မော်တော်ယာဉ်အစီးရေး များပြားလာတဲ့ ရန်ကုန်မြို့ဟာ နေ့စဉ်နဲ့အမျှ လမ်းတိုင်း ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတာ ကြာခဲ့ပြီဖြစ်ပါတယ်။ အရင်က ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် တွေဆိုရင် ရန်ကုန်မြို့ရဲ့ အဓိကလမ်းမတွေပေါ်မှာ ယာဉ်ကြော ကျပ်တည်းမှု လျော့နည်းနေတတ်ပေမယ့် အခုအချိန်မှာတော့ ဖွင့်ရက်၊ ပိတ်ရက်မဟုတ်တော့ဘဲ နေ့စဉ်နဲ့အမျှ ယာဉ်ကြောပိတ် ဆို့မှု ဖြစ်လာတာဟာ သတိပြုစရာဖြစ်လာပါတယ်။
မကြာမီရက်ပိုင်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်သူ့ လွှတ်တော်အစည်းအဝေးမှာတော့ '' ရန်ကုန်မြို့မှာ မိုးပျံလမ်း စီမံကိန်းကို ၂ဝ၁၉ ခုနှစ်မှစတင်ပြီး သုံးနှစ်အတွင်း အပြီးတည် ဆောက်သွားမယ်''လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ပြီးခဲ့တဲ့ ဇူလိုင် ၃ဝ ရက်မှာ ပြောကြားခဲ့ ပါတယ်။ နေ့စဉ်နဲ့အမျှ ယာဉ်ကြောပိတ်ဆို့မှုကြောင့် ကားပေါ် မှာ အနည်းဆုံး အချိန်နှစ်နာရီခွဲလောက် ဒုက္ခခံနေကြရပြီးမှ လိုရာခရီးရောက်အောင် သွားနေရတဲ့ ရန်ကုန်မြို့သူ မြို့သားတွေ အတွက်တော့ အခုသတင်းဟာ မင်္ဂလာသတင်းပဲ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ မော်တော်ယာဉ် အစီးရေပေါင်း ခြောက်သိန်းကျော်ရှိနေပြီး အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက လာရောက်မောင်းနှင်နေတဲ့ ကားအစီး ရေကလည်း နှစ်သိန်းနီးပါးခန့် ရှိနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့လို့ ယာဉ်အို ယာဉ်ဟောင်း၊ ပျက်စီးတဲ့ယာဉ်တွေကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထားပြီး အများပြည်သူ လမ်းနယ်နိမိတ်တွေကနေပြီး ဖယ်ရှားရမယ်လို့ ဆိုထားတာ ကြောင့် အဲဒီမော်တော်ယာဉ်တွေက လမ်းတွေမှာ မရှိတော့ဘဲ ယာဉ်ကြောပိတ်ဆို့မှုကို လျော့ကျစေဖို့ အထာက်အကူပြုစေခဲ့ ပါတယ်။
ယာဉ်ကြောပိတ်ဆို့မှုကြောင့် နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေ ရတဲ့ စိန်ခေါ်မှုတွေကို အထိုက်အလျောက်ဖြေရှင်းနိုင်ဖို့ ရန်ကုန်မြို့ မှာ မိုးပျံကားလမ်းကို တည်ဆောက်အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ တည်ဆောက်မယ့် အဲဒီမိုးပျံလမ်းဟာ အရှည် ၄၇ ကီလိုမီတာရှိပြီး ဗိုလ်တထောင်ဘုရားလမ်းနဲ့ ကမ်းနားလမ်း က စတင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ မိုးပျံလမ်းဟာ ဗိုလ်တထောင်ဘုရားလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပုဇွန်တောင်၊ မြောက်ဥက္ကလာ၊ ခရေပင်လမ်း၊ အောင်မင်္ဂလာ လမ်း၊ ဘုရင့်နောင်လမ်း၊ ကြည့်မြင်တိုင်လမ်းတွေကိုဖြတ်ပြီး ပန်းလှိုင်လမ်းထောင့်မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။
