ခြူးစန္ဒီနွေး
ချမ်းသာကြွယ်ဝပြီး ကမ္ဘာပေါ်မှာ နေထိုင်လို့ အကောင်းဆုံးနိုင်ငံထဲကတစ်ခုအဖြစ် အသိအမှတ်ပြုခံထားရတဲ့ သြစတြေးလျနိုင်ငံမှာ ဝန်ကြီးချုပ်အပြောင်းအလဲဟာ အတော်လေး မြန်ပါတယ်။
ဝန်ကြီးချုပ်အပြောင်းအလဲ
ဆယ်စုနှစ် တစ်ခုအတွင်းမှာ ဝန်ကြီးချုပ်အပြောင်းအလဲဟာ ခြောက် ယောက်မြောက်အထိ ရှိသွားပါပြီ။ ၂ဝ၁၅ ခုနှစ်တုန်းကလည်း ခေါင်း ဆောင်ပိုင်းဆိုင်ရာ ပဋိပက္ခတွေကြောင့် ဝန်ကြီးချုပ် တိုနီအက်ဘော့ ပြုတ်ကျ သွားခဲ့ပြီး သူ့နေရာမှာ မယ်ကွန်တန် ဘူးလ်က အစားထိုးဝင်ယူကာ ဝန်ကြီး ချုပ်ဖြစ်လာခဲ့ပါတယ်။ အာဏာလွှဲ ပြောင်းရယူစဉ်က မယ်ကွန်တန်ဘူးလ် ဟာ စိတ်လှုပ်ရှားစရာတွေနဲ့ ကြုံတွေ့ ခဲ့ပြီး နောက်ထပ် သုံးနှစ်အကြာ အခု အချိန်မှာလည်း နောက်ထပ် စိတ်လှုပ် ရှားစရာတွေနဲ့ ထပ်မံကြုံတွေ့ရမယ့် အချိန် ရောက်လာခဲ့ပြန်ပါပြီ။ မစ္စတာ တန်ဘူးလ်လက်ထက်မှာ ဝန်ကြီး ၁ဝ ဦးထက်မနည်း နုတ်ထွက်ခွင့်တင် ကြတဲ့အတွက် ခေါင်းဆောင်ပိုင်း ပြတ်လပ်မှု ပြဿနာတွေနဲ့ ကြုံတွေ့ ခဲ့ရပြီး ဝန်ကြီးချုပ် အပြောင်းအလဲအထိ ဦးတည်သွားခဲ့ပါတော့တယ်။
၂ဝ၁၅ ခုနှစ်မှာ မစ္စတာတန်ဘူးလ် အာဏာရလာတဲ့အခါ ဆေးဘက်ဆိုင် ရာပညာရှင်တွေဟာ လူနာရဲ့ စိတ်ကျန်း မာရေးအခြေအနေကို စစ်ဆေးတဲ့အခါ မေးလေ့မေးထရှိတဲ့ မေးခွန်းဖြစ်တဲ့ နိုင်ငံရဲ့ ဝန်ကြီးချုပ်ရဲ့ နာမည်ဟာ ဘယ်သူလဲဆိုတဲ့ မေးခွန်းကို ပယ်ဖျက် ပစ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဝန်ကြီး ချုပ် ခဏခဏ အပြောင်းအလဲကြောင့် လူနာတွေအတွက် ဝန်ကြီးချုပ်ရဲ့ နာမည်ကို မှတ်သားထားဖို့ဆိုတာ ခက်ခဲလိမ့်မယ်လို့ ယူဆတဲ့အတွက် ပယ်ဖျက်လိုက်ခြင်းဖြစ်တယ်လို့ ကြား ဖူးပါတယ်။
သုံးနှစ်သက်တမ်း
ဒီမိုကရေစီနိုင်ငံအများစုမှာ ရွေး ကောက်ပွဲကို လေးနှစ်တစ်ကြိမ် ဒါမှ မဟုတ်ရင် ငါးနှစ်တစ်ကြိမ် ကျင်းပလေ့ ရှိပါတယ်။ သြစတြေးလျနိုင်ငံကတော့ တစ်မူထူးခြားပါတယ်။ ရွေးကောက်ပွဲ ကို သုံးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိပါ တယ်။ ဒီတော့ အစိုးရအဖွဲ့တစ်ခု ရဲ့ သက်တမ်းဟာ အတော်လေး တိုတောင်းတာကို တွေ့ရပါတယ်။ မဲလ်ဘုန်းတက္ကသိုလ်ရဲ့ အဆိုအရ အစိုးရအဖွဲ့တစ်ဖွဲ့ရဲ့ သက်တမ်းဟာ တကယ်တမ်း တွက်ကြည့်မယ်ဆိုရင် ၃၂ လတာသာရှိတယ်လို့ သိရပါတယ်။ ဒီတော့ မဲဆန္ဒရှင်တွေအနေနဲ့ နိုင်ငံရေး အပေါ် ပိုပြီးထိန်းချုပ်နိုင်တယ်လို့ ရှေ့နေ တွေက ဆိုကြပါတယ်။ ဒါပေမယ့်လည်း ဝေဖန်သူတွေကတော့ အစိုးရသက်တမ်း ဟာ တိုတောင်းတဲ့အတွက် ပါလီမန် အမတ်တွေဟာ ကာလတိုအတွင်း နိုင်ငံ ရေးရှင်သန်ဖို့အတွက်ပဲ အားပြုလာကြပြီး ကာလရှည်လုပ်ဆောင်ရမယ့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကိစ္စတွေမှာတော့ လုပ် ဆောင်ဖို့ ပျက်ကွက်လာကြတယ်လို့ ဝေဖန်ကြပါတယ်။ အစ္စရေးနိုင်ငံဆိုင်ရာ သံအမတ်ဟောင်းတစ်ဦးဖြစ်တဲ့ ဒေ့ဗ်ရှာ မာကတော့ ၂ဝ၁၃ ခုနှစ်ကနေ ၂ဝ၁၇ ခုနှစ်အတွင်း လေးနှစ်တာကာလမှာ ဝန်ကြီးချုပ် လေးဦးပြောင်းတာကို ကြုံ တွေ့ရပြီးဖြစ်ပါတယ်။ ပြောင်းလဲသွား ကြတဲ့ ဝန်ကြီးချုပ်တွေကတော့ ဂျူလီယာ ဂေးလာဒ်၊ ကီဗင်ရုဒ်၊ တိုနီအက်ဘော့နဲ့ မစ္စတာ တန်ဘူးလ်တို့ပဲဖြစ်တယ်လို့ ပြော ပါတယ်။ အဲဒီ ဝန်ကြီးချုပ်လေးဦးထဲက နှစ်ဦးဖြစ်တဲ့ ဂျူလီယာနဲ့ မစ္စတာ အက် ဘော့တို့ကတော့ ပါတီကနေ ဖြုတ်ချ တာကို ခံရတာပဲဖြစ်ပါတယ်။
နိုင်ငံရေးဆိုင်ရာ
ဖရိုဖရဲအခြေအနေများ
သြစတြေးလျနိုင်ငံဟာ ၂၇ နှစ်တာ ကာလအတွင်း ဆုတ်ယုတ်သွားမှုဆိုတာ မရှိ တစ်ရှိန်ထိုး တိုးတက်လာခဲ့ပါတယ်။ ဆက်တိုက် ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအတော် များများအတွက်တော့ သြစတြေးလျနိုင်ငံ ဟာ မနာလိုစရာပါပဲ။ စီးပွားရေးမှာ အောင်မြင်တိုးတက်ပေမယ့် နိုင်ငံရေးမှာ တော့ ဖရိုဖရဲနိုင်တာကို တွေ့ရပါတယ်။ ဝန်ကြီးချုပ်တွေကို ဖြုတ်ချတဲ့ အလေ့ အထဟာ ဝန်ကြီးချုပ် ကီဗင်ရုဒ်လက်ထက် က စခဲ့တာလို့ မှတ်ယူရမှာပါ။ ဝန်ကြီးချုပ် ကီဗင်ရုဒ်ကို ၂ဝ၁ဝ ပြည့်နှစ်မှာ ဖြုတ်ချ ခဲ့ပြီး ဂျူလီယာဂေးလာဒ်က ဝန်ကြီးချုပ် နေရာ လွှဲပြောင်းယူခဲ့ပါတယ်။ အဲဒီ အချိန်ကစလို့ သြစတြေးလျနိုင်ငံသား တွေရဲ့ စိတ်ထဲမှာ ဝန်ကြီးချုပ်အပြောင်း အလဲဆိုတာ အချိန်မရွေး ပေါ်ပေါက် လာနိုင်တဲ့ အရာလို့ မှတ်ယူလာကြပါ တယ်။
