တစ်နေ့တွင် ကျွန်မတို့၏တိုင်းရင်း ဆေးရုံသို့ အဆစ်အမျက်ကိုက်ရောဂါရနေသူတစ်ဦးရောက်ရှိလာပါတယ်။ ''ဆရာမ...ကျွန်မဒူးဆစ်တွေကိုက်နေ လို့'' ''ဟုတ်ကဲ့ ဒူးဆစ်ကိုက်နေတာဘယ်လောက် ကြာနေပြီလဲရှင့်'' ''နှစ်ပတ်လောက်ကြာပါပြီရှင်'' လူနာတစ်ယောက်လာရင် ကျွန်မတို့ တိုင်းရင်းဆေးပညာနည်းစနစ်အရမေးမြန်း သင့်သည့် လူနာရဲ့ရောဂါ ရာဇဝင် တွေကို မေးမြန်းလေ့ရှိပါတယ်။
လူနာရဲ့အသက်မှာ ၄ဝ ဖြစ်ပြီး အိမ်ထောင်ရှိ သူဖြစ်ပါတယ်။ အတိတ် က ရောဂါ ရာဇဝင်တွေကို မေးကြည့်တော့ ရာသီဖျားဖျားနာခြင်းသာဖြစ် ဖူးပါတယ်။ ASO စစ်ဖူးလားမေးတော့ ASO မစစ်ဖူးသေးကြောင်းလည်း သိရပါတယ်။ လူနာ၏အလုပ်အကိုင်မှာ ဈေးရောင်း ဈေးဝယ်ပါ။ အရင်ကယခုကဲ့သို့ အဆစ်ကိုက်ခြင်း တစ်ခါမှ ဖြစ်ဖူးခြင်း မရှိသည် ကိုလည်း မေးမြန်းရင်းမှသိရပါတယ်။ လူနာရဲ့ရုပ်ရည်မှာကြည်လင်လန်းဆန်းနေသကဲ့သို့ သူ၏ခန္ဓာ ကိုယ်သည် အသင့်အတင့်သော ကိုယ်လုံးရှိပါတယ်။
လူနာ၏ ဒူးနှစ်ဖက်ကိုစမ်းကြည့်သော အခါ အေးစက်နေသည်ကို တွေ့ရပါတယ်။ လူနာရဲ့ဒူးနှစ်ဖက်မှာ အေးစက်နေတာကြောင့် ကျွန်မတို့ဆေးရုံက အဆစ်ရောင် အဆစ်ကိုက်ရာတွင် သုံးစွဲနေကျလက်သုံးတော် ဆေးဖက်ဝင်မဟာကာကြံ ဆစ်အရွက်များကိုထောင်းကာ တိုင်းရင်း ဆေးခန်းသုံး ဆေးနံ ပါတ် ၂၉ သဗ္ဗဇေယျ ဆေးစပ်ကြီးနှင့် စည်းပေးလိုက်ပါတယ်။ ဆေးဖက်ဝင် မဟာကာကြံဆစ်သည် နှစ်ရှည်ခံတဲ့အပင်ဖြစ်ပါတယ်။ နေရာ အသီးသီးရဲ့ ခေါ်ဝေါ်ချက်အရ မဟာ ကာ ကြံဆစ်ကို နဂါးစက်ပင်၊ အဆိပ်ဖြေပင်၊နဂါး အမြီးပင်ဆိုပြီးခေါ်တွင်ကြပါတယ်။ မဟာ ကာကြံဆစ် ပင်မှာ ထူးခြားချက်တစ်ခုရှိပါ တယ်။ အရွက်တွေပေါ်မှာ သိသိသာသာ အမည်းကွက်လေးတွေ ပါရှိပါတယ်။
လူနာသည် သုံးရက်ခန့်ကြာသောအခါ ဆေးရုံသို့ ထပ်မံလာပြပါတယ်။ ဒူးဆစ်များ ကိုက်ခြင်းသက်သာ လာပြီဖြစ်ကြောင်းလည်း ဝမ်းသာအားရပြောဆိုလာပါတယ်။ ထပ်မံပြီး ဒုတိယအကြိမ် မဟာကာကြံဆစ်ရွက် တစ်မျိုး တည်းကိုပဲ ထောင်းကာ စည်းပေးလိုက် ပါတယ်။ မဟာကာကြံဆစ်သည် မြန်မာနိုင်ငံတွင်သာမက ဂျပန်၊ အိန္ဒိယ၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံတို့မှာပင် ထင်ရှားလှသော ဆေးဖက်ဝင်အပင်အဖြစ် ရပ်တည်နေပါတယ်။ ဆေးဖက်ဝင် မဟာကာကြံဆစ်၏ ရုက္ခဗေဒအမည်မှာ Polygonumchinese L. မျိုးရင်းမှာ Poygonaceae ဖြစ်ပါ၏။ The genus name Polygonum ဆိုသည်မှာ ဂရိဘာသာစကားမှ ဆင်းသက် လာပြီး greek poly= many and gonu= knee or joint ဖြစ်လေတော့ အဆစ်များစွာပါဝင်သော၊ အဆစ်တွင်ဖောင်းနေသော အပင်ဟု ဆိုလို ကြပါတယ်။
