Latest News

Thursday, August 9, 2018

ပလတ်စတစ်ညစ်ညမ်းမှုနှင့် ကျန်းမာရေး

ပလတ်စတစ်ညစ်ညမ်းမှုနှင့် ကျန်းမာရေး

ပလတ်စတစ်ညစ်ညမ်းမှုဟာ ပတ်ဝန်း ကျင်ကစွန့်ပစ်လိုက်တဲ့ ပလတ်စတစ်များ စုပုံခြင်းကြောင့်ဖြစ်ပြီး ဘေးထွက် ဆိုးကျိုးတွေ ဆိုးဝါးလှပါတယ်။     ပလတ်စတစ်ကနေ  အရွယ်ကြီး၊ အရွယ်လတ်၊ အရွယ်ငယ်၊ အရွယ် အလွန်ငယ် စသည်ဖြင့် ပုံစံမျိုးစုံ မပျောက် မပျက်ဘဲ နှစ်ပေါင်း ၅ဝဝ ကျော်တည်တံ့နေတယ်။ ပလတ်စတစ်ပစ္စည်းဟာ ဈေးပေါတယ်။ သုံးရလွယ်တယ်။ လူ့အသုံးအဆောင်ပစ္စည်း တွေမှာ ပလတ်စတစ်အခြေခံအမျိုးအစား စုံလင်အောင်ပါဝင်နေတယ်။ ပလတ်စတစ် ပစ္စည်းတွေက နှေးကွေးစွာပျက်စီးနိုင်ပေမယ့် အလွယ်တကူထုတ်လုပ် လာကြတယ်။ အသုံး မလိုလို့ စွန့်ပစ်တဲ့ပလတ်စတစ်အခြေခံပစ္စည်းတွေ မြေထု၊ ရေထုမှာ ညစ်ညမ်းလျက်ရှိ တယ်။ ပလတ်စတစ်ကင်းမဲ့ဇုန်လုပ်ဖို့ မလွယ် ကူလှပါဘူး။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဟာ နှစ်စဉ် ဇွန် ၁၂ ရက်နေ့ဖြစ်တယ်။ ၁၉၇၂ခုနှစ် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးကဏ္ဍအတွက် ကမ္ဘာ့ ကုလသမဂ္ဂဦးဆောင်ကျင်းပတဲ့ ပထမအကြိမ်  လူသား ပတ်ဝန်းကျင်ညီလာခံမှ နှစ်စဉ် ဇွန်  ၅ ရက်နေ့ကို ''ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့''သတ်မှတ်ကာ ဆောင်ပုဒ်တွေချမှတ် ပြီး နိုင်ငံအလိုက်ကျင်းပခဲ့ကြတယ်။ ၂ဝ၁၈  ခုနှစ်အတွက် အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပ ခဲ့ပြီး ဆောင်ပုဒ်က ''ပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့'' '' Beat Plastic Pollution''လို့ သတ်မှတ် ထားပါတယ်။ 

ပလတ်စတစ်အညစ် အကြေးတွေဟာ  မြေသြဇာအတွက် အသုံးမဝင် စိုက်ပျိုးမရတဲ့ အဆိပ်သက် သက်ဖြစ်နေသလို   ရေထုမှာ  ညစ်ညမ်းမှုဖြစ်ကာ ရေသတ္တဝါတွေ၊ ရေသတ္တဝါ စားသုံးတဲ့ရေမှော်နဲ့ သန္တာ ကျောက်တန်းတွေ ပျက်စီးကုန်တယ်။ အဏ္ဏဝါသက်ရှိတွေ ပျက်စီးစေကာ လူသားတို့ကျန်းမာရေးကို ခြိမ်းခြောက် နေတဲ့ တစ်ခါသုံး ပလတ်စတစ်ပစ္စည်း တွေရဲ့ အန္တရာယ်အပေါ် ပြည်သူတွေသိရှိ နိုင်ဖို့ ဆောင်ပုဒ်အဖြစ်ရွေးချယ်ပေးခဲ့တာပဲ ဖြစ်တယ်။ 

