Latest News

Sunday, August 26, 2018

ဆက်လက်တိုးတက်ကောင်းမွန်လာမည့် ဖိလစ်ပိုင်-ရုရှား ကာကွယ်ရေးဆိုင်ရာဆက်ဆံရေး

ဆက်လက်တိုးတက်ကောင်းမွန်လာမည့် ဖိလစ်ပိုင်-ရုရှား ကာကွယ်ရေးဆိုင်ရာဆက်ဆံရေး

အမေရိကန်နိုင်ငံလုပ် F-16 အမျိုးအစား တိုက်လေယာဉ်များဝယ်ယူရန် ကမ်းလှမ်းသည့် အမေရိကန်၏ ကမ်းလှမ်းမှုကို ဖိလစ်ပိုင်သမ္မတ ဒူတာတေက ငြင်းဆိုလိုက်သည်ကို တွေ့ရသည်။ တိုက်လေယာဉ်များ  ၀ယ်ယူရန်ကမ်းလှမ်းခဲ့သည့် အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်၏ ကမ်းလှမ်းမှုသည် အသုံးမကျသည့် ကမ်းလှမ်းချက်တစ်ရပ်ဖြစ်ပြီး ဖိလစ်ပိုင်အနေဖြင့် နိုင်ငံအတွင်းရှိ သောင်းကျန်းသူများကို နှိမ်နင်းရန် အပေါ့စားလေယာဉ်များသာ လိုအပ်သည်ဟု ဒူတာတေက သြဂုတ် ၂၃ ရက်က ဒါဗာအိုစီးတီး၌ ကျင်းပသည့် အရှေ့မင်ဒါနာအိုတိုင်းစစ်ဌာချုပ် တည်ထောင်သည့် နှစ်ပတ်လည်အခမ်းအနားတွင် ပြောကြားခြင်း ဖြစ်သည်။

အမေရိကန်အစိုးရ၏ ကြိုးပမ်းမှုသည် ဖိလစ်ပိုင်အနေဖြင့် အမေရိကန်နှင့် မဟာမိတ်ဆက်ဆံရေးမှ ထွက်ခွာ ပြီးနောက်ပိုင်းတွင် ရုရှားနှင့်နီးစပ်သွားမည်ကို စိုးရိမ်နေသည်ဟု ဆိုနိုင်သည်။ အကြောင်းမှာ ဖိလစ်ပိုင်နိုင်ငံ ခြားရေးဝန်ကြီး အာလန်ပီတာကာယက်တာနိုက သြဂုတ်လအစောပိုင်းက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့နှင့် တွေ့ဆုံဆွေးနွေးစဉ် ဖိလစ်ပိုင်အစိုးရအနေဖြင့် ရုရှားနိုင်ငံက ကမ်းလှမ်းလာမည့် လက်နက်ရောင်းဝယ်ရေး ကမ်းလှမ်းမှုကို ငြင်းဆိုမည်မဟုတ်ဟု ကာယက်တာနိုက ပြောကြားခဲ့ခြင်းကြောင့် ဖြစ်သည်။

ထို့ပြင် ဖိလစ်ပိုင်အနေဖြင့် ရုရှားနိုင်ငံလုပ် လက်နက်ခဲယမ်းများဝယ်ယူမည်ကို အမေရိကန်အစိုးရက စိုးရိမ်မကင်း ဖြစ်လျက်ရှိသည်။ ထို့ကြောင့် ရုရှားစစ်လက်နက်များ၊ အထူးသဖြင့် ရုရှားနိုင်ငံလုပ် ရေငုပ်သင်္ဘောများကို ၀ယ်ယူခြင်းမပြုရန် အမေရိကန်အစိုးရက ဖိလစ်ပိုင်အား အကြံပေးခဲ့သည်။ သို့သော် ထိုအကြံပေးချက်ကို ဖိလစ်ပိုင်အစိုးရက ပြင်းပြင်းထန်ထန်ပယ်ချခဲ့သည်ကို တွေ့ရသည်။ ထို့ပြင် ရုရှားနိုင်ငံလုပ်  စစ်လက်နက်ပစ္စည်းများမ၀ယ်ယူရန် အမေရိကန်၏အကြံပေးမှုကို ဖိလစ်ပိုင်အစိုးရက သတိပေးချက်တစ်ရပ် အဖြစ် ယူဆခဲ့ပြီး ယင်းသို့လုပ်ဆောင်ချက် အပေါ် ဒူတာတေကရှုတ်ချခဲ့သည်။

ဖိလစ်ပိုင်နှင့် အမေရိကန်ပြည်ထောင်စုကြား ဆက်ဆံရေးသည် ယခင်ကကောင်းမွန်ခဲ့သော်လည်း ဒူတာတေ အစိုးရက လုပ်ဆောင်နေသည့် မူးယစ်ဆေးဝါးတိုက်ဖျက်မှု အစီအစဉ်ကြောင့် နှစ်နိုင်ငံကြားဆက်ဆံရေးမှာ စွန်းထင်း ခဲ့ရသည်ကိုတွေ့ရသည်။ အမေရိကန်အစိုးရသည် ဖိလစ်ပိုင်ရဲတပ်ဖွဲ့အတွက် လက်နက်ထောက်ပံ့ရေး အစီအစဉ်တစ်ရပ်အဖြစ် ရိုင်ဖယ်အလက် ၂၃၀၀၀ ကို ပေးအပ်ရန်စီစဉ်ခဲ့သော်လည်း အမေရိကန်လွှတ်တော်များက ဖိလစ်ပိုင် ရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ဆောင်မှုများအပေါ် ထောက်ပြခဲ့ခြင်းကြောင့် နောက်ဆုံးတွင် အမေရိကန်အစိုးရက ထိုလက်နက်များကို ဖိလစ်ပိုင်သို့ လွှဲပြောင်းပေးရန် ငြင်းဆိုခဲ့သည်။ အဆိုပါငြင်းဆိုမှုသည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုဆိုးရွားလာစေသည်။ သို့သော် ဖိလစ်ပိုင်အနေဖြင့် ရုရှားနိုင်ငံလုပ်ရဟတ်ယာဉ်များ၊ လေယာဉ်များနှင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် ပဲ့ထိန်းလက်နက်များကိုဝယ်ယူရန် စိတ်ဝင်စားသည်ဟု ပြီးခဲ့သည့်နှစ်က ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သော ခရီးစဉ်အတွင်း ဒူတာတေက ပြောကြားခဲ့ခြင်းကြောင့် အမေရိကန် က မည်သို့ပင် ဖျက်စေကာမူ ဖိလစ်ပိုင်-ရုရှား ကာကွယ်ရေးဆိုင်ရာဆက်ဆံရေးသည် ဆက်လက်တိုးတက်ကောင်းမွန် လာမည့်အလားအလာရှိသည်။

Ref: Sputnik@MWD

No comments:

Post a Comment