍ စိတ်ထဲ စနိုးစနောင့်ဖြစ်နေ၏။ မိမိနှင့်မတူ သည်မှာ သေချာသည်။
''တင်ရီ ငါ ငါးဖမ်းထွက်ဦးမယ်''
''အင်း ရှင့်သဘောလေ'' ကိုတာတိ ပိုက်ကွန်ကိုထမ်း၊ လှော်တက်ကိုယူလိုက်သည်။
''ကိုတာတိ သားကိုနှုတ်ဆက်သွားဦးလေ'' ကိုတာတိသည် အိပ်ပျော်နေသော ကလေး အား တစ်ချက်ကြည့်၍ ပြုံးပြလိုက်သည်။
''ရှင်ကလည်း ဝတ်ကျေတမ်းကျေ နှုတ်ဆက်နေတယ်။ ရှင်တစ်ခုခုတော့ တစ်ခုခု ပဲနော်'''
''ဘာမှ မဖြစ်ပါဘူးတင်ရီ၊ ငါသွားပြီ'' ကိုတာတိ ကမ်းစပ်သို့ ဆင်းခဲ့သည်။ လှေငယ် ကို လှော်၍ ထွက်ခဲ့သော်လည်း ငါးရှာချင်စိတ် အလျှင်းမရှိ။ ကလေးမှာ မိမိသွေးသားရင်း ဟုတ်ပါလေစ။ ကလေးအဖေက မည်သူနည်း၊ ရွာထဲမှ အရွယ်ရောက် ယောက်ျားတိုင်းကို တစ်ယောက်ပြီးတစ်ယောက် စဉ်းစားပုံ ဖော်ကြည့်သည်။ ဘယ်လိုမှ မဖြစ်နိုင်။ ကလေးလောက်သားနားပြီး ဖြူဖွေးချောမွတ် ရုပ်ဆင်သူ ရွာထဲမှာ တစ်ယောက်မျှမရှိ။ ရေပြင်ကျယ်ကို ဖြတ်၍တိုက်ခတ်လာသည့် လေနုအေးအေးလေးများသည် ကိုတာတိ၏ ရင်ထဲက အပူမီးထိမရောက်။ စဉ်းစားရလွန်း၍ ခေါင်းများပင် ပူလာ၏။ တင်ရီ၏ရုပ်လေးက အချောကြီး မဟုတ်သော်လည်း ကိုယ်လုံး ကိုယ်ပေါက်မှာ အိမ်ထောင်သည်ဟုပင် ထင်စရာမရှိ။ တင်ရီ၏အချစ်ကိုရဖို့ ကာလ သားများနှင့်အပြိုင် ကိုတာတိကြိုးစားခဲ့ရသည်။ ထိုကာလသားများလည်း အသီးသီးအိမ်ထောင် ကျကုန်ပြီ။ ရွာထဲကတော့ မဟုတ်သည်မှာ အသေအချာပင်။ တစ်ယောက်ယောက်နှင့် တူနေသည်မှာလည်း အသေအချာပင်။ ကိုတာတိ သက်ပြင်းရှည်ကြီး ချလိုက်သည်။ ထိုစဉ်ခေါင်းထဲ ဖျတ်ခနဲ အတွေးတစ်ခုဝင်လာ ၏။
အမျိုးသမီးတစ်ယောက် ကိုယ်ဝန်စလွယ် ရချိန်မှ မွေးဖွားချိန်အထိ ကိုးလလွယ် ဆယ်လ ဖွား၊ ကိုတာတိ ခေါင်းထဲ လင်းလက်သွား၏။ ''ရွာထဲက မဖြစ်နိုင်ရင် လွန်ခဲ့သော တစ်နှစ် ဝန်းကျင်က ရွာကို ဘယ်သူတွေလာသေးလဲ။ ဟုတ်ပြီ မြို့ကကျောင်းသား ကျောင်းသူတွေ အဖွဲ့ လေ့လာရေးဆိုပြီးလာတယ်'' ကိုတာတိ တောက်တစ်ချက် ပြင်းပြင်းခေါက်လိုက်၏။ ကလေးမျက်နှာနှင့် တူသည့် တစ်ယောက်ကို ကိုတာတိ စဉ်းစားမိလေပြီ။ သားသားဆိုတဲ့ ချာတိတ်တစ်ယောက်။ ဖြူဖြူနွဲ့နွဲ့နှင့် ယောက်ျားမှန်းမသိ၊ မိန်းမမှန်းမသိတဲ့ အကောင်။ ဆံပင်မှာလည်း မျက်လုံးတစ်ဖက် အုပ်၍ နီကြောင်ကြောင်နှင့် မြင်ရင်ရိုက်ချင် စရာပုံစံ။