ပလတ်စတစ်ကို ၁၉၅ဝ ဝန်းကျင်ကတည်း က စတင်သုံးစွဲခဲ့ပြီး ယနေ့မှာ အစားအစာကို  ထုပ်ပိုးမှုပြုလုပ်ရာမှာ အများဆုံးအသုံးပြုပြီး စုစုပေါင်းပလတ်စတစ်သုံးစွဲမှုနဲ့ ၄ဝ ရာခိုင်နှုန်း ရှိတယ်။ နှစ်စဉ်ကမ္ဘာပေါ်မှာ ပလတ်စတစ် အိတ်ဘီလီယံ ၅ဝဝ ခန့်သုံးစွဲနေကြပြီး ၅ဝ ရာခိုင်နှုန်းက တစ်ခါသုံးပလတ်စတစ်အိတ် ဖြစ်တယ်။ တစ်မိနစ်တိုင်း ပလတ်စတစ်ဘူး တစ်သန်းဝယ်ယူသုံးစွဲပြီး ၂ဝ၁၆ ခုနှစ်က ပလတ်စတစ်ဘူး၊ ရေသန့်ဘူး ၄၈ဝ ဘီလီယံ ကမ္ဘာတစ်ဝန်းရောင်းချခဲ့တယ်။ တရုတ်နိုင်ငံ က ပလတ်စတစ်ထုတ်လုပ်မှုအများဆုံးဖြစ်ပြီး  ကမ္ဘာတစ်ဝန်း ပလတ်စတစ် ထုတ်လုပ်မှုရဲ့  ၂၈ ရာခိုင်နှုန်းရှိတယ်။ 

ပလတ်စတစ်ရဲ့အန္တရာယ်က စွန့်ပစ်ပစ္စည်း ဖြစ်တဲ့ ပလတ် စတစ်အိတ်၊ ပလတ်စတစ်ဘူး တွေက ပင်လယ်သမုဒ္ဒရာထဲ နှစ်စဉ်တန်ပေါင်း  ၁၃ သန်း မျောဝင်စီးဆင်းနေပြီး အမှိုက်ထုကြီး သဖွယ်စီးမျောနေလို့ ရေသတ္တဝါနဲ့ ပင်လယ်ကူး သင်္ဘောကြီးတွေ    ဘေးအန္တရာယ်ရှိကာ 'အဏ္ဏဝါ ဂေဟစနစ်' ယိုယွင်းစေတယ်။ 

ပလတ်စတစ်အိတ်၊ ပလတ်စတစ်ဘူး ထုတ် လုပ်ရာမှာ အသုံးပြုတဲ့ကော်စေ့ဟာ သဘာဝ သယံဇာတဖြစ်တဲ့ ရေနံစိမ်းက ထုတ်ယူသုံးစွဲ ရလို့ သဘာဝ သယံဇာတလျော့နည်းစေတယ်။  မိုးတွင်း အခါ စွန့်ပစ်ပလတ်စတစ်အိတ်တွေ ကြောင့်    ရေမြောင်းတွေ ပိတ်ဆို့ပြီး ရေကြီး ရေလျှံမှုနဲ့အတူ ပတ်ဝန်းကျင် ညစ်ညမ်းစေပါတယ်။ ပလတ်စတစ်တွေဟာ နှစ်ပေါင်း ၅ဝဝကျော်မှ ပျက်စီးနိုင်တဲ့အတွက် အမှိုက်များ မြေမြှုပ်မှုနဲ့အတူ ပလတ်စတစ်အိတ်များ၊ ပလတ်စတစ်ဘူးများ မြေမြှုပ်ဖျက်ဆီးခြင်းကြောင့် အပင်မျိုးစေ့ မထွက် နိုင်လို့ စိုက်ပျိုး ရေးလုပ်ငန်း ထိခိုက်စေတယ်။

