ဝါခေါင်လသည် မြန်မာ့တစ်ဆယ့် နှစ်လရာသီတွင် ပဉ္စမလဖြစ်ပြီး မိုးဥတု၌ပါဝင်သည်။ ၀ါခေါင်လကိုပုဂံခေတ် ထိုးကျောက်စာ များတွင် နံကာလဟုရေးထိုးထားကြောင်း တွေ့ရသည်။ နံကာလ၏အဓိပ္ပာယ်မှာ လယ်လုပ်ချိန်၊ လယ်ထွန်ချိန်၊ စိုက်ပျိုးချိန်လအဖြစ် မှတ်ယူကြသည်။ ဗေဒင်အခေါ် သိဟ်ရာသီဖြစ်ပြီး သရ၀ဏ်နက္ခတ်နှင့် လမင်းတို့ယှဉ်ပြိုင်ကာ မွန်းတည့်သည်။ ရာသီရုပ်မှာခြင်္သေ့၊ ရာသီပန်းမှာ ခတ္တာဖြစ်သည်။ ရှေးမြန်မာမင်းများလက်ထက်တွင် ၀ါခေါင်လပြည့် မေတ္တာ ဘာဝနာပွားများကြပြီး ရာသီပွဲတော်အဖြစ် စာရေးတံမဲပွဲတော်သဘင်ကျင်းပကြသည်။
ရှေးအခါက ရဟန်းငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတရားနာယူပြီးနောက် ၀ါခေါင်လတွင်တောအုပ်တစ်ခု၌ ကမ္မဋ္ဌာန်းတရားပွားများအားထုတ်ကြသည်။ ထိုအခါ နတ်များမှာ ဗိမာန်များတွင်မနေနိုင်ဖြစ်ကြသဖြင့် ရဟန်းတို့အား ခြောက်လှန့်ကြသည်။ ထိုအရေးကို ပြန်လည်လျှောက်တင်ရာ မြတ်စွာဘုရားက ၀ါခေါင်လပြည့်နေ့တွင် ရဟန်းတို့ကို မေတ္တသုတ္တန်ဒေသနာတော်ဟောပြသွန်သင်ပြီး တောအုပ်သို့ပြန်စေသည်။ ရဟန်းတို့သည်လည်း တောအုပ်၌ပင် မေတ္တ သုတ္တန်လာ မေတ္တာဘာဝနာပွားများကြရာ နတ်များက နှစ်သက်ကြကုန်သဖြင့် ကြိုဆိုနေရာပေး အလေး ဂရုပြုမူ လာကြသည်။
ထို့ကြောင့် မေတ္တာတရားသည် ရန်ဘက်ပင်ဖြစ်လင့်ကစား မိတ်ဆွေအဖြစ်သို့ ရောက်ရသောအာနုဘော်နှင့် ပြည့်စုံ ညီညွတ်သည်။မေတ္တာဟူသည် သတ္တ၀ါတို့၏အကျိုးစီးပွားကိုလိုလားသော အဒေါသစေတသိက်ပင်ဖြစ်သည်။ သီတာရေစင်ကဲ့သို့ အေးမြကြည်လင်ပြီး စန္ဒကူး၊ နံ့သာ၊ စံပယ်၊ ကြက်ရုန်း၊ ဂမုန်း၊ ခတ္တာကဲ့သို့ မွှေးပျံ့သည့်သဘောရှိသည်။
ထိုအတိုင်းပင် မေတ္တာရှင်၏ကိုယ်၊ နှုတ်၊ စိတ်အမူအရာအားလုံးမှာ အေးမြကြည်လင်သင်းပျံ့သည်။ မေတ္တာသည် ဘုရားဟောဗြဟ္မစိုရ်တရားလေးပါးတွင်ပါရှိပြီး မေတ္တာဖြင့်သာ ရန်မှန်သမျှကိုအောင်နိုင်သည်။မေတ္တာ၏အနီးကပ်ဆုံးရန်သူမှာ စွဲမက်ခြင်းတဏှာရာဂဖြစ်သည်။ အဝေးရန်သူမှာ ခက်ထန်ခြင်းဒေါသဖြစ်သည်။ ထို့ကြောင့် မေတ္တာဟူသည် တဏှာရာဂနှင့် ဒေါသကိုအောင်နိုင်ခြင်းပင်ဖြစ်သည်။
