Latest News

Sunday, August 19, 2018

ဆီးချိုနဲ့ အတူနေထိုင်ခြင်း

ဆီးချိုနဲ့ အတူနေထိုင်ခြင်း

''ဆရာ ကျွန်မ ဘာမှမစားဘဲနေတယ်။ ဒါလည်း  ဆီးချို
တက်တာပါပဲ။ ရေသောက်ရင်တောင်တက်နေလား မသိပါဘူး''

ဆီးချိုရောဂါဝေဒနာသည်များဆီက မကြာခဏကြား
ရလေ့ရှိတဲ့စကားပါ။ ဆီးချိုဟာ အစားသောင်းကျန်း အစားမဆင်ခြင်လို့ဖြစ်တယ်ဆိုတဲ့ အယူအဆဟာ လူနာနဲ့ လူနာရှင်တော်တော်များများသာမက ဆရာဝန်တွေမှာပါ စွဲကပ်နေတဲ့အစွဲတစ်ခုပါ။

ဒီအစွဲကနေဖြစ်လာတာက ဆီးချိုရောဂါသည်များကို ခွဲခြားဆက်ဆံတဲ့ စနစ်တကျအနိုင်ကျင့်မှုကြီးပါပဲ။

''ခင်ဗျားက အစားမှမဆင်ခြင်ဘဲ ဆေးသောက်လည်း အလကားပဲ'' စသဖြင့် ပြောကြဆိုကြပါတယ်။

''အစားသရမ်းတယ်။ အစားမက်တယ်လို့'' ပြောခံရ
တော့ လူနာတော်တော်များများဟာ မျက်နှာလေးမှုန်ပြီး ကုပ်(ဂုတ်)ပု သွားတတ်ကြပါတယ်။

အချိုစားတာနဲ့ ဆီးချိုဟာ တကယ်တော့ ကြက်ဥနဲ့ ကြက်မလိုပါပဲ။ ဘယ်သူအရင်လာလဲဆိုတာကို မကွဲပြားပါဘူး။ နောက်ပိုင်းလေ့လာတွေ့ရှိချက်တွေအရ လူ့ခန္ဓာကိုယ်ဟာ ဆီးချိုဖြစ်ပြီးနောက်မှာမှ အချိုကို ပိုတောင့်တလာတတ်တယ်လို့ သိရပါတယ်။

တကယ်တော့ ဆီးချိုရောဂါအမျိုးအစား (၂) ဟာ စစချင်းမှာ သကြားကို ခြေဖျက်တဲ့ အင်ဆူလင်ဟော်မုန်း အထွက်နည်းတာမဟုတ်ဘဲ ထွက်သမျှအင်ဆူလင်ကိုကိုယ်ခန္ဓာက မသိတာက စပါတယ်။ ဦးနှောက်ထဲက
အစာစားဖို့ထိန်းချုပ်ပေးတဲ့ နေရာမှာ အင်ဆူလင်နဲ့ဆက်စပ်ဟော်မုန်းတွေ ထိန်းချုပ်မှုမမှန်တာကြောင့်ဆီးချိုဖြစ်ပြီဆိုရင်       ''အချိုကို    တမ်းတခြင်း'' ဖြစ်ရတာပါ။

ဆီးချိုကြောင့် ဆီးသွားလွန်ပြီး ရေဓာတ်ခန်းခြောက်
နေတာကြောင့် အရည်ရွှမ်းတဲ့အသီးတွေ၊ ဖျော်ရည်တွေ
တွေ့ရင် အရူးအမူးဖြစ်စေပါတယ်။ အရင်က ဖရဲသီး၊
သင်္ဘောသီးမစားတဲ့လူက ဆီးချိုဖြစ်ပြီးမှ အလွန်စား
ကြတာ တွေ့ဖူးပါတယ်။