လာမယ့်နှစ်မှာ စတင်အကောင်အထည်ဖော်ဖို့ စီစဉ်နေတဲ့ ရန်ကုန်မိုးပျံလမ်း တည်ဆောက်ရေးနဲ့ပတ်သက်ပြီး စီမံကိန်း ပထမအဆင့်အနေနဲ့ ၂ဝ၁၈ မေလ ၁၈ ရက်မှာ နိုင်ငံပိုင်သတင်းစာ တွေကတစ်ဆင့် စတင်ကြော်ငြာခဲ့ပါတယ်။ ၂ဝ၁၈ ဇွန် ၁၉ ရက် မှာတော့ တင်ဒါပိတ်ခဲ့တဲ့အခါ ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့ အစည်း ၅၃ ခုတို့က စိတ်ဝင်စားမှုတွေ တင်ပြခဲ့ကြပါတယ်။
အဲဒီလို စိတ်ဝင်စားမှုရှိတဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေထဲကမှ စီမံကိန်းစီမံခန့်ခွဲမှု၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက် မှုတွေဟာ နိုင်ငံတကာအရည်အသွေးမီ၊ အဆင့်အတန်းမီဖို့ အတွက် စနစ်တကျကြပ်မတ်လုပ်ကိုင်သွားဖို့ စိစစ်ရွေးချယ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီလိုအကောင်အထည်ဖော်လုပ်ကိုင် တဲ့အခါ Phase one အဖြစ် ဗိုလ်တထောင်ဘုရားလမ်းထိပ်မှ မင်္ဂလာဒုံ၊ ခရေပင်လမ်းဆုံးအထိ စတင်အကောင်အထည်ဖော် ဖို့တော့ စီစဉ်ထားတယ်လို့ဆိုပါတယ်။
ရန်ကုန်မိုးပျံလမ်းစီမံကိန်းအတွက် ပြည်တွင်းကုမ္ပဏီ ၁၆ ခုအပါအဝင် ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ မလေးရှား၊ တူရကီ စတဲ့ နိုင်ငံတွေက ကုမ္ပဏီတွေကလည်း စိတ်ဝင်စားမှုရှိနေတာဖြစ်ပါ တယ်။ အဲဒီလို ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေဟာ မိုးပျံလမ်း အသုံးပြုခကောက်ခံပြီး ကုန်ကျငွေကို ပြန်ရှာဖို့ စီစဉ်ထားပေမယ့် နှစ်ကာလအတိုင်းအတာ အတိအကျတော့ ဆွေးနွေးကြရဦးမယ် လို့ ထင်ပါတယ်။
ရန်ကုန်မှာ တဖြည်းဖြည်းနဲ့ လူဦးရေရော ယာဉ်အစီးရေပါ တိုးပွားများပြားနေတာမို့ ယာဉ်ကြောပိတ်ဆို့မှုကို လျော့ကျစေဖို့ စဉ်းစားတဲ့အခါ မိုးပျံလမ်းစီမံကိန်းကို မဖြစ်မနေ အကောင် အထည်ဖော်လာဖို့ တွန်းအားပေး ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ရန်ကုန်မြို့ဟာ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းဖို့အတွက် ကား လမ်း၊ ရထားလမ်းတွေ အဆင့်မြှင့်တင်တာတွေ၊ ပြုပြင်တာတွေ အပြင် အသစ်တိုးချဲ့တည်ဆောက်ဖို့ လေ့လာတဲ့အခါ အဖြစ် နိုင်ဆုံးက စက်ဝိုင်းကျကျနီးပါး Inner Rings (အတွင်းဝိုင်းပတ် လမ်း)နဲ့ Outer Ring(အပြင်ဝိုင်းပတ်လမ်း)တွေကို မြေပေါ်နဲ့ မိုးပျံလမ်းတွေ တည်ဆောက်မှသာ ဖြစ်နိုင်မယ်လို့ ဂျိုက်ကာ ကလည်း တင်ပြထားပါတယ်။
