Latest News

Monday, August 13, 2018

ဂရိတောမီးကြောင့် သေဆုံးရသူ ၉၄ ဦးအထိ ရှိလာ

ဂရိတောမီးကြောင့် သေဆုံးရသူ ၉၄ ဦးအထိ ရှိလာ

အေသင်   သြဂုတ်   ၁၂

ဂရိနိုင်ငံတွင် လူအသေအပျောက်များပြားလှသည့် တောမီး လောင်ကျွမ်းမှုကြောင့် သေဆုံးရသူဦးရေ ၉၄ ဦးအထိ ရှိလာကြောင်း   မီးသတ်တပ်ဖွဲ့  တာဝန်ရှိသူတစ်ဦးက သြဂုတ် ၁၁ ရက်တွင် ပြောကြားသည်။

မီးဘေးသင့်မှုကြောင့် နောက်ဆုံးသေဆုံးရသူမှာ အသက် ၅၇ နှစ်အရွယ်  အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သတင်းများ၌ ဖော်ပြသည်။

ဇူလိုင် ၂၇ ရက်က တောမီးလောင်ကျွမ်းမှု စတင် ဖြစ်ပွားခဲ့ပြီးနောက် မီးဘေးသင့်လူနာ ၃ဝ ကျော်တို့မှာ ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေရဆဲဖြစ်သည်။ အဆိုပါ တောမီးသည် မြို့တော်အေသင်အနီးရှိ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းမြို့ဖြစ်သော  မာတီမြို့တွင် လောင်ကျွမ်းခဲ့ ခြင်းဖြစ်သည်။

တောမီးလောင်ကျွမ်းမှုအပေါ် ကိုင်တွယ်ဆောင်ရွက် ပုံနှင့်ပတ်သက်၍  ဝေဖန်မှုများ  ပေါ်ထွက်ခဲ့ပြီးနောက် တာဝန်ရှိသည့် ရဲတပ်ဖွဲ့ရေးရာ တာဝန်ရှိသူ ဝန်ကြီးတစ်ဦး၊ ရဲတပ်ဖွဲ့အကြီးအကဲနှင့် မီးသတ်တပ်ဖွဲ့အကြီးအကဲအပါ အဝင် အထက်တန်းတာဝန်ရှိသူ လေးဦးတို့ကို ယင်းတို့၏ ရာထူးတာဝန်များမှ ဖယ်ရှားခဲ့သည်။

မီးလောင်ကျွမ်းမှုများဖြစ်ပေါ်စဉ် လေတိုက်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၁၂ဝ ကျော်အထိ ရှိနေခြင်း ကြောင့် မီးဘေးသင့်သူများအား ရွှေ့ပြောင်းကယ်ဆယ်မှု ပြုလုပ်ရန် အချိန်အနည်းငယ်သာ ရရှိခဲ့ကြောင်း ဂရိအစိုးရ က ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့အနေဖြင့် မီးလောင်ကျွမ်းမှုဖြစ်ပွားသည့် ဒေသကို မှန်မှန်ကန်ကန် ပိတ်ဆို့ထားနိုင်ခြင်း မရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် မီးသတ်တပ်ဖွဲ့က မီးလောင်ကျွမ်းမှု တည်နေရာနှင့် မီးလောင်ကျွမ်းမှု ပမာဏတို့ကို အတိအကျ သတိမပေးနိုင်ခြင်းကြောင့်ဖြစ်ကြောင်း     သတင်းတွင် ဖော်ပြသည်။

ကြိုတင်အသိပေးနိုင်မှု   အားနည်းခြင်းကြောင့် ယာဉ်မောင်းသမားအများအပြားသည် မာတီမြို့အတွင်းသို့ အမှတ်တမဲ့ဝင်ရောက်သွားခဲ့ကြပြီး  ကျဉ်းမြောင်းသော လမ်းများတွင် မော်တော်ယာဉ်များ ပိတ်မိခဲ့သည်။ ဒေသခံ ပြည်သူများသည် မီးတောက်မီးလျှံများမှ လွတ်မြောက်ရန် အဝတ်တစ်ထည်ကိုယ်တစ်ခုနှင့်    ထွက်ပြေးခဲ့ကြရပြီး ကမ်းခြေတစ်လျှောက်တွင်လည်း အကူအညီမဲ့စွာ နာရီ များစွာ စောင့်ဆိုင်းနေခဲ့ကြရသည်။

ယင်းတောမီးလောင်ကျွမ်းမှုနှင့်    ပတ်သက်၍ နိုင်ငံတော်အဆင့် တာဝန်ရှိသူများ၏ မှားယွင်းလုပ်ဆောင်ခဲ့ မှုများကို တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်လျက် ရှိသည်။ မီးလောင်ကျွမ်းမှုကြောင့် သေဆုံးခဲ့ရသူ နှစ်ဦး၏ ဆွေမျိုးများကလည်း  တာဝန်ရှိသူများ၏  ပေါ့ဆမှုနှင့် ဘေးအန္တရာယ်  တားဆီးကာကွယ်ပေးနိုင်ခြင်းမရှိသည့် အတွက် တရားဥပဒေကြောင်းအရ တရားစွဲဆိုထားသည်။  ယင်းဖြစ်ရပ်နှင့်   ပတ်သက်၍   တရားစွဲဆိုမှုများထပ်မံ ရှိလာမည်ဟု မျှော်လင့်ရသည်။           

Mirror

No comments:

Post a Comment