တစ်ခါက ဆီးချို ၄ဝဝ-၅ဝဝ ကျော်တက်တဲ့ လူနာတစ်ယောက်က ဘာပြောဖူးလဲဆိုတော့ ''ဆရာ ကျွန်တော် အခု ဆီးချိုတက်မှာမို့ ထမင်းမစားတော့ဘူး။ ဖရဲသီးပဲစားတော့တယ်။ဒါပေမယ့် ဖရဲသီးစားလည်း တက်တာပါပဲ'' လို့ ညည်းတွားဖူးပါတယ်။

ဆီးချိုရောဂါကိုကုရာမှာ 'ဘာမှမစားနဲ့' လို့ပြောတာ
ထက် ဘယ်လိုအချိန်မှာတော့ ဘယ်အစားအစာတွေကို မစားနဲ့လို့ ပြောတာက ပိုမှန်ပါတယ်။ လူနာကို အစားအစာရွေးချယ်တတ်အောင် သင်ပေးတာ အမှန်ဆုံးပါပဲ။

ကျွန်တော့်ဆရာကြီး  ဦးတင့်ဆွေ
လတ်က သူ့လူနာတွေကို ဆီးချိုတက်ချိန်မှာ

၁။ သစ်သီး၊ သစ်သီးဖျော်ရည်တွေ
၂။ အချိုရည်တွေ (ရေဆာရင် ရေပဲသောက်ပါ)
၃။ မုန့်အချိုတွေကို ရှောင်ခိုင်းလေ့ရှိပါတယ်။

ဆရာကြီးက သူ့လူနာတွေကို ထမင်းဟင်း၊ ခေါက်ဆွဲ စတာတွေကို ကောင်းကောင်းမွန်မွန်စားခိုင်းပါတယ်။ ဆီးချိုရောဂါသည်တွေအတွက် ပတ်ဝန်းကျင်မှာ ဆေးဝါးသာမက အစားအစာနဲ့ပတ်သက်ရင်ပါ အယူအမှားတွေ ရှိနေပါတယ်။

ဥပမာ အိန္ဒိယကလာတဲ့Basmati ဆန်စားရင် ဆီးချို
မတက်ဘူးဆိုပြီးBasmati ဆန် အစစ်မမြင်ဖူးတဲ့ လူတွေ
ကို ငကျွဲသာသာလောက်ရှိတဲ့Long Grain Rice  တွေကို
လိမ်ရောင်းတာ ဝယ်စားတဲ့လူတွေလည်း တွေ့ဖူးပါ တယ်။

အတွေ့အကြုံအရ ဆီးချိုလူနာအများစုဟာ ညစာ
မစားတာတို့ ထမင်းတစ်နပ်ရှောင်တာတို့လုပ်ပြီး ထမင်း
အစားကို အချိုရည်တွေ၊ အသီးတွေနဲ့ ဗိုက်ဖြည့်ကြပြီး ကိုယ့်ဟာကိုယ် ကျန်းမာရေးဂရုစိုက်လှပြီလို့ ထင်တာ
ပါပဲ။ ဒါဟာ အတော်မှားတဲ့ အမူအကျင့်ဖြစ်ပြီး ဒီလို
လုပ်တဲ့လူနာကို ကုရအတော်ခက်ပါတယ်။

လူနာတွေအနေနဲ့က ကိုယ်ဟာ အချိုတွေ၊ အရည်
ရွှမ်းတဲ့အသီးတွေကို တမ်းတလာပြီဆို ဆီးချိုတော့
ဖောက်နေပြီဆိုတာ သိသင့်ပါတယ်။ အကောင်းဆုံး
ကတော့ နေ့လယ်စာ၊ ညနေစာ မစားခင်နဲ့ စားပြီးအချိန်
တွေမှာ ဆီးချိုကို ရှောင်တခင်စစ်ကြည့်သင့်ပါတယ်။ အင်ဆူလင်ထိုးမနေတဲ့ လူနာဆိုရင် တစ်ပတ်ကို သုံးလေးကြိမ်လောက်စစ်ရင်ရပါတယ်။ ဒီလိုဆို ကိုယ်က ဒီနေ့တော့ ဘာရှောင်မယ်ဆိုပြီး အစားအစာကို ရွေး
ချယ်စားတတ်ဖို့လိုပါတယ်။