ကျောင်းသား ကျောင်းသူတွေရောက်လာ ကတည်းက သားသားဆိုတဲ့ ကောင်လေးကို သူသိပ်ကြည့်မရ။ တင်ရီအား မမ မမနှင့် ပွတ်ကာသီကာ ဓာတ်ပုံရိုက်လိုက်၊ တူတူချက် လိုက်ပြုတ်လိုက်၊ တင်ရီကလည်း မောင်လေး မောင်လေးနှင့် ကြည့်မရ။ ရွာမှာရှိနေချိန်ထိ တတွဲတွဲနှင့်။ အခြား ကျောင်းသား ကျောင်း သူများ အိပ်ချိန်မှာပင် သူတို့နှစ်ယောက် စကားပြောကောင်းကြဆဲပင်။ ထို့ပြင် ပြန်ခါနီး အားလုံး အေးအေးဆေးဆေး ဖြစ်ပေမယ့် သူတို့နှစ်ယောက်သာ တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင် မျက်ရည်တွေကျ။ ထိုအချိန်က ဧည့်သည်ဆိုသည့် အသိနှင့် ကိုတာတိ စိတ်ကိုထိန်းထားရသည်။ သေချာ ပါပြီ၊ သေချာပြီ။ ဒေါသများက ရင်တစ်ခုလုံးကို ရိုက်ခတ်နေသည်။ ကိုတာတိ လှေကိုပြန်လှည့် ခဲ့၏။ ဖောက်ပြန်သည့် မိန်းမကို သူထိုက်သင့် သည့် အပြစ်ဒဏ်တော့ ပေးရမည်။
''တင်ရီရယ် ငါ့မှာတော့ နင့်ကို အသက် ထက်မက ချစ်လိုက်ရတာ၊ ဘဝတစ်ခုလုံးနှစ်ပြီး ချစ်လိုက်ရတာ နင်လုပ်ရက်တယ် တင်ရီရယ်''
ကိုတာတိ တစ်ယောက်တည်း ရေရွတ် လိုက်သည်။ ကလေးကိုရော သူဘယ်လိုလုပ်ရ မည်လဲ၊ စိတ်ထဲ အလိုလိုဝမ်းနည်းလာသည်။ စိတ်ကိုထိန်း၍ သွေးအေးအေးနှင့်စီရင်မှဖြစ် မည်ဟု ဆုံးဖြတ်လိုက်သည်။ ကိုတာတိ သက်ပြင်းရှည်ကြီးချလိုက်၏။ ကိုတာတိစိတ် သည် ဂနာမငြိမ်၊ ပူလိုက်အေးလိုက် ဝမ်းနည်း လိုက် ဒေါသဖြစ်လိုက်နှင့် စိတ်တွေယောက်ယက် ခတ်နေတော့သည်။
''တင်ရီ ငါနင့်ကို ချစ်တော့ ချစ်တယ်။ ဒါပေမယ့် လောကမှာ ငါအမုန်းဆုံးလူက သစ္စာမဲ့သူရဲ့ သစ္စာရှိဟန်ဆောင်တာကိုပဲ။ တင်ရီ နင်နဲ့ထိုက်တန်တဲ့အပြစ် နင်ခံရမယ် တင်ရီ ဟားဟားဟား''
