အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် တွေ့ဆုံမည်
ဝါရှင်တန် သြဂုတ် ၁၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် လာမည့်နိုဝင်ဘာလတွင် ကျင်းပမည့် အစည်းအဝေးတစ်ခု၏ သီးသန့်ဆွေးနွေးပွဲတစ်ခု၌ တွေ့ဆုံမည်ဖြစ်ကြောင်း အမေရိကန်သတင်းစာတစ်စောင်တွင် သြဂုတ် ၁၈ ရက်က ဖော်ပြခဲ့သည်။အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အစိုးရအဖွဲ့သည် လာမည့်ကြာသပတေးနေ့တွင် တရုတ်ပို့ကုန်များအပေါ် နောက်ထပ် အခွန်တိုးမြှင့်ကောက်ခံမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။ တရုတ်ကလည်း လက်စားချေ တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။
အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် ပါပူဝါနယူးဂီနီတွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးနှင့် အာဂျင်တီးနားတွင် ကျင်းပမည့် စက်မှု ထိပ်သီးအဖွဲ့ဝင်နိုင်ငံ-၂ဝ အစည်းအဝေးတို့တွင် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ဝေါစထရိဂျာနယ်တွင် သြဂုတ် ၁၇ ရက်က ဖော်ပြ ခဲ့သည်။
အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် လာမည့်ရက်သတ္တပတ် အစောပိုင်းတွင် ကုန်သွယ်ရေးစကားဝိုင်းဆွေးနွေးပွဲကို ပြန်လည် စတင်နိုင်ရန် မျှော်လင့်ထားကြောင်း အရာရှိများက ပြောခဲ့သည်။ အဆိုပါ ကုန်သွယ်ရေးစကားဝိုင်းဆွေးနွေးပွဲကို လွန်ခဲ့သော ဇွန်လက နောက်ဆုံးကျင်းပခဲ့ကြောင်း သိရသည်။
ကုန်သွယ်ရေး သဘောထားကွဲလွဲမှု လျော့နည်းသက်သာ စေရန် ခေါင်းဆောင်နှစ်ဦး၏ ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ဖြစ်နိုင်သည့် အလားအလာများကိုလည်း နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့များက ဆွေးနွေးသွားနိုင်ခြေရှိကြောင်း သိရသည်။
အမေရိကန်သမ္မတ ထရန့် အစိုးရအဖွဲ့ဝင်များအတွင်း တရုတ်နိုင်ငံအပေါ် မည်ကဲ့သို့ ကိုင်တွယ်သွားရမည်နည်းဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီး အနည်းငယ်ကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ဘဏ္ဍာရေးဝန်ကြီး စတီဗင်မနူချင်က ခက်ခဲသည့် မူဝါဒများ နှင့်ပတ်သက်ပြီး သက်သာစေသည့် နည်းလမ်းများကို လေ့လာ သွားရမည်ဟု တင်ပြချိန်တွင် အမေရိကန် ကုန်သွယ်ရေးအကြီး အကဲ ရောဘတ်လိုက်တင်ဇာက နောက်ထပ် အရေးယူပိတ်ဆို့ မှုများ ပြုလုပ်ရန် တင်ပြခဲ့သည်။
အမေရိကန်သမ္မတ ထရန့်အနေဖြင့် မည်သည့်ရပ်တည် ချက်ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရမည်နည်း ဆိုသည့်အချက်ကို မဆုံးဖြတ်ရသေးကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment