Latest News

Saturday, August 25, 2018

ဝင်ဒါမီယာ အာဏာသိမ်းပွဲ



၁၉၅၈ခုနှစ် ဇွန်လ ၅ ရက်နေ့ လွှတ်တော်အထူးအစည်းအဝေးမှာ ဦးနု၊သခင်တင်တို့ရဲ့ သန့်ရှင်းဖဆပလက ဦးဘဆွေ ၊ ဦးကျော်ငြိမ်းတို့ရဲ့ တည်မြဲဖဆပလကို ရှစ်မဲထဲနဲ့ကပ်ပြီး အနိုင်ရသွားကြတာကို တပ်မတော်ထဲမှာရှိတဲ့ ဦးကျော်ငြိမ်းလိုလားသူအများစုက မကျေနပ်ခဲ့ကြပါဘူး။

အဲဒီမှာ တပ်မတော်ခေါင်းဆောင်တွေနဲ့ သန့်ရှင်းဖဆပလအစိုးရတို့အကြား ထိပ်တိုက် တွေ့ပြီး
တင်းမာမှုတွေ ရှိလာခဲ့ကြတယ် ။ တပ်မတော်ခေါင်းဆောင်တွေက ဦးနုရဲ့
သန့်ရှင်းဖဆပလအစိုးရဟာ သူပုန်တွေကို လိုက်လျော အလျှော့ပေးလွန်းတယ်။
သူပုန်တွေကို
ငြိမ်းချမ်းရေးအတွက် သင်ပုန်းခြေ လွတ်ငြိမ်းခွင့်ပေးပြီး ဥပဒေဘောင်ထဲ သွင်းလာမှာကို မလိုလားဘူး။ သူပုန်တွေကို အပြုတ်တိုက်ရေး ၊ အမြစ်ဖြတ်ချေမှုန်းရေးသာလုပ်ချင်တဲ့ဆန္ဒပြင်းပြနေခဲ့ကြတယ် ။ ဒီအခြေခံသဘောထားအပေါ်ကနေ
ဦးနုရဲ့ ဘတ်ဂျတ်အစည်းအဝေး ဖျက်သိမ်းမှုကို
ဖွဲ့စည်းပုံ အခြေခံဥပဒေချိုးဖောက်မှုအဖြစ် ထောက်ပြပြီး ၀န်ကြီးချုပ်ရာထူးကနေ ဖယ်ရှားပစ်လိုကြတယ် ။ တပ်မှူးကြီးတွေရဲ့သဘောထားကို
ဆွေငြိမ်း (တည်မြဲ ဖဆပလ)ကလည်း ထောက်ခံအားပေးခဲ့ကြတယ်။