ကိုတာတိ အရူးတစ်ယောက်ပမာ တစ်ယောက်တည်း စကားပြောလိုက်၊ ရယ်လိုက် နှင့် လှေကို ကမ်းကပ်လိုက်၏။ ထို့နောက် ကမ်းတွင် လှေကိုချည်ပြီးနောက် အိမ်သို့ ပြန်လာခဲ့သည်။ ခါးကြားတွင် ဓားမြှောင်ကို ထိုးထည့်လိုက်သည်။ မျက်ဝန်းမှာ မျက်ရည် များ စီးကျနေ၏။
''ကိုတာတိ ကလေးက ကိုတာတိနဲ့ တထေရာတည်းပဲနော်''
''ကိုတာတိ ကလေးအဖေဖြစ်ပြီနော်၊ ဂုဏ်ယူပါတယ်ဗျို့''
''ကိုတာတိနော် အရက်လျှော့သောက် ကလေးအဖေဖြစ်နေပြီ ဟဲဟဲ''
''ကိုတာတိတို့များ ကံကောင်းတာ၊ ကလေးလေးက ကိုတာတိနဲ့ တူတဲ့အပြင် ဖြူဖြူ ဖွေးဖွေး ချစ်စရာလေး၊ ကလေးအတွက် အရင်ထက် ပိုရှာပေတော့ ကလေးအဖေ ကိုတာတိရေ''
''သောက်ကောင်တွေ၊ ကောင်မတွေ ငါ့ကို လာမရိကြနဲ့'' ကိုတာတိ အော်ပစ်လိုက်၏။ စိတ်ထဲမှ ဖြစ်သည်။ ကိုတာတိ အားလုံးကို ပြုံးသာပြနေလိုက်၏။ လမ်းမှလူများ၏ နှုတ်ဆက်မှုသည် ကိုတာတိအတွက် ပို၍ မခံချင်ဖြစ်ရ၏။ ဒေါသလှိုင်းတံပိုး မြင့်မား အောင် တွန်းတင်ပေးနေသလိုဖြစ်နေသည်။ ကိုတာတိ ခါးကြားမှ ဓားကို လက်နှင့်စမ်းကြည့် လိုက်၏။ အသားများ တဆတ်ဆတ်တုန်နေ၏။ ဒေါသအဟုန်ဖြင့် ကိုတာတိ အိမ်ခြံဝင်းလေးထဲ ဝင်လိုက်၏။ အိမ်ပေါ်ကိုတစ်ချက်ကြည့်လိုက် သည်။ ဧည့်သည်ရောက်နေ၏။ ကိုတာတိ အသာလေး အိမ်ရှေ့ကွပ်ပျစ်တွင် ထိုင်လိုက် ၏။ အိမ်ပေါ်မှ ဧည့်သည်နှင့် ဇနီး မတင်ရီ စကားပြောနေသည်ကို အတိုင်းသားကြားနေရ သည်။
''အစ်မရေ ကျွန်တော်ဒီနားကမြို့ကို လာရင်း ဝင်လာတာ။ သားသားကလည်း အစ်မအတွက် လက်ဆောင်ပေးလိုက်တယ်'' ကိုတာတိ ခေါင်းမတ်သွား၏။ ခါးကြားမှ ဓားကိုထုတ်၍ လက်ထဲကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
''ဟုတ်လား မောင်လေး။ သားသားရော နေကောင်းရဲ့လား။ အစ်မက သူ့ကိုမောင်လေး လိုချစ်တာ''
ကိုတာတိ တံတွေးပစ်ခနဲထွေးလိုက်၏။ မောင်လေးတစ်ယောက်လိုက ကလေး တစ်ယောက်ရရောလား တင်ရီ။ ကိုတာတိ စိတ်ထဲမှ ကျိတ်ပြောရင်း ကြိမ်ဆဲပစ်လိုက် သည်။
''ဟုတ်တယ် အစ်မရေ။ သူကလည်း အစ်မ ကို အရမ်းချစ်တာ။ ဒါပေမယ့် သူအိမ်ထောင် ကျသွားပြီ''
''ဘယ်လို ဘယ်လို'' ကိုတာတိအသာလေး ငြိမ်၍ နားစွင့်နေလိုက်သည်။
''ဟုတ်တယ်အစ်မရေ၊ သဘာဝကို လွန်ဆန်လို့မှ မရတာ။ သူ့ခင်ပွန်းက စင်ကာပူ ပြန် အစ်မရေ။ ခုတော့ အိမ်မှုကိစ္စတွေ သင်နေ ပြီ။ သူ့ယောက်ျားကို ချစ်လိုက်တာလည်း လွန်ပါရော အစ်မရေ ဟားဟား''
''ဟုတ်လား အမှန်ဆို အဲလိုပဲ ဖြစ်သင့်တာ လေ။ မိန်းကလေးက မိန်းကလေးလိုနေတာ အကောင်းဆုံးပေါ့။ သူက မောင်လေးဆိုတော့ လည်း အစ်မက မောင်လေးလိုက်ရတာ ဝမ်းသာပါတယ်ကွယ်''
''ဟုတ်ပ အစ်မရေ။ ယောက်ျားလေး စိတ်ပေါက်နေတာ လုံးလုံးကြီးပျောက်သွားပြီ''
ကိုတာတိ သူ့နားကို သူမယုံနိုင်အောင် ဖြစ်နေရသည်။ အတိတ်မေ့သလိုလို ဖြစ်နေ၏။ ရင်ထဲဆို့၍ မျက်ရည်များစီးကျလာ၏၊ လက်မောင်းတစ်လျှောက် ကြက်သီးမွေးညင်း များ ထကုန်သည်။ ထို့နောက် ကိုတာတိသည် ဓားကို လွှတ်ချ၍ အိမ်ပေါ်ပြေးတက်ကာ ဧည့်သည်ရှေ့ပင်မရှောင် ဇနီးတင်ရီ၏ ပါး နှစ်ဖက်အား အနမ်းပေး၍ အိမ်ပျော်နေသော ကလေးကို ကြည့်လိုက်သည်။ ကလေးကို ကြည့်ရသည်မှာ မှန်ကြည့်သလို ကိုတာတိ ခံစားလိုက်ရ၏။ ထို့ကြောင့် ရွာသူ ရွာသား များက ကလေး မိမိနှင့်တူကြောင်း အတည် ပြောမှန်း ကိုတာတိ သိလိုက်ရသည်။
''သားလေး ငါနဲ့တော်တော်တူတာပဲ။ ငါ့သားကွ သားလေးလာပါဦးကွာ၊ ဖေဖေ့ သားလေး''။ ကိုတာတိ ကလေးအား ကောက်ချီ လိုက်သည်။ တင်ရီနှင့် ဧည့်သည်မှာ ကိုတာတိအား အံ့သြခြင်းများစွာနှင့် မျက်လုံး ကြီးပြူး၍ ကြည့်နေကြ၏။ ကိုတာတိသည် ကလေးအား မြှောက်ချီကာ အသံသြသြကြီးဖြင့်
''ငါရဲ့သားလေးကို ငါအမည်ပေးမယ်။ ဒီနေ့ကစပြီး ငါ့သားလေးကို ငတိဟု ခေါ်တွင် စေ''
ကိုတာတိသည် ကလေးကိုတစ်ဖက်ပိုက်၍ တစ်ဖက်မှ ဇနီးတင်ရီအား တင်းတင်းကျပ်ကျပ် လေးဖက်ထားလိုက်သည်။
''တင်ရီရယ် နင်နဲ့သားလေးကိုငါ အသက် ထက်မက ချစ်ပါတယ် တင်ရီရယ်။ မသိစိတ်မှာ ပုန်းအောင်းနေတဲ့ အတိတ်က သံသယအရိပ် လည်း မရှိတော့ပါဘူး တင်ရီရယ်။ အရမ်း ချစ်တယ် တင်ရီ''
မျက်ရည်စများနှင့် အကြိမ်ကြိမ်ထပ်ကာ ထပ်ကာ ပြောနေသည့် ကိုတာတိအား မတင်ရီ သည် နားမလည်ခြင်းများစွာနှင့် ငေးကြည့်နေ လေတော့သည်။
အိုခေမီ
No comments:
Post a Comment