တစ်ချိန်တည်းမှာပဲ ရွေးကောက်ပွဲ ရလဒ်ကြောင့်မဟုတ်ဘဲ အစိုးရအဖွဲ့ အတွင်း ခေါင်းဆောင်အပြောင်းအလဲဟာ သြစတြေးလျမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာ မဟုတ်ပါဘူး။ ၂ဝ၁ဝ မတိုင်ခင်က ဆိုရင် နှစ်ပေါင်း ၅ဝ အတွင်းမှာ တကယ့် စိန်ခေါ်မှုနဲ့ ကြုံတွေ့ရတဲ့အချိန် နှစ်ကြိမ် သာ ရှိခဲ့ဖူးပါတယ်။ ၁၉၇၁ ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၉၁ ခုနှစ်မှာ တစ်ကြိမ်၊ ဒီနှစ်ကြိမ်ကလွဲရင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲဟာ ပုံမှန်ပါပဲ။ ၂ဝ၁ဝ ပြည့်နှစ်မှာ ကီဗင်ရုဒ်ကို ဝန်ကြီးချုပ်ရာထူး ကနေ ဖြုတ်ချလိုက်တဲ့နောက်မှာတော့ နိုင်ငံရေးသမားတွေအတွက် လမ်းစပွင့် သွားတယ်။ ဝန်ကြီးချုပ်အပြောင်းအလဲ လုပ်ဖို့ဆိုတာ လွယ်ကူသွားပါတယ်။ ၂ဝ၁ဝ နောက်ပိုင်းမှာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ သုံးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ဂျူလီယာကနေ ကီဗင်ရုဒ်ထံ ဝန်ကြီးချုပ်နေရာ ပြန်လွှဲပေး ခဲ့ရပြီး အဲဒီနောက်မှာတော့ အက်ဘော့ ကနေ တန်ဘူးလ်ကို လွှဲပေးလိုက်ရပါ တယ်။ အခုတစ်ဖန် မစ္စတာ တန်ဘူးလ် ကနေ သူ့ရဲ့ ဘဏ္ဍာရေးဝန်ကြီး စကော် မော်ရစ်ဆင်ထံ ဝန်ကြီးချုပ်နေရာ လွှဲပြောင်းပေးလိုက်ရပြန်ပါပြီ။ မစ္စတာ တန်ဘူးလ်ဟာ ပါတီတွင်း ခေါင်းဆောင် ပိုင်းမှာ မဲပေးဆုံးဖြတ်ခဲ့တဲ့အခါမှာတော့ ပွတ်ကာသီကာနဲ့ အနိုင်ရရှိခဲ့ပေမယ့် သူ့ရဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးငါးဦး နုတ်ထွက် သွားတဲ့အခါမှာတော့ သူ့ကို ဆန့်ကျင်သူ တွေဟာ နောက်ထပ်တစ်ကြိမ် ပါတီတွင်း မှာပဲ ပြန်ပြီးမဲပေးကြဖို့ တောင်းဆိုခဲ့ကြ ပါတယ်။ အဲဒီအခါမှာ ရှုံးနိမ့်ခဲ့ပြီး ရာထူး ကနေ နုတ်ထွက်ခဲ့ရတာပါ။
ကစားပွဲဖြစ်လာတဲ့ နိုင်ငံရေး
ကီဗင်ရုဒ် ဖယ်ရှားခံလိုက်ရတဲ့နောက် ပိုင်းမှာ သူ့ကိုထောက်ခံသူတွေနဲ့ ဘဏ္ဍာ ရေးဝန်ကြီးဟောင်းဖြစ်သူ လင်ဆေးတန် နာက သြစတြေးလျမှာရှိတဲ့ ဒီမိုကရေစီ ဟာ အကျဘက်ကို ဦးတည်လာတယ်လို့ ပြောပါတယ်။ ပြဿနာရဲ့ အစိတ်အပိုင်း တစ်ခုကတော့ နိုင်ငံရေးသမားပဲဖြစ်ဖြစ်၊ ဂျာနယ်လစ်သမားပဲဖြစ်ဖြစ် နိုင်ငံရေးကို ကစားပွဲတစ်ခုလို