တပ်မတော်ထဲက ဆိုရှယ်လစ်တပ်မှူးကြီးများဟာ အာဏာသိမ်းယူရေး အစီအစဉ်ကို အခိုင်အမာ ရေးဆွဲတဲ့အထိ ဖြစ်လာခဲ့ကြတယ် ။
မြောက်ပိုင်းတိုင်းတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ရွှေ ၊ စစ်ဦးစီးမှူး ဗိုလ်မှူးကြီးချစ်ခိုင် ၊ တပ်မဟာမှူး ဗိုလ်မှူးကြီးကြည်ဝင်းတို့ ကိုယ်တိုင် အာဏာသိမ်းရေးအစီအစဉ်ကို ပူးပေါင်း ရေးဆွဲခဲ့ကြတယ် ။ အာဏာသိမ်းရေးအစီအစဉ်ကိုဗိုလ်မှူးချုပ်မောင်မောင်က ဗိုလ်မှူးကြီးအောင်ကြီး ၊ ဗိုလ်မှူးကြီးခင်ညိုတို့ကို သူ့အိမ်ခေါ်ပြီးရှင်းပြတဲ့အခါ ထောက်ခံသဘောတူခဲ့ကြတယ် ။ ဒီအာဏာသိမ်းအဖွဲ့က
မန္တလေးမှာရှိတဲ့ စစ်ရဲတပ်ကွပ်ကဲတဲ့ ဗိုလ်မှူးကြီးကို ဖမ်းဆီးလိုက်ချိန်မှာ စစ်ရဲဗိုလ်ချုပ် ဗိုလ်မင်းခေါင်က ဗိုလ်ချုပ်နေ၀င်းကို တိုင်ကြားခဲ့ပေမယ့် အရေးယူတားဆီးခြင်း မရှိခဲ့ဘူး။ ဒီမှာတင်ဗိုလ်မင်းခေါင်က စစ်ရဲတပ်ရင်းအချို့ကို
ရန်ကုန်ထဲသို့ ဆွဲသွင်းပြီး လက်နက်အပြည့်အစုံ တပ်ဆင်ပေးခဲ့တယ်။ ဒါပေမယ့် တပ်မတော်က ထောက်ကြန့်ဂိတ်က စောင့်ပြီး စစ်ရဲတွေကို စစ်ဆေး ၊
လက်နက်ဖြုတ်သိမ်းခဲ့ကြတယ် ။ ဗိုလ်မှူးချုပ်မောင်မောင်နဲ့ ဗိုလ်မှူးကြီးအောင်ကြီးတို့က ၀န်ကြီးချုပ်အတိုင်ပင်ခံ ဦးအုန်းကို ခေါ်ပြီါ် သန့်ရှင်းအစိုးရ
က စစ်ရဲတွေကို သုံးပြီး တပ်မတော်ကို ဖြိုခွဲနေတယ်လို့ စွပ်စွဲကြိမ်းမောင်းခဲ့ကြတယ် ။

စက်တင်ဘာ ၂၅ ရက်နေ့မှာ လေဆိပ်ကို တပ်မတော်က သိမ်းပိုက်လိုက်ပြီးရန်ကုန်အနှံ့မှာ ကင်းပုန်းတွေ ချထားခဲ့ကြတယ် ။ အင်းစိန်ခရိုင်ရဲဝန် ၊ ခရိုင်ဝန်တို့ကို ထိန်းသိမ်းပြီး စုံထောက်ရုံး (CID) ၊ ကြေးနန်းဆက်သွယ်ရေးရုံးတို့ကိုလည်း ထိန်းချုပ်ထားခဲ့တယ် ။ တစ်ချိန်တည်းမှာ မန္တလေး ၊ မြစ်ကြီးနား ၊လားရှိုး ၊ တောင်တွင်းကြီး ၊ ဘိုကလေး ၊ ကျိုက်လတ်မြို့တွေကိုလည်း တပ်က ထိန်းချုပ်ထားလိုက်တယ် ။ ပါရမီရိပ်သာကိုတော့ ပြန်လည် ထူထောင်ရေးတပ်က ၀ိုင်းထားခဲ့တယ် ။ ၀န်ကြီးချုပ်ဦးနုအိမ်ကိုလည်း အမြောက်တပ်က လိုအပ်ရင် ပစ်ခတ်ဖို့ အသင့် ချိန်ရွယ်ထားပြီး ဖြစ်တယ် ။

