Latest News

Wednesday, August 8, 2018

တန်ဖိုးနည်းကားများမတော်တဆ အရောင်းအဝယ်မျိုးသာရှိနေဆဲ ရန်ကုန်ကားဈေးကွက်

တန်ဖိုးနည်းကားများမတော်တဆ အရောင်းအဝယ်မျိုးသာရှိနေဆဲ ရန်ကုန်ကားဈေးကွက်



တစ်လကျော်ခန့် ငြိမ်သက်နေသည့် ရန်ကုန်ကားဈေးကွက်အတွင်း လကုန်ပိုင်း မှစတင်၍ ယခင်ထက် အရောင်းအဝယ် အနည်းငယ်ပြန်လည်မြင်တွေ့ရပြီး  တန်ဖိုးသင့် ငွေကျပ် သိန်းတစ်ရာကျော် ကားငယ်များ မဖြစ်မနေ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ် နေသော်လည်း ကျန်ကားဈေးကွက်တစ်ခုလုံး ငြိမ်သက်နေကြောင်း ဈေးကွက် အတွင်းမှ သိရသည်။
''ကားဈေးကွက်က သိပ်ကောင်းလှတယ်တော့မဟုတ်ပါဘူး။ ဖောက်စွပ်ပြဿနာ ကလည်း အခုအချိန်မှာတော်တော်လေး စိတ်ရှုပ်ထွေးနေကြတယ်။ ကုန်းလမ်းပို့ ဆောင်ရေးòန်ကြားမှု ဦးစီးဌာနမှာ ဖောက်စွပ်တွေ ရောက်နေတာလည်း အစီးရေ မနည်းတော့ဘူး။ ပိုင်ရှင်အများစုကလည်း တွေဝေစိုးရိမ်စရာတွေရှိတယ်။ ကိုယ့်ကားက ဖောက်စွပ်ဖြစ်နေမလားဆိုပြီး စိတ်ပူကြသူတွေလည်း ရှိတယ်။  သွားစစ်မိတဲ့အချိန်မှာ ဖောက်စွပ်ဖြစ်မယ်ဆိုရင် ကားသော့အပ်ရမယ့်အဖြစ်ကို ဘယ်သူကမှ မကြုံချင်ကြဘူး။  ဝယ်မယ့်သူတိုင်းကလည်း မစစ်ရင် မဝယ်ကြဘူး။ ဒါကြောင့် အရောင်းအဝယ်က သိသိသာသာ အေးသွားတာပါ။ အခုရက်ပိုင်းတော့ ငွေကျပ် သိန်း ၁ဝဝ စွန်းစွန်း အောက်ကားလေးတွေ၊ အင်ဂျင်ပါဝါနိမ့် ကားလေးတွေ အရောင်းအဝယ်ပြန်ဖြစ်တယ်''ဟု ကားဝယ်ရောင်း ကိုကျော်ဇေယျာဝင်းက ပြောပြသည်။
ယခုရက်ပိုင်းအတွင်း အရောင်း အဝယ်ဖြစ်နေသည့်  ကားများမှာ မူလကတည်းက လူကြိုက်များ တန် ဖိုးနည်းကားများဖြစ်သော   ဟွန်ဒါ ဖစ်၊ ဘယ်လ်တာ၊ ပရိုဘောက်စ်နှင့် ဗစ်ဇ်ကားများဖြစ်သည်။ ပရိုဘောက်စ် ကားအများစုကို နီးစပ်ရာ နယ်ဝယ် လက်များ    ပိုမိုသဘောကျဝယ်ယူ ကြပြီး    ကျန်အမျိုးအစားများကို မြို့ပေါ်လူတန်းစားများ ရွေးချယ်ဝယ် ယူကြကြောင်း သိရသည်။
မိုးရာသီ    ဖြစ်ခြင်းကြောင့် အရောင်း  စင်တာများတွင်လည်း အရောင်းအဝယ်  အားနည်းလျက်ရှိ သည်။ သို့သော် မိုးရာသီပရိုမိုးရှင်း အစီအစဉ်များ ရေးဆွဲကာ အရောင်း အဝယ်မြင့်တက်ရန် ဆောင်ရွက်နေ ကြသည်ကိုလည်း မြင်တွေ့ရသည်။ ''မိုးတွင်းကတော့  အရောင်းအဝယ်ပါးတတ်တယ်။ ဒါပေမယ့် အားလုံးသိပ်မသိ ကြသေးလို့ပါ။ မိုးတွင်းက ဝယ်လို့အကောင်းဆုံးကာလပဲ။ အရောင်းစင်တာတွေကလည်း အရောင်းထိုင်းတဲ့အချိန်မို့ တတ်နိုင်သလောက် လျှော့ပြီး ရောင်းပေးကြတယ်။ ဝယ်လက်ပါးတဲ့ အချိန်မို့ စိတ်ကြိုက်ရှာရတာ ပိုကောင်းတယ်''ဟု ဝေဇယ္တာလမ်းမ ပေါ်ရှိ ကားအရောင်းစင်တာတစ်ခုမှ တာဝန်ခံ ကိုကျော်စွာက ပြောပြသည်။
