မော်လမြိုင်ကျွန်း သြဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၌ ယခုကာလသည် ကွမ်းသီးပေါ် ရာသီဖြစ်သော်လည်း အထွက်နှုန်း နည်းနေခြင်းကြောင့် ကွမ်းသီးဈေးနှုန်းများ မြင့်တက်နေကြောင်း ဒေသတွင်း ကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
''မနှစ်ကထက် ဈေးကတော်တော်လေးကို တက်နေတာဖြစ်ပါတယ်။ အခုကာလက ကွမ်းသီးပေါ်ရာသီဆိုပေမယ့် ကုန်သည်တွေဆီကို ကွမ်းသီးက အရင်နှစ်လောက် တက်မလာဘဲ တင်ပို့တာတွေ အရမ်းနည်းနေတော့ ကွမ်းသီးဈေး တက်နေတာပဲ ဖြစ်ပါတယ်''ဟု ဘိုကလေးမြို့မှ ကွမ်းသီးပွဲရုံပိုင်ရှင် ဦးနေလင်းက ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီးအတွင်း ၂ဝ၁၇ ခုနှစ် ကွမ်းသီးပေါ်ကာလတွင် ကွမ်းသီးအမှည့် အလုံး ၁ဝဝ လျှင် ငွေကျပ် ၉ဝဝ၊ နေလှန်းပြီး အခြောက်တစ်ပိဿာလျှင် ငွေကျပ် ၃၈ဝဝ ပေါက်ဈေးရှိခဲ့ရာ လက်ရှိတွင် အမှည့်အလုံး ၁ဝဝ လျှင် ငွေကျပ် ၁၇ဝဝ၊ နေလှန်းပြီး အခြောက်တစ်ပိဿာလျှင် ငွေကျပ် ၆၅ဝဝ ပေါက်ဈေးရှိနေကြောင်း သိရသည်။
''အခုဈေးက ကျွန်မတို့ ပွဲရုံလုပ်ငန်း လုပ်လာတဲ့ ကာလတစ်လျှောက်လုံး အမြင့်ဆုံးဈေးလို့ ပြောနိုင်ပါတယ်။ ဈေးတက်နေပေမယ့် အရောင်းအဝယ်ကတော့ ပုံမှန်ပါပဲ။ ဒီဘက်ဒေသက တော်တော်များများ ထွက်တဲ့ ကွမ်းသီးတွေကို ပေါက်ဈေးနဲ့ ဝယ်ယူတယ်။ အခြောက်၊ အစိမ်းဆိုဒ်ခွဲပြီး ရန်ကုန်မြို့ကို အဓိကပြန်လည် တင်ပို့ပါတယ်''ဟု မော်လမြိုင်ကျွန်းမြို့မှ ကွမ်းသီးကုန်သည် တစ်ဦးက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကွမ်းသီးပင်များ အိုလာခြင်း၊ အထွက်နှုန်းနည်းခြင်း၊ အပင်အသစ်ထပ်မံ စိုက်ပျိုးနေခြင်း၊ ရေကြီးရေလျှံမှုကြောင့် ဒေသအချို့တွင် ကြွက်ကိုက် ဖျက်ဆီးခြင်း စသည်တို့ကြောင့် ကွမ်းသီးထွက်နှုန်း နည်းနေကြောင်း ကွမ်းသီးစိုက် တောင်သူများထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကွမ်းသီးပင်ကို ပုသိမ်၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း၊ ညောင်တုန်း၊ မအူပင်၊ ဝါးခယ်မ၊ ပန်းတနော်၊ ကန်ကြီးထောင့်စသည့် မြို့နယ်တို့တွင် အများဆုံး စိုက်ပျိုးကာ ထွက်ရှိသည့် ကွမ်းသီးများကို ရန်ကုန်မြို့သို့ အဓိကတင်ပို့ရောင်းချကြောင်း သိရသည်။
MWD
No comments:
Post a Comment