ဒီနေ့က လကုန်ရက်ဖြစ်သလို သောကြာနေ့ လည်း ဖြစ်နေပါတယ်။ ဒါကြောင့် ဘဏ် ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ရတဲ့ လစာလေးကို ကျောပိုးအိတ်ထဲထည့်ပြီး ပြန်လာခဲ့ပါတယ်။ လကုန်ရက်ရောက်တိုင်း အထူးသဖြင့် အခုလို လစာထုတ်ရက်ဆို ရပ်ကွက်ထဲက ငယ်သူငယ်ချင်း ချစ်စုတို့ ဆိုင် မှာ စာအုပ် တစ်အုပ်(သို့) နှစ်အုပ်ဝယ်နေကြပါ။ ဒါကြောင့် သူငယ်ချင်း ချစ်စုဆိုင်ဘက်ကို ဦးတည်လျှောက်လာခဲ့ပါတယ်။ ဆိုင်ရှေ့ မရောက်ခင် မလှမ်းမကမ်းလောက်မှာ မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော် ဟာခနဲဆို အံ့သြစိတ်ဖြစ်ပြီး နှုတ်မှလွတ်ထွက် သွားတယ်။ ပြီးတော့ ''ခင်''လို့ နောက်တစ်ခွန်း ထပ်ထွက်သွားတယ်။ မြင်ကွင်းက တခြား တော့မဟုတ် မိန်းကလေးတစ်ယောက် ကလေး တစ်ယောက်ကို ခါးထစ်ခွင်ပြီး ဈေးတောင်းကို ခေါင်းပေါ်တင်ရွက်သွားတဲ့ မြင်ကွင်းပါ။ ကျွန်တော်ဆိုင်ရှေ့ ရောက်သွားချိန်မှာ စောစော က အမျိုးသမီး ခပ်လှမ်းလှမ်းကို ရောက်သွား ပါပြီ။ ကျွန်တော်ဆိုင်ထဲကို ချက်ချင်းပြေးဝင် သွားခဲ့တယ်။ အထဲရောက်တော့
'' ဟယ် ရောင်စဉ် နင်လာတာနဲ့အတော်ပဲ ဒီလထုတ် နင့်အကြိုက်စာရေးဆရာတွေကြီးပဲ စိတ်ကြိုက်ရွေးပေတော့''
''နင်ကြိုက်တဲ့ တစ်အုပ်သာ ရွေးလာခဲ့ တော့ဟယ် ငါနင့်ကိုမေးစရာရှိလို့ မြန်မြန် လာခဲ့'' ကျွန်တော်သိချင်ဇောနဲ့ ချစ်စုကိုအပြင် ဘက်ကို ခေါ်ထုတ်လိုက်တယ်။
''ရော့ ငါ့အကြိုက်ရွေးလာတာ ကဲမေး ဘာမေးမလို့လဲ''
''စောစောက ကလေးတစ်ယောက်နဲ့ နင့် ဆိုင်ထဲက ထွက်သွားတဲ့ တစ်ယောက်က ဘယ်သူလဲ''
''အော် ရောင်စဉ် နင်က ဒီအချိန်ထိ မမေ့ သေးဘူးကို အဲ့ဒါ ခင်မူယာ တစ်ချိန်က နင် ချစ်စနိုးနဲ့ ခေါ်ခဲ့တဲ့ ခင်ပေါ့ဟယ်''
''ဟင်''
''အံ့သြသွားသလားရောင်စဉ် လောက ကြီးက ဒီလိုပါပဲဟယ် အပြောင်းအလဲ လှည့်ကွက်တွေ များတယ်''