မေတ္တာ၏အကျိုးသက်ရောက်မှုမှာ မိမိ၏ဒေါသကိုပယ်ဖျောက်နိုင်သလို တစ်ပါးသူ၏ဒေါသကိုပယ်သတ်နိုင်ခြင်းပင်ဖြစ်သည်။ မေတ္တာတရားသည် ပုဂ္ဂိုလ်သတ္တ၀ါတစ်ဦးကိုဖြစ်စေ၊ အများကိုဖြစ်စေ ကောင်းကျိုးချမ်းသာရရှိစေသော၊ ကြီးပွားတိုး တက်စေလိုသော စိတ်ထားပင်ဖြစ်သည်။ ပုဂ္ဂိုလ်တစ်ဦးချင်းစီက ကျင့်ကြံသော ကမ္မဋ္ဌာန်းတရားသည် ထိုသူတစ်ဦး တစ်ယောက်အတွက်သာလျှင် အကျိုးစီးပွားဖြစ်ထွန်းသည်။ ဗြဟ္မစိုရ်တရားမေတ္တာဘာဝနာမှာမူ မိမိအတွက်သာမက တစ်ပါးသူများအတွက်ပါ အကျိုးရှိသောတရားပင်ဖြစ်သည်။
လူတို့တွင် ကာယကံမေတ္တာ၊ ၀စီကံမေတ္တာနှင့်မနောကံမေတ္တာဟူ၍ သုံးမျိုးသုံးစားရှိသည်။ သူတစ်ပါး၏အလုပ်ကိစ္စများကို ကူညီဆောင်ရွက်ပေးခြင်း၊ မေ့ကျန်ပစ္စည်းကို သိမ်းဆည်း၍ ပြန်ပေးခြင်းတို့သည် ကာယကံမေတ္တာဖြစ်သည်။ ကောင်းရာကိုညွှန်ပြခြင်း၊ အကြံပေးခြင်း၊ ဆုံးမခြင်းနှင့်နှီးနှောတိုင်ပင်ခြင်းတို့သည် ၀စီကံမေတ္တာဖြစ်သည်။ ၃၁ ဘုံရှိဝေနေယျသတ္တ၀ါအားလုံး ကျန်းမာရန်၊ ဘေးဘယာဝေးရန်၊ နှလုံးစိတ်ဝမ်းအေးချမ်းရန်၊ ဆင်းရဲခြင်းကင်းရန် ကာလဒေသ ပုဂ္ဂိုလ်မရွေးဘဲ ပွားများခြင်းမှာ မနောကံမေတ္တာဘာဝနာဖြစ်သည်။ မေတ္တာသည်သာအောင်နိုင်ရာ၊ မေတ္တာသည် သာငြိမ်းချမ်းရာ၊ မေတ္တာသည်သာ ချမ်းသာရာဖြစ်သည့်အားလျော်စွာ ၀ါခေါင်လပြည့် မေတ္တာအခါတော်နေ့ သည် မွန်မြတ် သန့်စင်မှုကို ဖွင့်ဆိုလျက်ရှိနေသည်။
စာရေးတံမဲပွဲသည် ၀ါခေါင်လ၏ရာသီပွဲတော်ပင်ဖြစ်သည်။ စာရေးတံအလှူမှာ မြတ်စွာဘုရားရှင်ခွင့်ပြုတော်မူသော ဆွမ်းအလှူဖြစ်သည်။ ဘုရားရှင်တော်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် တစ်ပြည်လုံးတွင် မိုးခေါင်ပြီး ငတ်မွတ်ဘေးဆိုက်ရောက်သည်။ ထိုအခါ ရဟန်းသံဃာတော်များအား ၀တ်မပျက်မလှူဒါန်းနိုင်ကြတော့ဘဲ ကြည်ညိုရာကိုစွဲ၍ တတ်နိုင်သမျှ ရွေးချယ်လှူဒါန်းခြင်း၊ စာရေးတံမဲချလှူဒါန်းခြင်းများဖြင့်သာ ကုသိုလ်ယူကြရသည်။ စာရေးတံအလှူကို ဘုရားရှင်ထံသို့ လျှောက်ထားကြရာ ဘုရားရှင်က သံဃာအားလုံးအတွက် လှူဒါန်းသော ဆွမ်း (သံဃာဘတ်)၊ တစ်ပါး၊ နှစ်ပါးစသည်ဖြင့်ရည်ညွှန်း၍ လှူဒါန်းသောဆွမ်း(ဥဒ္ဒေသဘတ်)၊ ပင့်ဖိတ်၍လှူဒါန်းသော ဆွမ်း (နိမန္တနဘတ်)၊ စာရေးတံမဲချ၍ လှူဒါန်းသော ဆွမ်း(သာလကာဘတ်)၊ လဆန်းပက္ခ၊ လဆုတ်ပက္ခ၌ လှူဒါန်းသောဆွမ်း (ပက္ခိတဘတ်)၊ ဥပုသ်နေ့၌လှူဒါန်းသောဆွမ်း(ဥပေါသထိကဘတ်)၊ ဥပုသ်ကျော်တစ်ရက်၌ လှူဒါန်းသောဆွမ်း (ပါဋိကဘတ်)ဟူသော ဆွမ်းခုနစ်မျိုးကိုခွင့်ပြုတော်မူသည်။
ဘိုးတော်ဘုရားလက်ထက်ထင်ရှားခဲ့သော စာဆိုတော်မယ်ခွေ၏ ၀ါခေါင်လဖွဲ့ အဲချင်းတစ်ပုဒ်တွင် ]]မြန်မာသင်းကျစ်၊ သတိုးစစ်တို့၊ လက်ရှစ်ကခြေ၊ အထွေထွေနှင့်ရွှေစာရေးတံ၊ အောင်ပွဲခံသည်}}ဟုလည်းကောင်း၊ ကွမ်းရေတော်ကိုင်ဦးယာ၏၀ါခေါင်လဖွဲ့ လူးတားတစ်ပုဒ်တွင် “သည်ရက်အခါ၊ မြတ်စွာထွတ်ထား၊ ရွှေစကားတွင်၊ ပွဲများငြိမ့်ခံ၊ စာရေးတံဟု၊ စီမံခင်းကျင်း”ဟုလည်းကောင်း ၀ါခေါင်လနှင့်စာရေးတံမဲပွဲကျင်းပပုံများကို စပ်ဆိုရေးသားခဲ့ကြသည်။
စာရေးတံအလှူနှင့်စာရေးတံဆွမ်းဟူသော ဝေါဟာရအပြည့်အစုံကို ဒုတိယအင်းဝခေတ်သာလွန်မင်း တရားကြီးလက်ထက် တွင် ပေါ်ထွက်လာခဲ့သော စူဠ၀ါပါဠိတော်နိဿယနှင့် စူဠ၀ါအဋ္ဌကထာနိဿယကျမ်းများ၌ အစောဆုံးတွေ့ ရှိရသည်။ စာရေးတံသည် သစ်သားအချောင်းအတံဖြစ်စေ၊ ၀ါးခြမ်းပြား၊ နှီးပြား၊ ပေရွက်၊ ထန်းရွက်စသည်တို့နှင့်ဖြစ်စေ ဒါယကာ၊ ဒါယိကာမ၏အမည်ကို ထိုအတံတွင်စာဖြင့်ရေးထိုးထားခြင်းဖြစ်သည်။ စာရေးတံကို ယခုခေတ် အသုံးပြု သောစကားအရ မဲ ဟု တွဲဖက်သုံးကြသည်။ သာသနာတော်တွင် စာရေးတံကိုဆွမ်း၊ ကွမ်းကိစ္စများ၌သာ အသုံး ပြုခြင်းမဟုတ်ပေ။ သံဃာတော်များတစ်စုံတစ်ရာ အငြင်းအခုံဖြစ်ပွားကြလျှင် များရာလိုက်နာစတမ်းသဘော တူညီချက်ဖြင့် စာရေးတံကို မဲရေတွက်ဆုံးဖြတ်ရာ၌လည်း အသုံးပြုသည်။