ဒါမှလည်း ရန်ကုန်မြို့ရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ ယာဉ်ကြော ကျပ်တည်းမှု စိန်ခေါ်ခြင်းကို အထိုက်အလျောက် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလို မိုးပျံလမ်း တည်ဆောက်တဲ့အခါ ရန်ကုန်မြို့ရဲ့ လမ်းဧရိယာနဲ့ နယ်မြေအချိုးအစားကို တွက်ချက်ကြည့်ရင် အခြားနိုင်ငံတွေထက် လမ်းဧရိယာအသုံးပြုမှုက နည်းပါးနေတယ် လို့ ဆိုပါတယ်။ လမ်းဧရိယာနဲ့ နယ်မြေဧရိယာအချိုး ဆန်းစစ်ချက် တွေကိုကြည့်ရင် ထိုင်းနိုင်ငံမြို့တော် ဗန်ကောက်မှာတော့ လမ်းဧရိယာဟာ မြို့ဧရိယာ စုစုပေါင်းရဲ့ ၇ ဒသမ ၁ ရာခိုင်နှုန်း ရှိနေပြီး ဂျပန်နိုင်ငံမြို့တော် တိုကျိုမြို့မှာတော့ ၁၈ ဒသမ ၄ ရာခိုင်နှုန်း ရှိနေပေမယ့် ရန်ကုန်မြို့မှာတော့ ၅ ဒသမ ၂ ရာခိုင်နှုန်းပဲ ရှိတယ် လို့ လမ်းဧရိယာနဲ့ မြို့ရဲ့ နယ်မြေဧရိယာ အသုံးပြုမှုဆိုင်ရာ သုတေသနပြုချက်မှာ ဖော်ပြထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ နေ့စဉ်လမ်းမတွေအပေါ် ခရီးသွားနေသူဦးရေဟာ ၂၈ သိန်းခန့်ရှိနေပြီး အဲဒီလူဦးရေ ထဲမှာမှ သိန်း ၂ဝ ခန့်က မော်တော်ကားယာဉ်လိုင်းတွေနဲ့ ခရီး သွားနေသူတွေဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့် ရန်ကုန်မြို့ရဲ့ နေ့စဉ် ခရီးသွား ပြည်သူတွေအတွက် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ကလည်း ညှိနှိုင်းလုပ်ဆောင်နေပါတယ်။ မီးပွိုင့်ထိန်းချုပ်ရေးစနစ်နဲ့ ထားမလား၊ အဝိုင်းပတ်တွေဖြစ်တဲ့ ဟံသာဝတီနဲ့ ဦးထောင်ဘို အဝိုင်းတွေ ဖျက်သိမ်းမလား စတဲ့အချက်တွေကိုလည်း ဆွေးနွေး နေပေမယ့် နှစ်ချက်စလုံးမှာ အားသာချက်၊ အားနည်းချက်တွေ ရှိပါတယ်။ စည်းကမ်းမဲ့မောင်းရင် မီးပွိုင့်နဲ့ထိန်းချုပ်လို့ရသလို စည်းကမ်းအတိုင်းမောင်းရင် အဝိုင်းစနစ်က တရွေ့ရွေ့နဲ့မောင်းလို့ ပိုကောင်းပါတယ်။
ဒါကြောင့်လည်း အဲဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့၊ ယာဉ်ကြောကျပ်တည်းမှုကို လျှော့ချနိုင်ဖို့ဆိုရင်တော့ မိုးပျံလမ်း တည်ဆောက်ရေးက ပိုမိုထိရောက်တဲ့ အကောင်အထည်ဖော် မှုဖြစ်တယ်ဆိုတာ လက်ခံရမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းမှာ ငွေကြေးရင်းနှီးမြှုပ်နှံမှုက အရေးပါတဲ့အခန်းကဏ္ဍက ရှိတယ် ဆိုပေမယ့် ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေရှိနေမှာ ဖြစ်တာကြောင့် စီးပွားရေးမြို့တော် ရန်ကုန်မြို့ရဲ့ မိုးပျံလမ်းစီမံကိန်း သတ်မှတ် ကာလအတွင်း အကောင်အထည်ပေါ်လာဖို့ ရန်ကုန်မြို့သူ မြို့သား တွေက စိတ်ဝင်စားစွာစောင့်မျှော်နေတာတော့ အမှန်ပါပဲ။ ။
ဝေယံဦး
No comments:
Post a Comment