အဲဒီအချိန်မှာ ဦးနုဟာ မန္တလေးကနေ ရန်ကုန်ကို ဧရာဝတီမြစ်တလျှောက်သင်္ဘောနဲ့ စုန်ဆင်းလာတုန်း ရှိသေးတယ် ။ စစ်တပ်ကအာဏာသိမ်းဖို့ စီစဉ်နေတယ် ဆိုတဲ့သတင်းကိုရထားတဲ့အတွက် ပြည်ထဲရေးဝန်ကြီး ဗိုလ်မင်းခေါင်ဟာ ၀န်ကြီးချုပ် ပြန်ရောက်ရောက်ချင်း ၀န်ကြီးချုပ်နဲ့ တွေ့ပြီး အဲဒီညမှာပဲ အာဏာသိမ်းလိမ့်မယ်ဆိုတဲ့အကြောင်းကို ပြောပြတယ် ။ ၀န်ကြီးချုပ်ထွက်ပြေးရင် ထွက်ပြေးနိုင်ဖို့အတွက် လေယာဉ်ပျံ အဆင်သင့် လုပ်ထားတယ်လို့လည်း ၀န်ကြီးချုပ်ကို အစီရင်ခံတယ်။ဝန်ကြီးချုပ်က သူဟာ တရားခံ မဟုတ်ဘူး။ ဘာဖြစ်လို့ ထွက်ပြေးရမှာလဲလို့ ပြန်ပြောပြီး လေယာဉ်ပျံအစီအစဉ်ကို အဖျက်ခိုင်လိုက်တယ်။ အဲဒီနောက် စစ်တပ်က ဗိုလ်မှူးချုပ်မောင်မောင်နဲ့ ဗိုလ်မှူးကြီးအောင်ကြီးတို့ကို မတွေ့တွေ့အောင် ရှာပြီး ခေါ်ခဲ့ဖို့ ၀န်ကြီးချုပ်က ဗိုလ်မင်းခေါင်ကို အမိန့်ပေးလိုက်တယ် ။

ညနေ့ ၆ နာရီလောက်ကျတော့ ၀န်ကြီးဗိုလ်မင်းခေါင် ရောက်လာပြီး ဗိုလ်မှူးချုပ်မောင်မောင်နဲ့ ဗိုလ်မှူးကြီးအောင်ကြီးတို့ကို တွေ့ရအောင် သူမျိုးစုံ
ကြိုးစားခဲ့တယ် ။ ဒါပေမယ့် ရှာမတွေ့ကြောင်း ၀န်ကြီးချုပ်ကို အစီရင်ခံခဲ့တယ်။အာဏာသိမ်းဖို့အတွက် မန္တလေးက မှာထားတဲ့ တပ်ရင်းတစ်ရင်းဟာ
ရန်ကုန်ကို ရောက်မလာသေးတဲ့အတွက် ဒီနေ့ည အာဏာ မသိမ်းဖြစ်သေးဘူးလို့ အစီရင်ခံခဲ့တယ် ။

ဝန်ကြီး ဗိုလ်မင်းခေါင် ပြန်သွားတဲ့အခါ ၀န်ကြီးချုပ်ဟာ သူ့အိမ်ရှေ့မှာ လမ်းလျှောက်နေရင်း သူ့သက်တော်စောင့်တပ်က ရဲဘော်ကလေးတွေ အိမ်ဝင်း
ထဲမှာ ရုတ်ရုတ်ရက်ရက်နဲ့အလုပ်များနေတာကို မြင်ရတဲ့အတွက် သူ့တပည့်ကော် ဗိုလ်ကြီးလှမြင့်ကို ၀န်ကြီးချုပ်က ခေါ်လိုက်တယ် ။

“ရဲဘော်ကလေးတွေ ယောက်ယက်ခတ်နေတယ် ။ ဘာဖြစ်နေလို့လဲ”

“မြေကတုတ်တွေ တူးနေတယ်”

“ဘာအတွက်လဲ”

“ညကို အာဏာသိမ်းရင် ခံပစ်ဖို့”

“သူတို့ ဘယ်လို လာကြမယ်လို့ မင်းသတင်းရထားသလဲ”

“တင့်ကားတွေကို ရှေ့က ထားပြီး လာကြလိမ့်မယ်လို့ သတင်းရထားတယ်”

“မင်းမှာ တပ်သား ဘယ်လောက်ရှိသလဲ”

“တပ်စုတစ်စု ရှိတယ်”

“မင်းမှာ ဘာသေနတ်တွေ ရှိသလဲ”