''သူ သူက သင်္ဘောသား သူဌေး တစ်ယောက်နဲ့ လက်ထပ်သွားတယ်ဆို အခုက ဘယ်ကနေ ဘယ်လိုဖြစ်ပြီး အခုလို ဆင်းရဲ ချို့တဲ့ နေရတာလဲ''
''ဟင်း ...နင်ကဒီလောက်သိချင်မှတော့ ငါသိသလောက်နင့်ကိုပြောပြပါမယ်။ နင်တို့ ငါတို့ သိထားသလို သူ သင်္ဘောသား တစ်ယောက်နဲ့ လက်ထပ်သွားတယ်ဆိုတာ မှန်ပါတယ်။ သူ့အမျိုးသားက တကယ်လည်း ချမ်းသာတယ်။ သဘောင်္တစ်ခေါက်ပြန်တက် လာရင် ပိုက်ဆံတွေဆိုတာ မမြင်ချင်တဲ့အဆုံး ပေါ့ ဟယ်။ နင်သိတဲ့အတိုင်း ခင်မူယာကလည်း အလှအပကကြိုက်၊ အသုံးအဖြုန်းကလည်းကြီး နောက်ပြီး သူသုံးသလောက် ဖြုန်းသလောက် ကို သူယောက်ျားက အပြစ်တစ်ချက်မပြောဘူး ဒီတော့မငွေခင် တစ်ယောက် သုံးကောင်း ဖြုန်းကောင်းပေါ့။ သူ့ယောက်ျားမှာ အကျင့် တစ်ခုရှိတယ်ဟ သင်္ဘောတစ်ခေါက်ပြန်လာ တိုင်း ဖဲရိုက်တယ်ဟ။ ရိုက်တာမှ ကြေး နည်းနည်းမဟုတ် သိန်းဆယ်ချီပေါ့။ ခင်မူယာ ကလည်း ဘာပြောတတ်မှာလည်း။ နောက်ပိုင်း ခင်မူယာက သူလိုချင်တဲ့ပစ္စည်းတွေဆို ပိုက်ဆံ မပေးဘဲ အြေ<ွကးနဲ့ ကြိုဝယ်တယ်၊ သူ့အမျိုးသား သင်္ဘောပြန်လာမှ ပေးမယ်ပေါ့ဟာ။ ကံကြမ္မာ ဂြိုလ်ဆိုးဝင်လာတယ်ပဲဆိုရမှာပေါ့ မထင်မှတ် ဘဲ သူ့နားထဲသတင်းဆိုးတစ်ခု ရောက်လာ တယ် သူ့အမျိုးသား သဘောင်္မှောက်လို့ဆုံးပြီတဲ့။ အဲ့တော့ ဒီသမီးလေးနဲ့ သူအခက်တွေ့ပြီးပေါ့။ကြိုဝယ်ထားတဲ့ပစ္စည်းတန်ဖိုးတွေ။ဘယ်ကမှန်း မသိစာချုပ်တွေနဲ့ရောက်လာတဲ့ သူ့ယောက်ျား ရဲ့ ဖြဲေ<ွကးတွေ ဒါတွေကိုကျေဖို့အိမ်ရောင်း ခြံရောင်း လက်ဝတ်ရတနာတွေ ထုခွဲရောင်းချ ပြီး ဆပ်လိုက်ရတယ်။ အကြွေးအားလုံးလည်း ကျေရော သူ့ဆီမှာ အဝတ်အစားကလွဲလို့ ဘာမှမကျန်တော့ဘူးလေ။ မိဘတွေဆီ ပြန်ဖို့ ကျတော့လည်း မိဘတွေကသူငယ်ငယ်ထဲက ဆုံးသွားတာလေ။ သူ့ကိုကျောင်းထားပေးတဲ့ အဒေါ်ကျတော့လည်း သူပြေလည်တုန်းက အရှင်းမှ မကြည့်ခဲ့ဘူးလေ။ သူ့မြို့လည်း မပြန်ရဲ ဒီမြို့မှာပဲ သောင်တင်နေတယ်ပဲ ဆိုရမှာပေါ့ဟယ်။ ဒါနဲ့ပဲ ငါ့ဆီရောက်လာတယ် ဆိုပါတော့ဟယ်။ အခုအိမ်ငှားခမရှိလို့ ပိုက်ဆံ လာချေးတာ ငါလည်း တတ်နိုင်သလောက် ကူညီပေးပါတယ်ဟာ။ အများကြီးကျတော့ ငါလည်း ငါမိသားစုနဲ့ဆိုတော့ အဆင်မပြေ ဘူးလေ ။ အကြောင်းစုံကတော့ အဲ့ဒါပဲ''
