Latest News

Saturday, August 11, 2018

ရန်ကုန်တက္ကသိုလ်ကို ဘက်ပေါင်းစုံမှ အဆင့်မြှင့်တင်နေ

ရန်ကုန်တက္ကသိုလ်ကို ဘက်ပေါင်းစုံမှ အဆင့်မြှင့်တင်နေ

ရန်ကုန် သြဂုတ် ၁၁

ရန်ကုန်တက္ကသိုလ်ကို  ရေတိုရေရှည်စီမံကိန်းများချ မှတ်ပြီး  ဘက်ပေါင်းစုံမှ  အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း   ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်  ဒေါက်တာဖိုးကောင်းက  ပြောကြား သည်။

ရန်ကုန်တက္ကသိုလ်   အဆင့်မြှင့်တင်ရေးအဖွဲ့ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင် ၍ ပညာရှင်များဖြင့် ဖွဲ့စည်းထားပြီး တက္ကသိုလ်အဆင့် မြှင့်တင်နိုင်ရေးအတွက် ရေတို၊ ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိရာ ၂ဝ၂ဝ ပြည့်နှစ် ရန်ကုန် တက္ကသိုလ် ရာပြည့်ပွဲတော် ကျင်းပချိန်အထိကို ရေတို စီမံကိန်းအဖြစ်လည်းကောင်း၊ ၂ဝ၃ဝ ပြည့်နှစ်အထိကို ရေရှည်စီမံကိန်းအဖြစ်လည်းကောင်း ချမှတ်ရေးဆွဲ ထားကြောင်း သိရသည်။

''ရန်ကုန်တက္ကသိုလ်မှာ ရှိပြီး၊ ရှိရင်းစွဲ အဆောက် အအုံတွေကို ရှေးဟောင်းအမွေအနှစ်  မပျက်စေဘဲ မွမ်းမံထိန်းသိမ်းဖို့၊ တက္ကသိုလ်ရဲ့လိုအပ်နေတဲ့ အဆောက် အအုံတွေကို စီမံကိန်းချပြီးဆောက်ဖို့၊ သန့်ရှင်းသပ် ရပ်ဖို့၊ ရေစီးရေလာကောင်းဖို့၊ အညစ်အကြေး အမှိုက် တွေကအစ   ဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့  ရန်ကုန် တက္ကသိုလ်ပရိဝုဏ်ကြီးကို သာယာလှပအောင်၊ ကျောင်း သားတွေ ပညာလည်းသင်ရင်း အားကစားလည်းလုပ် ရင်းနဲ့ ပျော်မွေ့စရာ ရုပ်ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ် အောင် ၂ဝ၂ဝ ပြည့်နှစ်အထိ ရေတိုစီမံကိန်းချပြီး လုပ်နေပါတယ်၊ ၂ဝ၃ဝ  လောက်အထိ  သွားရမယ့် ရေရှည်စီမံကိန်းတွေလည်း  ရှိပါတယ်''ဟု   ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်က ပြောကြားသည်။

ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး သင်ရိုးညွှန်းတမ်း များခေတ်မီရန်၊ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ အင်္ဂလိပ်စာစွမ်းရည်တိုးတက်ရန်၊ အိုင်စီတီနည်းပညာကို တက္ကသိုလ်၏ အုပ်ချုပ်ရေး၊ စီမံ ခန့်ခွဲရေးနှင့် ပညာရပ်ဆိုင်ရာများတွင် အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး စင်ထရယ်ယူရိုပီယန် ယူနီဗာ စတီ၏ အဓိက နည်းပညာပံ့ပိုးမှုဖြင့် ပညာရပ်ဆိုင်ရာ ပတ်ဝန်းကျင် တိုးတက်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ်တွင်   တက်ရောက်သင်ကြား လျက်ရှိသော ကျောင်းသား ကျောင်းသူများ၏ ထူး ချွန်မှုအပေါ် နိုင်ငံတော်က ပံ့ပိုးမှုများလည်း ပြုလုပ် ပေးလျက်ရှိပြီး နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများကလည်း ပညာသင်ထောက်ပံ့ ကြေးဆုများ ချီးမြှင့်လျက်ရှိကြောင်း သိရသည်။ ထူး ခြားမှုများအနေဖြင့် နော်ဝေနိုင်ငံ၏ ဒေးဗစ်တော အစီအစဉ်အရ ရန်ကုန်တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားနေသော  ကျောင်းသား  ကျောင်းသူ များအနက် ပညာထူးချွန်ပြီး ဝေးလံခေါင်ဖျားဒေသမှ လာရောက်သင်ယူသူများကို နှစ်စဉ် ၁ဝ ဦးမှ ၁၅ ဦးအထိ  နော်ဝေနိုင်ငံသံရုံးမှတစ်ဆင့်  ထောက်ပံ့ လျက်ရှိရာ ယခုအခါ တတိယအကြိမ်မြောက်အထိ ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့အပြင် ယခု ပညာသင်နှစ်တွင် မသန်စွမ်း ကျောင်းသား ကျောင်း သူနှစ်ဦးနှင့်  ဝေးလံခေါင်ဖျားဒေသမှ  ကျောင်းသား ကျောင်းသူနှစ်ဦးကို တက္ကသိုလ်ဝင်ခွင့် လက်ခံပေးမည် ဖြစ်ကြောင်း သိရသည်။

ထင်ပေါ်ဝင်း၊ ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

No comments:

Post a Comment