ဒီနေရာမှာ လူနာတွေဟာ ဆရာဝန်စကား နား
ထောင်တာထက် ကိုယ့်ဆီးချိုရဲ့အထာကို ကိုယ်သိဖို့လို
ပါတယ်။ အသက်ကို ဥာဏ်စောင့်ဖို့လိုပါတယ်။ ဆီးချို
ကြောင့် စောစောစီးစီးသေသွားကြသူအများဟာ ဆီးချို
တက်နေရင် ဘယ်အစားကိုတော့ ရှောင်ရမယ်ဆိုတာကို မသိကြလို့ပါ။

နောက်တစ်ခုသိထားရမှာက ဆီးချိုရောဂါဟာ အမြဲရွေ့လျားပြောင်းလဲနေပါတယ်။ တချို့လူနာတွေရဲ့ ဆီးချိုဟာ ဆေးတစ်မျိုးတည်းသောက်ပြီး တစ်သက်လုံး ငြိမ်နေပေမယ့်   တချို့လူနာတွေရဲ့ဆီးချိုဟာ  ဆေး
သောက်၊ အစားဆင်ခြင်ပေမယ့် တရွေ့ရွေ့တိုးနေတဲ့ သဘောရှိပါတယ်။   ဒါဟာလည်း   လူနာရဲ့  အပြစ် မဟုတ်ဘဲ သူ့ရောဂါကိုက ဆေးတစ်မျိုးတည်းနဲ့မတိုး တော့တာပါ။

ဒီလို တရွေ့ရွေ့ဆိုးလာတဲ့ ဆီးချိုတွေကို မြန်မာပြည် မှာ ကုရတာ တော်တော်ခက်ပါတယ်။

အဓိကကတော့  ဆေးဝါးမစုံလင်တဲ့ ပြဿနာပါ။
ယနေ့ မြန်မာပြည်မှာ  ဆီးချိုရောဂါကို တစ်ဖက်ကမ်း
ခတ်ကုသနိုင်တဲ့ အထူးကုဆရာဝန်ကြီးတွေရှိပေမယ့် ပြည်သူတွေတကယ်ရနေတဲ့ ကုသမှုကတော့ အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင်တောင် ၁ဝ နှစ်လောက် နောက်ကျနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးဝါးအသစ် တွေကို ပြည်တွင်းကိုသွင်းရာမှာ မလိုအပ်ဘဲ ကြန့်ကြာနေ
မှုတွေရှိနေလို့ပါ။

အခုဆိုရင် Metformin   နဲ့Diamicron  ဆိုတဲ့ ဆေးနဲ့
သူ့အနွယ်တူဆေးတွေကလွဲရင် ကျန်တာ  Pioglidazone
ဆိုတဲ့Side Effect  များလွန်းလို့  ကမ္ဘာ့နိုင်ငံတော်
တော်များများမှာ မသုံးတော့တဲ့ဆေးရယ် ကောင်းပေ မယ့် အားပျော့တဲ့Sitagliptin အုပ်စုတွေကလွဲရင် သောက်ဆေးမှာ ရွေးချယ်စရာ သိပ်မရှိပါဘူး။ အင်ဆူလင်ဆိုလည်း နှစ်မျိုး  သုံးမျိုးလောက်သာရှိပြီး တစ်
နိုင်ငံလုံးအနေနဲ့ဆို အင်ဆူလင်ကို ကျွမ်းကျွမ်းကျင်ကျင်
အသုံးပြုကုသရဲတဲ့ဆရာဝန် တော်တော်ရှားပါတယ်။

