Latest News

Wednesday, August 15, 2018

အီတလီနိုင်ငံ၌ အမြန်လမ်းမရှိ တံတားတစ်စင်းပြိုကျ

အီတလီနိုင်ငံ၌ အမြန်လမ်းမရှိ တံတားတစ်စင်းပြိုကျ

ရောမ သြဂုတ် ၁၄

အီတလီနိုင်ငံ ဂျီနိုအာဆိပ်ကမ်းမြို့မြောက်ပိုင်း အမြန်လမ်းမရှိ တံတားတစ်စင်းသည် သြဂုတ် ၁၄ရက်တွင် ပြိုကျမှုဖြစ်ပွားကြောင်း ကုန်းလမ်းပို့ဆောင် ရေးဝန်ကြီးဌာနက ပြောသည်။ အဆိုပါတံတားပြိုကျမှု၌ လူဒါဇင်ပေါင်းများစွာ သေဆုံးကြောင်း ဒေသဆိုင်ရာလူနာတင်ယာဉ်ဝန်ဆောင်မှုဌာနမှ အကြီးအကဲ၏ ပြောဆိုချက်ကို ကိုးကား၍ Adnkronos သတင်းဌာနက ဖော်ပြသည်။

မိုးသည်းထန်စွာရွာသွန်းနေသည့် သြဂုတ် ၁၄ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် တံတားပြိုကျမှု ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း မီးသတ်တပ်ဖွဲ့က ပြောသည်။ ပြိုကျမှုဖြစ်ပွားသည့် တံတားကို ၁၉၆ဝ ပြည့်နှစ် နောက်ပိုင်းတွင် A10 အမြန်လမ်းမကြီး၌ တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ၂ဝ၁၆ ခုနှစ်တွင် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။

တံတားပြိုကျမှုဖြစ်ပွားချိန်တွင် တံတားပေါ်၌ မောင်းနှင်နေသော ကားအစီးရေမှာ ရှစ်စီး သို့မဟုတ် ကိုးစီးအကြား ရှိကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက Sky Italia ရုပ်သံသို့ပြောသည်။ အလွန်ဝမ်းနည်းဖွယ်အဖြစ်အပျက်ကြောင့် စိုးရိမ် ထိတ်လန့်မှုဖြစ်ပွားခဲ့ကြောင်း ကုန်းလမ်းပို့ဆောင် ရေးဝန်ကြီး ဒါနီလို တိုနီနယ်လီက ပြောသည်။

တံတားပြိုကျမှုဖြစ်စဉ်ကြောင့် သေဆုံးသူ ၂ဝ ဦး ထက်မနည်းရှိနိုင်ကြောင်း၊ အပျက်အစီးများကြားတွင် လူများစွာ ရှိနေနိုင်ကြောင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၁ဝ ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း ဒေသ တွင်းသတင်းဝက်ဆိုက် ဖြစ်သော Il Secolo XIX က ဖော်ပြထားသည်။

MWD

No comments:

Post a Comment