မြင်လာတာပဲဖြစ်တယ် လို့ သူက ဆက်ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံတို့လိုပဲ နိုင်ငံ ရေးမှာ ပိုမိုကွဲပြားလာပြီး ဘက်လိုက်မှု တွေ ရှိလာတယ်လို့လည်း လင်ဆေးက ပြောပါတယ်။ သြစတြေးလျမှာ အဓိက ပါတီကြီးနှစ်ခုကတော့ လစ်ဘရယ်ပါတီနဲ့ လေဘာပါတီတို့ပဲ ဖြစ်ပါတယ်။ လစ်ဘ ရယ်ပါတီဟာ ရှေးရိုးအစဉ်အလာ ကတည်းက လေဘာပါတီကို ဆန့်ကျင် ပြီး ကော်လာအဖြူလူတန်းစားတွေ အများစုနဲ့ ဖွဲ့ စည်းထားတာဖြစ်တယ်။ အခုအခါမှာတော့ ပါတီအတွင်း ပါဝင် ဖွဲ့စည်းမှုဟာ အတော်လေး ဖရိုဖရဲ နိုင်လာတယ်။ ပါတီမှာ ဆိုရှယ်ကွန်ဆာ ဗေးတစ်သမားတွေ၊ စီးပွားရေး ပြုပြင် ပြောင်းလဲရေးသမားတွေ၊ သဘော ထားပျော့ပျောင်းတဲ့ လစ်ဘရယ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဖြုတ်ချခံလိုက် ရတဲ့ မစ္စတာ တန်ဘူးလ်ကတော့ အခု အခါမှာ ပါတီစားပွဲဝိုင်းမှာကိုပဲ ကလန် ကဆန်လုပ်မှုတွေ၊ ကန့်ကွက်သံတွေနဲ့ ပြည့်နေတယ်လို့ ပြောလိုက်ပါတယ်။
ဝန်ကြီးချုပ်အသစ် မော်ရစ်ဆင်
အခု ဝန်ကြီးချုပ်အသစ်အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ စကောက်မော်ရစ် ဆင်ဟာ လစ်ဘရယ်ပါတီရဲ့ ရွေးချယ်မှု နဲ့အတူ ဝန်ကြီးချုပ်ဖြစ်လာပြီး သောကြာနေ့ မွန်းလွဲပိုင်းမှာပဲ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆို ခဲ့ပါတယ်။ မော်ရစ်ဆင်က သြစတြေး လျပြည်သူတွေရဲ့ဘဝ အကြမ်းဖက် သမားတွေရဲ့ ဘေးအန္တရာယ်က ကင်း ဝေးအောင်၊ စီးပွားရေးမှာ ပိုမိုခိုင်မာ အားကောင်းလာအောင် လုပ်ဆောင် မယ်လို့ ကတိပေးပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ပါတီတွင်း အဆင်မပြေမှုတွေ ကြောင့် ခေါင်းဆောင်ပိုင်း အပြောင်း အလဲကို လျင်လျင်မြန်မြန်လုပ်လာနိုင် ရင် မစ္စတာ မော်ရစ်ဆင် အလှည့်ကျ ရင်ရော ဘာတွေ ဆက်ဖြစ်လာမှာ လဲ။ နိုင်ငံ့ခေါင်းဆောင်ပိုင်းနေရာ အပြောင်းအလဲမြန်နေတဲ့ သြစတြေး လျနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို အားလုံးက စိတ်ဝင်စားနေကြတာ တော့ အမှန်ပါပဲ။
ကိုးကား- စီအင်န်အင်န်၊ ဘီဘီစီ၊မြန်မာ့အလင်း
No comments:
Post a Comment