ချစ်စုစကားဆုံးတော့ ကျွန်တော်သက်ပြင်း တစ်ချက်ချလိုက်မိတယ်။ ပိုက်ဆံရှင်း စာအုပ် ကို အိတ်ထဲထည့်ပြီး အိမ်ကိုပြန်လာခဲ့တယ်။
အခုလိုသတင်းမျိုးကို ကြားလိုက်ရတော့ ကျွန်တော့်ရင်ထဲ တစ်ခုခုကို ခံစားနေရသလို ဖြစ်နေမိတယ်။ ကျွန်တော်သူ့အတွက် စိတ်မကောင်းဖြစ်မိသလို မေမေ့ကိုလည်း ကျေးဇူးတင်နေမိပါတယ်။
မေမေ့ကျေးဇူးကြောင့် ကျွန်တော်အခုလို ဇနီးကောင်းလေးကို ပိုင်ဆိုင်ထားရသလို ချစ်တဲ့ သားလေးနဲ့ ချစ်တဲ့မိသားစုနဲ့ ပျော်ပျော် ရွှင်ရွှင်ဘဝကို ဖြတ်သန်းနိုင်တာပါ။
မေမေရွေးချယ်ပေးလိုက်တဲ့ ချိုသဲဟာ တကယ်တော့ ကျွန်တော်ချစ်လို့ ယူထားတဲ့ မိန်းကလေးတစ်ယောက်မဟုတ်ပါ။ ကျွန်တော် တကယ်ချစ်တာ ခင် လိုခေါ်တဲ့ ခင်မူယာပါ။ ဒါပေမယ့် ကံအကြောင်းမလှလို့ ခင်နဲ့ မနီးစပ် ခဲ့ပေမယ့် မေမေ နေရာချထားပေးတဲ့ ချိုသဲ ကတော့ ကျွန်တော့်အပေါ် မယားဝတ္တရား တွေနဲ့ ကျေပွန်အောင် နေခဲ့တဲ့သူပါ။ ကျွန်တော့်ကို အရမ်းချစ်သလို အိမ်မှုကိစ္စ၊ လူမှုဆက်ဆံရေး အရာအားလုံးကို ထိန်းသိမ်း ထားနိုင်သူပါ။ တစ်လတစ်ခါရတဲ့ ကျွန်တော့်ရဲ့ လစာကို အကုန်စုပြီး ဈေးထဲမှာ အထည် ရောင်းလို့ရတဲ့ ပိုက်ဆံကို အထွေထွေစရိတ် တွေမှာ သုံးပါတယ်။ ဝယ်သင့်တာဝယ်၊ စုသင့် တာစုလို့ အိမ်ထောင်ဦးစီးကျွန်တော်ဘာမှ လှည့်ကြည့်စရာမလိုအောင် ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ပါ။
မေမေ သား မေမေ့ကို အရမ်းကျေးဇူးတင် တယ်။ တွေးလို့ကောင်းနေတုန်းမှာပဲ ဘယ် အချိန်အိမ်ရှေ့ ရောက်သွားမှန်းမသိအောင် ဖြစ်သွားပါတယ်။
''ဖေဖေ''