မြန်မာနိုင်ငံရဲ့ တောင်တန်းဒေသများမှာ အတွေ့ရများသောအပင်ဖြစ်ပါတယ်။ ပင်စည်မှာပြောင်လက်နေပြီး တစ်ခါတစ်ရံ နီညို ရောင်သန်းလေ့ရှိပါတယ်။ အရွက်များမှာ ဘဲဥပုံရှိသကဲ့သို့ ထိပ်ဖျားမှာချွန်ပြီး ရွက်ရင်း မှာ ဝိုင်းနေလေ့ရှိပါတယ်။ ပန်းခိုင်များမှာ အဖြူရောင် သို့မဟုတ် ပန်းရောင်များပွင့်လေ့ ရှိပါတယ်။ လူနာသည် တတိယအကြိမ်ဆေးရုံသို့ လာပြပါတယ်။ ဒီတစ်ခေါက်လာပြချိန်တွင် ဒူးဆစ်များကိုက်ခြင်းလုံးဝ မရှိတော့ ပါ။ သက်သာကြောင်းသိစေချင်လို့၊ ဝမ်းသာ အားရပြောဆိုချင်လို့ ဆေးရုံသို့ လာပြခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ ကုသပေးလိုက်သော လူနာများရဲ့ဝေဒနာများ ပျောက်ကင်းသွား တယ်ဆိုလျှင် ပီတိတွေဖြစ်ရပါတယ်။ ယင်းလူနာရဲ့အဆစ်ကိုက်ခြင်းကိုသာမက အခြား လူနာများရဲ့အဆစ်ရောင်၊ အဆစ်ကိုက်များ တွင်လည်း လက်သုံးတော်မဟာကာကြံဆစ် ပင်ကို အသုံးပြုခဲ့ခြင်းဖြစ်ပါတယ်။ မဟာကာကြံဆစ်ရွက်ကို ဝါးစား ကြည့်ပါက ဖန်၊ ခါး၊ ချဉ်အရသာရှိပါတယ်။
ဆေးကျမ်းအချို့၏ဖော်ပြချက်အရ အရွက် ကိုဝါးစားခြင်းသည် သွေးတိုးကိုလည်းကျစေတယ်ဟု သိရပါတယ်။ ထိခိုက်ရှနာ အမျိုး မျိုးအတွက် ထိုအရွက်များကို ထုထောင်း ကာအုံပေးနိုင်ပါတယ်။ အနာကိုအမြန်ကျက် စေပြီး အမာရွတ်လည်း မကျန်စေပါ။ ဝဲယား နာများမှာ အဲဒီအရွက်ကိုပြုတ်ပြီးရေချိုးပေးနိုင်ပါတယ်။ အချို့က ဟင်းချက် သည့်အခါ ထိုအရွက်ကိုထည့်ပြီး ချက်စားကြပါတယ်။ အသည်းရောဂါများအတွက်လည်းအရွက် များကို သုံးခွက်တစ်ခွက် ကျန်အောင်ကျိုပြီး သောက်ပေးနိုင်ပါသေး တယ်။ အသည်း အားကောင်းတယ်ဆိုပြီး အချို့ဒေသများက အရွက်ကိုပါးပါးလှီးကာ သုပ်စားကြလေ့ရှိ ကြတယ်။ ဆီးနှင့် ပတ်သက်တဲ့ ရောဂါများ ဖြစ်တဲ့ ဆီးကျဉ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်း၊ ဆီးဝါခြင်းများတွင်လည်း အရွက်ကို ပြုတ်၍ သောက်ပေးနိုင်ပါတယ်။ ဝမ်းနှင့်ပတ်သက်တဲ့ ဝမ်းကိုက်ခြင်း၊ ဝမ်းလျှောခြင်းများမှာ အရွက်ကိုရေစင်အောင် ဆေးကာ အစိမ်းလိုက် ထမင်းနဲ့ မြှုပ်စားပေးနိုင်ပါတယ်။