ယနေ့အချိန်ထိ စာရေးတံဆွမ်းအလှူနှင့် မဟာဒုက်ဆွမ်းအလှူရောထွေးလျက်ရှိပြီး ထိုအလှူနှစ်ရပ်ကို တစ်ပေါင်း တည်းပြု လုပ်နေကြကြောင်းတွေ့ရသည်။ ကဿပမြတ်စွာဘုရားလက်ထက်တော်က ပေါ်ပေါက်ခဲ့သော မဟာဒုက်လှူဒါန်းသည့် အလှူမှာ စာရေးတံမဲ သာလကာဘတ်ဆွမ်းအလှူမျိုးမဟုတ်ပေ။ မဟာဒုက်ဆွမ်းအလှူမျိုးကား မည်သူက သံဃာအပါး ရေမည်မျှကို ဆွမ်းလုပ်ကျွေးရန်တာဝန်ယူပါဟု လိုက်လံဆော်သြစာရင်းရေးမှတ်ပြီး ဆွမ်းဆက်ကပ်လှူဒါန်း သောအလှူဖြစ် သည်။ စာရေးတံမဲမပါသဖြင့် စာရေးတံအလှူမဟုတ်ပေ။ သို့ရာတွင် ယခုခေတ်မဟာဒုက် အလှူပြုရာ၌ သံဃာတော် များအား မဲချခြင်းမဟုတ်ဘဲ ရပ်ရွာမှလှူဒါန်းသော ၀တ္ထုပစ္စည်းများကို စာရေးတံမဲပြုပြီး မဲပေါက်ရာ ၀တ္ထုပစ္စည်းကို ထိုသံဃာသို့လှူဒါန်းသည့် အသွင်ဆောင်ခဲ့သည်။
အမှန်စင်စစ်စာရေးတံမဲဖြင့် လှူဒါန်းသောဆွမ်းအလှူပွဲတော်ကျင်းပပုံမှာ သံဃာတော်များသည် ဆွမ်းညွှန်းကိုယ်တော် တစ်ပါးအား ဦးစွာရွေးချယ် တင်မြှောက်ထားရသည်။ ထိုရဟန်းသည် ဆန္ဒာဂတိ၊ ဒေါသာဂတိ၊မောဟာဂတိ၊ ဘယာဂ တိမလိုက်စားရခြင်း၊ ဆွမ်းအတွက်ညွှန်းပြီးမပြီးကို သိရှိရခြင်းတို့နှင့် ပြည့်စုံရသည်။ ထိုဆွမ်းညွှန်းကိုယ်တော်သည် စာရေးတံဆွမ်းကိစ္စကို ဆောင်ရွက်ရာတွင် ဒါယကာ၊ ဒါယိကာမများ၏ အမည်ရေးထိုးထားသောစာရေးတံအားအသုံးပြုပြီး စာရေးတံအားလုံးကို ထည့်စရာတစ်ခုတွင်ထည့်မွှေ၍ အလှည့်ကျသည့်ရဟန်းကစတင်မဲနှိုက်စေသည်။ အလှည့်စဉ်မရှိက မထေရ်ကြီးမှ စတင်မဲနှိုက်ယူရသည်။ မည်သည့်ဒါယကာ၏ဆွမ်းဟုရေးထိုးထားသော စာရေးတံကိုနှိုက်ယူသည့်ရဟန်းမှာ ထိုအလှူရှင်၏ပင့်လျှောက်ချက်ဖြင့် ထိုအိမ်သို့ကြွချီရသည်။