အိမ်ထဲမှပြေးလာပြီးကြိုဆိုတဲ့ သားလေး ကို ဆွဲဖတ်ချီထားလိုက်တယ်။ အိမ်ရောက်တိုင်း အမောပြေ အနမ်းတစ်ပွင့် ပေးတတ်တဲ့ မိန်းမ ရဲ့ အနမ်းတစ်ပွင့်ကိုလည်း ရလိုက်ပါတယ်။ ပျော်ရွှင်စရာအပြုံးများနဲ့ အိမ်ထဲကို ဝင်သွား ခဲ့ပါတယ်။
''သဲရေ အဲ့မှာစာအုပ် တစ်အုပ်ဝယ်လာ တယ် ပိုတဲ့ပိုက်ဆံ အဲ့မှာအကုန်ပဲ သိမ်းထား လိုက် ကိုယ်ရေချိုးလိုက်ဦးမယ်''
''ဟုတ်ကဲ့ကို ထမင်းခူးပြီးပြီ လက်ဆုံစားဖို့ ပဲရှိတော့တယ်''
ထမင်းစားသောက်ပြီး ဝယ်လာတဲ့စာအုပ် အသစ်လေးကို ဖတ်နေပေမယ့် ကျွန်တော့်စိတ် အတွေးကတော့ ဟိုးအတိတ်နေ့ရက်ဆီကို ပြန်ရောက်သွားပါတော့တယ်။
''လာပါ ရောင်စဉ်ရယ် နင်ကပဲ ရှက်နေ ရသေးတယ် နင်နဲ့သင့်တော်မယ်ထင်လို့ မိတ်ဆက်ပေးတာပါ''
သူငယ်ချင်းချစ်စုရဲ့ မိတ်ဆက်ပေးမှု ကြောင့် ကျွန်တော်နဲ့ ခင်မူယာ အဲ့နေက စခင် ဖြစ်တယ်။ ကျွန်တော်ဘဝရဲ့ ပထမဆုံးရူးသွပ်မှု တစ်ခုလို့ပဲပြောရမှာပေါ့။ မြင်မြင်ချင်း ကျွန်တော် သူ့ကို အရမ်းချစ်မိသွားတယ်။ နောက်တော့ ကျွန်တော်သူ့ကိုဖွင့်ပြောခဲ့တယ်။သူကျွန်တော့်ကို ချစ်ပါတယ်တဲ့။ အဲ့နေ့က ကမ္ဘာကြီးပြိုကျမယ်ဆိုရင်တောင် ရဲရဲကြီး အသေခံမယ့် သေပျော်ပါတယ်လို့ ကြုံးဝါးခဲ့တဲ့ သူပေါ့။ လောကမှာ အပျော်ဆုံးနေ့ရက်တွေထဲ က နေ့ရက်တစ်ခု။
ဒီလိုနေ့ရက်တွေထက် ဘယ်လိုနေ့ရက်မျိုး က ကျွန်တော့်ကိုပျော်ရွှင်မှုပေးနိုင်မှာလဲ ။
အခုဆို ကျွန်တော်တို့ နှစ်ယောက်ရဲ့ချစ်သူ သက်တမ်း နှစ်လပြည့်ပါပြီ။ နှစ်လပြည့် အထိမ်းအမှတ်နဲ့ သူအရမ်းကြိုက်တဲ့ ဝက်ဝံ ရုပ်လေးကိုကိုင်ပြီး သူ့အဆောင်ရှေ့ကို ရောက်လာခဲ့ပါတယ်။ ခင်နဲ့ ကျွန်တော်ဟာ မေဂျာမတူလို့ အတန်းဆင်းချိန်လည်းမတူ ပါဘူး။ ခင် ကျွန်တော့်ထက်စောပြီး အဆောင် ကို ပြန်ရောက်နေတယ်ဆိုတာ ကျွန်တော် သိတယ်လေ။
''ခင် မူယာနဲ့ တွေ့ချင်လို့ပါ''
ခဏကြာတော့ ချစ်စုအဆောင်ထဲက ထွက်လာတယ်။
''ခင်ကော ခင်မရှိဘူးလား''