ပလတ်စတစ်အိတ်နဲ့ အစားအစာထုပ်ပိုး မှုက အိတ်အတွင်းပါရှိတဲ့ခဲဓာတ်ကြောင့်  ကင်ဆာရောဂါဖြစ်ပွားစေခြင်း စတဲ့ ဆိုးကျိုး ခံစားကြုံတွေ့ရတယ်။ ရေသန့်ဘူးကို ပလတ် စတစ်ဘူးနဲ့ စီစဉ်ထားခြင်းက နေရောင် အောက်မှ ပလတ်စတစ်နဲ့ ရေ၊ အချိုရည်၊ ဓာတ်ပြုမှုဖြစ်ပွားကာ ရေရှည်မှာ သောက် သုံးသူတွေအတွက် အန္တရာယ်ရှိတယ်။ ကင်ဆာရောဂါဖြစ်နိုင်တယ်။

ပလတ်စတစ်ညစ်ညမ်းမှုကို  အာငါးလုံးနည်းနဲ့ လိုက်နာကျင့်သုံးသင့်ပါတယ်။  ဖိုက်အာမှာ ငြင်းဆန်ခြင်း၊ လျှော့သုံး၊ ပြန်သုံး၊ ပြန်လည်သုံးစွဲ၊ စုစည်းပို့တို့ဖြစ်တယ်။ အစားအစာဝယ်ယူရာမှာ ရောင်းချသူတွေက တစ်ခါသုံး ပလတ် စတစ်အိတ်၊ တစ်ခါသုံး ပလတ်စတစ်ဘူးတွေနဲ့ ထုပ်ပိုးမှုကို တတ်နိုင် သလောက်  ငြင်းဆန်သင့်တယ်။ စက္ကူ  သို့မဟုတ်   ဖက်ရွက်အသုံးပြုသင့်ပါတယ်။  ယနေ့ ပလတ်စတစ်သုံးစွဲမှု လျော့နည်းလာ စေရေးအတွက် ယခင်က တည်းက ထုပ်ပိုး လာတဲ့  အင်ဖက်၊ ငှက်ပျောဖက်၊ စက္ကူနဲ့ ထုပ်ပိုးမှုစနစ်ပြန်ကျင့်သုံးဖို့ အော်ဂဲနစ်ပလတ် စတစ်အိတ်အစားထိုးသုံးစွဲဖို့လိုတယ်။ 

တစ်ခါသုံးပလတ်စတစ် အိတ်များ၊ တစ်ခါသုံးပလတ်စတစ်ဘူးတွေကို တစ်ခါ သုံးစွဲရင် စွန့်ပစ်ခြင်းမပြုဘဲ ပြန်လည်သုံးစွဲသင့်တယ်။ တစ်ခါသုံး ပလတ်စတစ်အိတ်များ၊ တစ်ခါသုံး ပလတ် စတစ်ဘူးများ ပြုပြင်ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်တွေအတွက် လိုအပ်တဲ့ကုန်ကြမ်း အဖြစ် ပြန်သုံးစွဲ သင့်ပါ တယ်။ အသုံးပြုပြီး  ပလတ်စတစ်အိတ်၊ ပလတ်စတစ်ဘူးတွေ ပြန်သုံးစွဲပြုလုပ်နိုင်တဲ့နေရာကို စုစည်းပို့ဆောင် ပေးသင့်ပါ တယ်။

ကမ္ဘာတစ်ဝန်းအကောင်ထည်ဖော်နေတဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်(၁၄)မှာ ပင်လယ်သမုဒ္ဒရာနဲ့ အဏ္ဏဝါ အရင်းအမြစ်တွေကို ရေရှည်တည်တံ့စေရေး အတွက် ထိန်းသိမ်း စောင့်ရှောက်ရေး ပန်းတိုင်(၁၅)မှာ ကမ္ဘာလုံး ဆိုင်ရာဂေဟ စနစ်ကို ရေရှည်တည်တံ့ရေး၊ မြေဆီလွှာဆုံးရှုံးမှုကို ရပ်တန့်ရေး စတဲ့ ရည်မှန်းချက် အကောင်အထည် ဖော်ဖို့ လိုအပ်နေရာ ပလတ်စတစ်သုံးစွဲမှု လျှော့ချထုတ်လုပ် သွားဖို့ အထူးလိုအပ်လာပါတယ်။