“ကျွန်တော်တို့တပ်ရင်းဌာနချုပ်က ဘရောင်းနင်းစက်သေနတ်တစ်လက်
အခုပဲ ရလာတယ်”

“ဒီစက်သေနတ်တစ်လက်တည်းနဲ့ တင့်ကားတွေကို မင်းခံပစ်ရင် မင်းကြွေ
သွားမှာပေါ့”

“သူတို့လာတဲ့အချိန်မှာ ၀န်ကြီးချုပ်ကို အခြားမှာ သွားဝှက်ထားဖို့ ကျွန်တော်
စီစဉ်ပြီးပါပြီ ။ မစိုးရိမ်ပါနဲ့ ၀န်ကြီးချုပ်”

“လှမြင့် မင်း ငါပြောတာ နားထောင်စမ်း”

“(၁) မြေကတုတ်တူးတာတွေ အခုချက်ချင်း ရပ်လိုက်
(၂) ပစ်ချင်လို့ လက်ယားနေတဲ့ ရဲဘော်ကလေးတွေကို သေနတ်တွေ ပေးမထားနဲ့ ။ အခုချက်ချင်း သူတို့ဆီက သေနတ်တွေကို သိမ်းထားလိုက်
(၃) ငါကိုယ်တိုင်ပစ်လို့ မင်းကို အမိန့်မပေးဘဲ မင်းမပစ်ရဘူး”လို့ ၀န်ကြီးချုပ်က သက်တော်စောင့်ကို အမိန့်ပေးလိုက်တယ် ။

ဗိုလ်ကြီးလှမြင့်ဆိုသူဟာ နိုင်ငံရေးကို နားမလည်ဘူး ။ သူဟာ တာဝန်ကိုပဲနားလည်တယ် ။တာဝန်ကို ထမ်းဆောင်ရမယ်ဆိုရင် အင်မတန် ရဲရဲရင့်ရင့်
ထမ်းဆောင်လေ့ရှိတယ် ။

နောက်တစ်နေ့
စက်တင်ဘာလ ၂၆ ရက်နေ့မှာ မနက် ၉ နာရီလောက်မှာ
ဗိုလ်မှူးချုပ်မောင်မောင် ၊ ဗိုလ်မှူးကြီးအောင်ကြီးနဲ့ ဗိုလ်မှူးကြီး တင်ဖေတို့ဝန်ကြီးချုပ်ဦးနုနဲ့လာရောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ် ။ တပ်မတော်အရာရှိကြီးတွေ က ရန်ကုန်မြို့ရဲ့အချက်အခြာကျတဲ့ နေရာတွေမှာ တပ်တွေချထားပြီးဖြစ်လို့ တပ်မတော်က အာဏာသိမ်းလိုက်ပြီးဖြစ်ကြောင်း၊ ၀န်ကြီးတွေ ရုံးတက်ဖို့ မလိုတော့ကြောင်းရှင်းပြခဲ့ကြတယ် ။ ဦးနုကတော့ အာဏာမသိမ်းကြနဲ့၊ အာဏာသိမ်းတာဟာစစ်တပ်လည်း နာမည်ပျက်တယ် ၊ တိုင်းပြည်လည်း နာမည်ပျက်တယ် ၊အဲဒီတော့ နောက် ၆ လကြာရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးပါ့မယ်လို့ စစ်တပ်က ကတိပြုရင် စစ်တပ်ကို သူအာဏာလွှဲပေးမယ်။ ဒီလိုအာဏာလွှဲပေးဖို့အတွက် လွှတ်တော်ကို ခေါ်လိုက်မယ် ။လွှတ်တော်ကျင်းပတဲ့နေ့မှာ သူ ၀န်ကြီးချုပ်ရာထူးကနေ ထွက်ပြီး လွှတ်တော်ကဗိုလ်ချုပ်ကြီးနေ၀င်းကို ၀န်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်အောင် သူအဆိုတင်သွင်းမယ်လို့ ပြောပြီး သူပြောတဲ့
အချက်တွေကို ၀န်ကြီးချုပ်ဦးနုဟာ စာရွက်တစ်ရွက် ပေါ်မှာ ရေးပေးလိုက်တယ်။ဗိုလ်မှူးချုပ်မောင်မောင်နဲ့ ဗိုလ်မှူးကြီးအောင်ကြီးတို့ဟာ ဗိုလ်ချုပ်ကြီးနေ၀င်းကို တင်ပြ မေးပါရစေဦးဆိုပြီး ဦးနုပေးတဲ့ စာရွက်ကို ယူသွားတယ် ။ညနေ့ ၂ ချက်တီးလောက်ရှိတဲ့အခါ သူတို့ပြန်လာကြပြီး ဗိုလ်ချုပ်ကြီးနေ၀င်းက သဘောတူပါတယ်လို့ စကားပြန်တယ် ။