''ပြဿနာတော့တက်ပြီ ရောင်စဉ် နင့် အမေ ဒီအဆောင်ကို လာသွားတယ် ခင်မူယာ နဲ့လည်း စကားတွေအများကြီးပြောသွားတယ် ပြောပြီး အခန်းထဲပြန်ရောက်ကတည်းက ငိုတော့ တာပဲ ငါလည်း မေးတာဘာမှပြန်မဖြေဘူး။ နင့်အမေနဲ့ အစ်ကိုစောစောကမှပြန်သွားတာ''
''ဘာ ဘယ်လို ခင့်ကို အခုခေါ်ပေးပါဟာ မေမေဘာတွေပြောသွားတာလဲ ငါသူ့ကို မေးချင်တယ်''
''စိတ်အေးအေးထားပါရောင်စဉ် အခုလို သွေးဆူနေတဲ့အချိန်မှာ နင်သူ့ကိုခေါ်လို့ရမှာ မဟုတ်ဘူး နောက်နေ့မှလာတွေ့ပါဟာ ငါတောင်းပန်ပါတယ် အဆောင်မှူး သိရင် မလွယ်ဘူး''
ကျွန်တော်စိတ်လျှော့လိုက်တယ်။ ဒါပေမယ့် ဒေါသစိတ်တွေက ချက်ချင်းဆိုသလို မေမေ့ ဆီကို ရောက်သွားတယ်။ ကျွန်တော်အိမ်ကို ချက်ချင်းပြန်ခဲ့တယ်။ မေမေ ခင့်ကို ဘာတွေ လာပြောသွားတာလဲ။
မေမေ ဘယ်လိုပဲခွဲခွဲ သားခင့်ကိုရအောင် ယူမှာ။ မေမေဘာကြောင့် ခင့်ကို လာတွေ့ တာလဲ။ စိတ်ထဲမေးခွန်းပေါင်းများစွာနဲ့ မေမေ့ ကို ရန်တွေဖို့ စီစဉ်လာခဲ့တယ်။ ကျွန်တော့် ရင်ထဲ အပူမီးတွေ တောက်လောင်နေတော့ တယ်။
အိမ်ရောက်တော့ ဒေါသကိုရှေ့တန်း တင်ပြီး အိမ်ထဲဝင်သွားခဲ့တယ်။
မေမေ အပြုံးနဲ့ကြိုဆိုနေတယ်။ ကျွန်တော့် မေးခွန်းတွေကို ဒေါသတွေနဲ့ ချခင်းဖို့ ပြင်ဆင်တုန်းရှိသေး။
''သားလေးရယ် မျက်နှာလေးလည်း ညှိုးနွမ်းလို့ နေမကောင်းဘူးလားသား ရော့ ရေအေးလေး တစ်ခွက်သောက်လိုက်ပါဦး''
ကျွန်တော် ညနေကျောင်းဆင်း ပြန်လာ တိုင်း မေမေကျွန်တော့်ကို ကြိုဆိုနေကြ အမူအရာတွေပါ။ ကျွန်တော် မေမေပေးတဲ့ ဖန်ခွက်ထဲမှ ရေကိုအကုန်မော့သောက်ချလိုက် တယ်။ မေမေပေးတဲ့ ရေအေးတစ်ခွက်က ကျွန်တော့်ရင်ထဲက အပူမီးတွေကို တွန်းချ ဖျက်ဆီးလိုက်သလိုပါပဲ။ ရင်တစ်ခုလုံး အေးချမ်း သွားတယ်။
ဒေါသနဲ့ပြောမယ့် စကားလုံးတွေဟာ နူးညံ့သွားတယ်။
''မေမေ ခင့်ကို ဘာတွေသွားပြောလဲ ခင့်မှာဘာအပြစ်ရှိလို့လဲမေမေ''