အစိုးရအသီးသီးက ပလတ်စတစ် ကုန်ကြမ်း ပြန်သုံးစနစ်အား ပေးသင့်တယ်။ ရေသန့်ဘူး ခွံတွေအားလုံး ဖိညှပ်ပစ်၊ ကျစ်လျစ်တဲ့ပလတ် စတစ်တစ်တုံးဖြစ်သွားရင် မီးနဲ့အပူပေး၊  အရည်ကျိုကာ ပလတ်စတစ်ချည်မျှင်တွေရပြီး ပလတ်စတစ် ခြေသုတ်ခုံ၊ ကော်ဇောရ ယူနိုင်ပါတယ်။

သယံဇာ တလျော့နည်းဆုံးရှုံးမှုတားဆီး ရေးမှာ ပလတ်စတစ် ညစ်ညမ်းမှုက ထိပ်ဆုံးကပါဝင်နေတယ်။ သေပြီးကမ်းတင်နေတဲ့ ဝေလငါးဗိုက်ခွဲကြည့်တဲ့အခါ ပလတ်စတစ် အိတ်တွေ အများကြီးရရှိခဲ့တယ်။ ရေနေ သတ္တဝါတွေဟာ လူတွေထောင်ဖမ်းတာထက် လူတို့စွန့် ပစ်တဲ့ ပလတ်စတစ် စတဲ့ညစ်ညမ်းမှု ကြောင့် ပိုပြီးသေရတယ်။ ရေရှည် ''အဏ္ဏဝါ ဂေဟစနစ်''ကောင်းမွန်စေဖို့ ပလတ် စတစ် အညစ်အကြေးတိုက်ဖျက်သင့်တယ်။ ဒီအတိုင်း စွန့်ပစ်နေရင် ၂ဝ၅ဝ ပြည့်နှစ်မှာ ပင်လယ် သမုဒ္ဒရာ ရေပြင်မှာ ရေသတ္တဝါ တွေထက် ပလတ်စတစ်အလေးချိန်ကပိုများလာနိုင်တယ် လို့ခန်းမှန်းထားတယ်။

သဘာဝ သယံဇာတ အရင်းအမြစ်များလျော့နည်းဆုံးရှုံးမှုကို တားဆီးရေးနဲ့စဉ်ဆက် မပြတ်အကျိုးရှိရှိ အသုံးပြုနိုင် ရေး၊ ပတ်ဝန်း ကျင်ယိုယွင်းမှု၊ ညစ်ညမ်းမှု မရှိစေရေး အတွက် လူတစ်ဦးချင်းမှ ပလတ်စတစ်သုံးစွဲ မှု၊ ထုတ်လုပ် မှုတွေကို လျော့နည်းပပျောက် လာအောင် အမူအကျင့်တစ်ခုအနေနဲ့ လိုက် နာဆောင်ရွက်ရင်းကသာ ပလတ်စတစ်ညစ် ညမ်းမှုကို ဝိုင်းဝန်းတိုက်ဖျက်နိုင်မှာဖြစ်လို့ ပလတ်စတစ်မသုံးစွဲရေး ဦးစားပေးစဉ်းစား လာသင့် ပြီဖြစ်တယ်။ 

သုတေသီတွေက ပလတ်စတစ်ကို အချိန် တိုအတွင်း   ပျက်စီးလွယ်စေတဲ့ခြတစ်မျိုး ဓာတ်ခွဲ ခန်းမှာ  အမြောက်အမြားမွေးထုတ် နိုင်ရင် တန်ချိန်ဘီလီယံချီပြီး စွန့်ပစ်ထားတဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်း တွေကို အလွယ် တကူချေဖျက်နိုင်မှာဖြစ်တယ်။ ဒါကလည်း ပလတ်စတစ် တစ်မျိုးတည်းမှာ တွေ့ရှိတာဖြစ် ပြီး အခြားပစ္စည်းတွေပေါ်မှာ ပျက်စီးမှု မထည့်တွက်ထားဘူး ဆိုတယ်။ သေချာတာက ပလတ်စတစ်ကိုလျှော့သုံး၊ ပြန်လည်သုံးစွဲဖို့ စီစဉ်ခြင်းသာ ပဓာနဖြစ်တယ်။   ။

ဒေါက်တာလွင်သန့်

No comments:

Post a Comment