ခန္ဓာကိုယ်ဖောရောင် ခြင်းများအတွက် အရွက်ကိုအခြောက်လှန်းကာ ရေနွေးထဲတွင် လက်ဖက်ခြောက်အစား ထည့်သောက်လေ့ရှိကြပါသေးတယ်။ ထို့အတူ အနာစိမ်းများ၊ ယားနာ၊ ခူနာများတွင် အရွက်ကို ထုထောင်းကာ အုံပေးခြင်းဖြင့် အနာများကိုပြည်မှည့်မြန်စေပြီး အသားနု များအမြန်တက်စေပါတယ်။ ငါးရိုးစူးခြင်း၊ ကင်းကိုက်ခြင်း၊ ခြင်ကိုက် ခြင်း၊ ပျားတုပ်ခြင်းများတွင် အရွက်ကိုညှစ် ကာရ သော အရည်ဖြင့် လိမ်းပေးပါက အဆိပ် များပြေစေပါတယ်။ သို့ပါသောကြောင့် အဆိပ်ဖြေပင် ခေါ်ဆိုကြခြင်းပင်ဖြစ်ပါတယ်။
ဆီလောင်ခြင်း၊ ရေနွေးပူလောင်ခြင်း၊ အပူ လောင်ခြင်းတို့တွင်လည်း အရွက်ကို ထုထောင်းကာ အုံပေးထားပါက အမာရွတ် ပင်မကျန်တော့ဘဲ အမြန်ပျောက်ကင်းစေတဲ့ အစွမ်းရှိပါတယ်။ မဟာကာကြံဆစ်အရွက်ကို မကြာခဏ သောက်ပေးခြင်းဖြင့် မောပန်းမှုများကို သက်သာစေတဲ့အပြင် နာကျင်မှု ဝေဒနာများ ကိုလည်း ပျောက်ကင်းကာ သိသိသာသာ လန်းဆန်းပေါ့ပါးစေပါတယ်။ သို့ပါသော ကြောင့် အချို့အရပ်ဒေသများက မဟာကာ ကြံဆစ်ပင်ကိုနတ်ဆေးပင်ဟု ခေါ်ဆိုကြပါ တယ်။ ရင်ကျပ်ခြင်း၊ ချောင်းဆိုးခြင်းများတွင် လည်း အရွက်ကိုမီးကင်ကာ သတ္တုရည်ကို သောက်သုံးပေးခြင်းဖြင့် သက်သာစေပါ တယ်။
အသက် ၄ဝ ကျော်လူကြီးများရဲ့ ဒူးနာခြင်း၊ ခြေလက်များကိုက်ခဲခြင်းအတွက် အစဉ်အမြဲဆောင်ထားသင့်သော ဆေးဖက် ဝင်အပင်လည်းဖြစ်ပါတယ်။ အဆစ်ရောင်၊ အဆစ်ကိုက်ခြင်းများတွင် အဆစ်များကို စမ်းကြည့်ရာမှ အဆစ်များ ပူနေရင်တော့ မဟာကာကြံဆစ်ရွက်နှင့် ချက်ချင်းမစည်းပေးပါ။ အဆစ်များပူနေလျှင် သင်္ဘောရွက်နှင့်ပထမရက်စည်းပေးပြီး အဆစ် များအေးလာပါမှ မဟာကာကြံဆစ်နှင့်စည်း ပေးရမှာဖြစ်ပါတယ်။ အဘယ့်ကြောင့်ဆို သော် မဟာကာကြံဆစ်ပင်သည်ပူသောတန်ခိုး ထူးရှိသည့်အတွက် ကြောင့်ဖြစ် ပါတယ်။
ရုက္ခဗေဒဆိုင်ရာ အပင်စာအုပ်တွင် မဟာကာ၊ မဟာကာလှေကား၊ မဟာကာကြံဆစ်၊ မဟာကာရေကျွဲဆိုပြီး လေးမျိုးရှိ တာကို တွေ့ရသည့်အနက်မှ ကျွန်မတို့ဆေးရုံ တွင် လက်တွေအသုံးချကုသနေသော ဆေးဖက်ဝင် မဟာကာကြံဆစ်၏အစွမ်း သတ္တိကြောင့် အဆစ်ရောင်ခြင်း၊ အဆစ် ကိုက်ခြင်းများကို သက်သာပျောက်ကင်း သည့်အကြောင်း သိစေလိုသောစေတနာဖြင့် ရေးသားလိုက်ခြင်းဖြစ်ပါတယ်။ ။
ဆောင်းပါးရှင်- မုဒိတာ (တောင်သာ)
No comments:
Post a Comment