''မေမေ့မှာ သားသုံးယောက်ရှိတယ် အကြီးနဲ့ အလတ်က သူ့အိမ်ထောင်နဲ့သူ အဆင်ပြေသွားကြပြီ မေမေအချစ်ဆုံးသား အငယ်ဆုံးလေးကိုပဲ မေမေစိုးရိမ်စိတ်ပူနေရ တာပါ။ သားချစ်သူ ခင်မူယာရဲ့အကြောင်းကို မေမေအားလုံးစုံစမ်းပြီးပါပြီ။ အသုံးအဖြုန်း ကြီးတယ်။ ရုပ်ချောသလောက်စိတ်ကစားမယ့် မိန်းကလေးမျိုး။ မေမေ့သားလေးကို ထားခဲ့ရင် မေမေ့သားလေးပဲ ခံစားနေရမှာလေ။ သံယောဇဉ်တွေ သိပ်ပြီး မချည်နှောင်ခင်မှာလမ်းခွဲလိုက်တာအကောင်းဆုံးပါပဲသားရယ်''
''မဖြစ်ဘူးမေမေ သားခင့်ကိုချစ်တယ် ခင်ကလည်းသားကိုချစ်တယ်''
''ရတယ်လေ ပြောလို့မရရင်တော့ သားသဘောပဲ''
မေမေ စိတ်ပျက်နေတဲ့လေသံနဲ့ နောက်ဘက်ကို ထွက်သွားတယ်။
အဲ့ကစလို့ ခင်နဲ့ကျွန်တော်မတွေ့ဖြစ်တာ ၁ပတ်လောက်ရှိပါပြီ။
ဒီနေ့ခင့်အခန်းကိုသွား၊ ခင့်ကိုရအောင် တွေ့ခဲ့တယ်။
''ကျွန်မကို မေ့လိုက်ပါတော့၊ ကျွန်မချစ်သူ အသစ်ရသွားပြီ''
ကျွန်တော့်ရှေ့မှာတင် သူ့ချစ်သူသင်္ဘော သားနဲ့ ထွက်သွားတယ်။
ခင်ကျွန်တော့်ကို အရမ်းရက်စက်တယ်။ တစ်ကြိမ်တစ်ခါ ပစ်သွင်းလိုက်တဲ့ မြား တစ်ချောင်းဆိုပေမယ့် နက်ရှိုင်းလွန်းလို့ ပြန်နုတ်ရခက်တယ်။ ရင်ထဲအပူမီးတွေ လောင်ကျွမ်းနေသလို အားအင်တွေပါ ချိနဲ့ နေခဲ့တယ်။ ညနေအိမ်ပြန်ရောက်တော့
''သားမျက်နှာလည်း မကောင်းပါလား နေမကောင်းဘူးလားသား၊ အေးပေါ့လေ တစ်နေကုန် ကျောင်းတက်ထားတော့ ပင်ပန်း နေရှာမှာပေါ့၊ ရော့သား ရေအေးလေး သောက်လိုက်''
ကျွန်တော်အားကုန်မော့သောက်ချလိုက် တယ်။ ရင်ထဲအပူမီးတွေက အခုမှ အေးချမ်း သွားတယ်။ မေမေသားမေမေ့ကို အတော် ကျေးဇူးတင်တယ်။
''အစ်ကို အိပ်ချင်ရင်လည်း အိပ်ခန်းထဲ သွားအိပ်တော့လေ အပြင်မှာအေးတယ်''
ဇနီးဖြစ်သူခေါ်နိုးမှပဲ အတွေးလိုလို အိပ်မက်လိုလို ဖြစ်ရပ်ထဲက ပြန်လည် ရုန်းထွက်လိုက်တယ်။
ကျွန်တော်သိလိုက်ပါပြီ။ တန်ဖိုးအားဖြင့် ၁၅ဝဝကများနေပေမယ့် တကယ့်လက်တွေမှာ ၁၅ဝဝ ဆိုတာ အမြဲတမ်းပူလောင်တယ်။ ၅၂၈ က အေးချမ်းတယ်။
လူမျိုးသစ်(ကျောင်းကုန်း)
No comments:
Post a Comment