ယခုသီတင်းရက်ပိုင်းအတွင်း ဖောက်စွပ်ကားများအား တိုက်ကြေကားများအဖြစ် အပ်နှံခွင့်ပေးရန်အတွက် ကားလောကသားများ ဝိုင်းဝန်းကြိုးပမ်းနေကြပြီး အစိုးရ သို့လည်း  နည်းလမ်းပေါင်းစုံဖြင့် တင်ပြနိုင်ရန်အတွက် ပြင်ဆင်နေကြသည်ကို  မြင်တွေ့ရသည်။ ''အမှန်က လိုင်စင်ဝင်တဲ့အချိန်မှာ သေသေချာချာလေး ကြည့်ပေး မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲဗျာ။ အခုတော့ ယာဉ်မှန်မမှန် စစ်ဆေးတဲ့အခါ အသေးစိတ်အကုန်လိုက်ခွာစစ်ပြီး လိုင်စင်ဝင်တဲ့အခါတွေမှာကျတော့ ပေါ့ပေါ့ပါးပါး စစ်တယ်လို့ ပြောကြသူတွေလည်း ရှိတယ်။ ကျွန်တော့်မိတ်ဆွေတစ်ယောက်ဆိုရင် လိုင်စင်ဝင်တာ နှစ်ကြိမ်ရှိပြီ၊ အခုရောင်းတဲ့အချိန်မှ သူ့ကားက ဖောက်စွပ်ဖြစ်နေတာ သိတာ။ ဘာမှလုပ်လို့မရတော့ဘူး။ သူ့လို အသိမ်းခံပြီး ကညနရောက်သွားတဲ့ကားက ၂ဝဝ ကျော်နေတော့ အခြားပိုင်ရှင်တွေလည်း ရင်ပူကြတာပေါ့။ ဒါပေမယ့် ရဲအရေး ပိုင်ပြီး သိမ်းဆည်းသွားတာကတော့ ၁ဝစီးလောက်ပဲရှိနေတာဆိုတော့ အားလုံးက မျှော်လင့်ကြတယ်လေ။ ဖောက်စွပ်တွေကိုသာ တိုက်ကြေအဖြစ် သတ်မှတ်ပေးမယ် ဆိုရင် အရှုံးလည်း မကြီးတော့ဘူးဆိုတော့ တရားမမှုနဲ့ တရားရင်ဆိုင်ရတာမျိုး၊ အတုပြုလုပ်မှုနဲ့ တရားရင်ဆိုင်ရတာမျိုးတွေထက်စာရင် ကျေအေးပေးနိုင်ကြမယ် လို့လည်း ထင်ပါတယ်''ဟု ကားဝယ်ရောင်း ကိုမျိုးသန့်စင်အောင်က ပြောကြားသည်။
ကားဈေးကွက်အရောင်းအဝယ် မကောင်းသော်လည်း ကားဈေးနှုန်းများ တန်းနေသည့်အပြင် စလစ်ဈေးမှာမူ ယာဉ်အိုယာဉ်ဟောင်း အပ်ကားနှင့် တိုက် ကြေအပ်ကားများ  ရှားပါးလာနေသဖြင့်  မြင့်တက်နေကြောင်း၊  အရောင်းအဝယ်မှာ ထင်သလောက် မကောင်းကြောင်း သိရသည်။ လက်ရှိတွင် သက်တမ်း နှစ် ၂ဝ ယာဉ်အိုယာဉ်ဟောင်းအပ်ကားတစ်စီး၏ စလစ်သည် ငွေကျပ် ၁၃၂သိန်းဖြစ်နေပြီး ထပ်မံ၍လည်း  လိုအပ်ချက်ရှိသလောက်  မြင့်တက်နိုင်ကြောင်း  ကားလောကသား များထံမှ သိရသည်။       ။

မင်းသော်

No comments:

Post a Comment