ဗိုလ်မှူးချုပ်မောင်မောင်နဲ့ဗိုလ်မှူးကြီးအောင်ကြီးတို့ ပြန်သွားတဲ့အခါ ၀န်ကြီးချုပ်ဦးနုဟာ သူ့ရုံးခန်းထဲမှာ တစ်ယောက်တည်း ထိုင်နေရင်း ဒီလို စဉ်းစားနေတယ် ။ စစ်ဗိုလ်တွေဟာ တိုင်းပြည်ကို အုပ်ချုပ်တဲ့အခါ စစ်တပ်ကို အုပ်ချုပ်သလို အုပ်ချုပ်ကြလိမ့်မယ် ။အဲဒီအခါ တိုင်းပြည်အတွက် အသက်စွန့်မယ့်လူတွေအဖြစ်နဲ့ သူတို့ကို ကြည်ညိုနေကြတဲ့ ပြည်သူလူထုဟာ သူတို့ကို အင်မတန် အော့နှလုံးနာလာမယ်ဆိုတဲ့အချက်ကို ဒီစစ်ဗိုလ်တွေ မစဉ်းစားနိုင်တာ ၀မ်းနည်းစရာပဲ ။ နောက်ပြီးတော့လည်း နိုင်ငံရေးမှာ စစ်တပ်ရဲ့အကူအညီကို တောင်းတာဟာ နိုင်ငံရေးကြိုးဆွဲချလိုက်တာနဲ့ အတူတူပဲ ၊
တည်မြဲတွေဟာ နိုင်ငံရေး ဆက်မလုပ်တော့ဘူးလို့များ ဆုံးဖြတ်ထားလိုက်ကြပြီလား၊ နိုင်ငံရေးမှာ သူတို့ နာလန်ပြန်ထဖို့ မဖြစ်နိုင်ဘူးလို့တော့ ဘယ်သူမှ မပြောနိုင်ဘူး ။ ဒါပေမယ့် အတော်တော့ ခက်သွားပြီလို့ ဦးနုဟာ တစ်ယောက်တည်း စဉ်းစားနေတယ် ။

အဲဒီည စက်တင်ဘာ ၂၆ ရက်နေ့ညမှာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုရဲ့ အရေးကြီးမိန့်ခွန်းကို မြန်မာ့အသံက ထုတ်လွှင့်လိုက်ပါတယ် ။ ၁၉၅၉ ခုနှစ် ဧပြီ
လမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကြီး ကျင်းပပေးရန် ဗိုလ်ချုပ်ကြီးနေ၀င်းကို ဖိတ်ကြားလိုက် ပါတယ်။ ဒီဖိတ်ကြားချက်ကို ဗိုလ်ချုပ်ကြီးနေ၀င်းက လက်ခံတဲ့အတွက် ၀မ်းသာရပါတယ် ။ ပြည်သူလူထုကြီးအနေနဲ့လည်း ဗိုလ်ချုပ်ကြီးနေ၀င်း ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ ကို နားလည်လက်ခံကြစေ လိုကြောင်း မေတ္တာရပ်ခံ ပန်ကြားခဲ့ပါတယ် ။