မြန်မာမင်းများလက်ထက်တွင် စာရေးတံမဲ၌ ဆွမ်းဒါယကာ၏အမည်ကိုမရေးတော့ဘဲ ရဟန်းသံဃာများ၏ဘွဲ့တော်ကို ရေးထား ကာ ဆွမ်းဒါယကာက မဲနှိုက်ယူသည့်စနစ်သို့ပြောင်းလဲခဲ့သည်။ ဆယ်ပါးပင့်ဆောင်လိုသူသည် စာရေးတံ ဆယ်ချောင်း၊ တစ်ပါးပင့်လိုသူသည် စာရေးတံတစ်ချောင်းဆွဲယူကာ စာရေးတံတွင်ရေးထားသော ဘွဲ့အမည်ရှိ ရဟန်း သံဃာအား အိမ်သို့ပင့်ဆောင်ရသည်။ အနှစ်သာရမပြောင်းလဲသော်လည်း မိမိလှူဒါန်းမည့်မဲကို ဒါယကာ ကိုယ်တိုင်နှိုက်ရသဖြင့် ပို၍သဒ္ဓါရွှင်လန်းဝမ်းမြောက်ရသည်။ ဆွမ်းကပ်လှူပုံမှာ အချို့ကအိမ်သို့နံနက်စောစောပင့်ပြီး ဆွမ်းဆက် ကပ်ကာ တရားနာရေစက်ချသည်။
အချို့မှာမူ ကျောင်းသို့ ဆွမ်းအုပ်ပို့ပြီး မဲကျရာ သံဃာသို့ ဆက်ကပ်လှူဒါန်းသည်။ ပုဂ္ဂိုလ်စွဲမထားဘဲ မဲကျရာသံဃာတော်ကို လှူဒါန်းရခြင်းဖြစ်ရာ စာရေးတံအလှူပွဲတော်မှာ သုံးတန်သော စေတနာပြည့်ဝသည့် အလှူပွဲတော် တစ်ရပ် ပင်ဖြစ်သည်။ဝါဆိုဝါခေါင်ရေဖောင်ဖောင် ဆိုသလို မိုးအားကောင်းသော ၀ါခေါင်လတွင် ၀ါဆိုဝါကပ်တော်မူကြသော ရဟန်းသံဃာတော်မြတ်တို့သည် စာအံစာဖတ်ခြင်းများဖြင့် မအားလပ်နိုင်ဖြစ်ကြ၍ ဆွမ်း၊ ကွမ်းမပြတ်စေရန်ဒါယကာ၊ ဒါယိကာမများက ပစ္စယာနုဂ္ဂဟအမြတ်ဒါနပြုလုပ်လှူဒါန်းကြသည်။ စာရေးတံမဲအပါအ၀င် လှူဖွယ်ဝတ္ထုအစုစုတို့ကို အစဉ်အဆက်ကတည်းကပင် ဆက်ကပ်လှူဒါန်းခြင်းဖြင့် စာအံစာချပုဂ္ဂိုလ်များအနေဖြင့် သာသနာတော်ဆိုင်ရာထွန်း ကားပြန့်ပွားရေးအတွက် လုံ့လပြုနိုင်သလို သာသနာတော်တည်တံ့ရေးအတွက်အလှူရှင်များကလည်း တတ်စွမ်းသည့်ဘက်မှ အထောက်အပံ့ပြုပေးခြင်းသည် ကောင်းမြတ်သော မင်္ဂလာတစ်ပါးပင်ဖြစ်သည်။
ထိုနည်းတူစွာ ၀ါခေါင်လပြည့်မေတ္တာအခါတော်နေ့၏ ထူးခြားချက်အရ မေတ္တာဘာဝနာ၏ကျယ်ပြန့်ပုံနှင့် ထက်မြက်ပုံ တို့ကိုသိရှိပြီး မေတ္တာဖြင့်အောင်နိုင်မှုကို ရယူနိုင်စေရန် မေတ္တာပွားများကြမည်ဆိုလျှင် မည်သည့်နေရာဌာန၊ အရပ်ဒေသ တွင်မဆို ငြိမ်းချမ်းသာယာခြင်းသို့ မလွဲမသွေရောက်ရှိမည်ဖြစ်ပါတော့သတည်း။
MWD
No comments:
Post a Comment