ခုဆိုရင် သွေးထဲမှာပိုနေတဲ့ သကြားတွေကို ဆီးထဲ
ကနေ    စွန့်ထုတ်ပစ်နိုင်တဲ့Dapagliflozin  ဆိုတဲ့
ဆေးတွေ၊ တစ်ပတ်တစ်ကြိမ်သာထိုးရတဲ့GLP-1 Analog 
  တွေ၊ သုံးရက်တစ်ကြိမ်ပဲထိုးရတဲ့Insulin တွေ တခြား
နိုင်ငံတွေမှာ သုံးနေကြပါပြီ။ အဓိကလိုအပ်
တာကFDA အနေနဲ့က ပြည်သူအတွက် အကျိုး
ရှိမယ့်ဆေးတွေကို မြန်မြန်ခွင့်ပြုဖို့နဲ့ ဆေးကုမ္ပဏီတွေ အနေနဲ့လည်း  ရှိပြီးသားဆေးတွေကိုပဲ  အပြိုင်အဆိုင်သွင်းနေမယ့်အစား  ဆေးအသစ်တွေကို လေ့လာပြီး အထူးကုဆရာဝန်များနဲ့   တိုင်ပင်ကာ  သွင်းသင့်ပါ
တယ်။ နောက်ပြီး ရိုးရှင်းပြီး ကုရလွယ်တဲ့ ဆီးချိုလူနာ
တချို့ကို မိသားစု ဆရာဝန်တွေလက်ထဲ လွှဲပေးဖို့
ဖြစ်ပါတယ်။

ခုဟာကMetformin Diamicron ပြီးလို့ ဆီးချို
မထိန်းနိုင်တော့ရင် 'နင်အစားပုတ်လို့ဖြစ်တာ' ဆိုပြီး ရှေ့
ဆက်တိုးလို့မရဘဲ   ဖြစ်နေပါတယ်။ Insulin စဖို့ကျ
ပြန်တော့လည်း  ပေးမယ့်လူက မပေးရဲသလို လူနာက
လည်း အသားနာမှာမို့   ကြောက်ကြပါတယ်။ ဒီလိုနဲ့ပဲ
လူနာတွေဟာ   ကျောက်ကပ်တွေပျက်ပြီး ဆီးချိုရဲ့
နောက်ဆက်တွဲတွေကို  မရှုမလှခံရကာ  ဇာတ်သိမ်းကြရ
ပါတယ်။

ဒီတော့ အချုပ်အနေနဲ့ပြောရရင်-

၁။ ဆီးချိုဟာ သင်အစားပုတ်လို့ဖြစ်တာထက် ဆီးချို ကြောင့် အစားပိုစားမိနေတာပါ။

၂။ ထမင်းဟင်း သုံးနပ် မှန်မှန်စားပြီး ဆေးမှန်မှန် သောက်ရင် သင့်တာဝန်ကျေပါတယ်။ ဒါမှ ဆီးချို တက်ရင် ဆရာဝန်ရဲ့တာဝန်ပါ။

၃။ ဆီးချိုကိုတိုက်ရာမှာ လက်နက်အသစ် ဆေးအသစ်
တွေလိုသလို တပ်သားအသစ်ဖြစ်တဲ့GP  တွေကို 
Insulin  စပေးနိုင်လောက်အောင် အရည်အသွေး မြှင့်ဖို့လိုပါတယ်။

၎။ အကောင်းဆုံးကတော့ ရှိပြီးသား ဆီးချိုဆေးကို အရည်အသွေး စိတ်ချရတဲ့Brand တစ်မျိုး နှစ်မျိုးပဲသွင်းစေပြီး ကျန်တာကို မရောက်သေးတဲ့ဆေးတွေသွင်းစေသင့်ပါတယ်။

ဆီးချိုရောဂါသည်များ တရားခံလို ကုပ်(ဂုတ်)ကလေး
ပုပြီး ဆေးခန်းက ထွက်လာတာမမြင်ချင်ဘဲ ကိုယ့်ခန္ဓာ ကိုယ့်ဘဝကို   စိတ်တိုင်းကျ   ထိန်းချုပ်ပြုပြင်နိုင်တဲ့ လွတ်လပ်တဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။   

ဒေါက်တာနေမျိုးဦး

No comments:

Post a Comment