အောက်တိုဘာလ ၂၈ ရက်နေ့ ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးကြီးမှာ
ဝန်ကြီးချုပ်ဦးနုက ကြိုတင်စီစဉ်ထားတဲ့အတိုင်း တရားဝင်အာဏာလွှဲပြောင်းပေးရေးအတွက် ဗိုလ်ချုပ်ကြီးနေ၀င်းကို အိမ်စောင့်အစိုးရအဖြစ် ဖွဲ့စည်းစေခဲ့ပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့ အိမ်စောင့်အစိုးရအဖွဲ့ကြီး ပေါ်ပေါက်လာခဲ့ပါတယ်။ဒီလိုနဲ့ တပ်မတော်ရဲ့
စစ်အာဏာသိမ်းရေး အစီအစဉ်ဟာ ၀န်ကြီးချုပ်ဦးနုရဲ့ နိုင်ငံရေးပရိယာယ်ကြွယ်ဝမှုကြောင့် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေး အဖြစ် ရောက်ရှိသွားခဲ့
ပါတယ် ။

ဒီအာဏာလွှဲပြောင်းမှုကို ဒေါက်တာဘမော်က “ဒါဟာ စစ်အာဏာသိမ်းပွဲတစ်ရပ်ပဲ” လို့ ကောက်ချက်ချလိုက် ပါတယ် ။ ပြည်သူ့ရဲဘော်အဖွဲ့ကလည်း
စစ်တပ်အာဏာသိမ်းမှု တစ်ခုအဖြစ် ကန့်ကွက်ခဲ့ကြတယ် ။ ဦးနုရဲ့ သန့်ရှင်းဖဆပလကို ထောက်ခံခဲ့တဲ့
" ပမညတအဖွဲ့ကိုယ်တိုင်က “ #လက်နက်နဲ့အာဏာသိမ်းခြင်းကိုကန့်ကွက်ကြ ဆိုတဲ့စာတမ်း ထုတ်ပြန်ပြီး ဦးနုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ် ။ နိုင်ငံရေးအစဉ်မလာကြီးမားတဲ့ ကျောင်းသားထုကလည်း သမဂ္ဂအဆောက်အအုံမှာ တကသ၊ ဗသကအမှုဆောင်တွေ တွေ့ဆုံဆွေးနွေးပြီး စစ်တပ်အာဏာသိမ်းခြင်းအပေါ် သဘောထားတစ်ရပ် ထုတ်ပြန်ကြေညာခဲ့တယ် ။ ဒီကြေညာချက်ထဲမှာ “စစ်တပ်အာဏာသိမ်းခြင်းက ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးစေပြီး ငြိမ်းချမ်းရေးကို မလိုလားတဲ့ ဆွေငြိမ်းအုပ်စုနှင့် နယ်ချဲ့သမားအလိုကျ ဖြစ်တယ် ။ အဓမ္မအာဏာသိမ်းမှုက ဒီမိုကရေစီ အစဉ်အလာကို တားဆီး ဟန့်တားလာနိုင်တယ်”လို့ဖော်ပြခဲ့ကြပါတယ်။ သတင်းစာတွေကတော့ရွေးကောက်ခံအရပ်သားအစိုးရက စစ်တပ်ကို အဓမ္မအာဏာလွှဲပြောင်းပေးရမှုကို “၀င်ဒါမီယာအာဏာသိမ်းပွဲ” လို့ ကမ္ပည်း ကင်ပွန်း တပ်ခဲ့ကြပါတယ် ။

ကိုးကား -
တာတေစနေသား နှင့် နိုင်ငံတကာ ဒီမိုကရေစီတပ်မတော်ထူထောင်ရေး
အတွေ့အကြုံများ စာအုပ်များ

ငွေစိုး





No comments:

Post a Comment