Latest News

Wednesday, August 15, 2018

မက္ကဆီကိုနှင့် မြောက်အမေရိက ကုန်သွယ်ရေး စာချုပ်ကို ထရမ့် အသက်ပြန်သွင်း ချင်နေတာလား

မက္ကဆီကိုနှင့် မြောက်အမေရိက ကုန်သွယ်ရေး စာချုပ်ကို ထရမ့် အသက်ပြန်သွင်း ချင်နေတာလား

အမေရိကန် ပြည်ထောင်စုတွင် ထရမ့်သမ္မတ ဖြစ်လာကတည်းက သတင်းတိုင်းတွင် ဇာတ်လိုက်ကျော်ကြီး ဖြစ်ခဲ့သည်မှာ ယခုအချိန်ထိ အရှိန်မထိန်းသေးဘဲ အထူးသဖြင့် ထရမ့်၏ တွစ်တာပို့စ်များကြောင့်ဟု ဆိုလျှင်လည်း မှားနိုင်မည် မထင်ပေ။ စိတ်ထင်တိုင်းရေးပြီး တစ်ရေးနိုးတွင်လည်း ၄င်း၏တွစ်တာတွင် ထရေးတတ်သည့် ထရမ့် ကြောင့် မီဒီယာတို့ နေ့ညမပြတ် တွစ်တာတွင် ထရမ့်ရေးသမျှကို ဝင်ကြည့်နေရ သကဲ့သို့ ယခုလည်း တွစ်တာပို့စ် တစ်ခုကြောင့် ထရမ့်နာမည်ကြီး ရပြန်ပြီ ဖြစ်သည်။

ထရမ့်ရေးသားသည့် စာသားက မက္ကဆီကိုကို ပျားရည်ဆမ်းထားသည့်အတွက် ပို၍ ထူးဆန်းနေကာ ရွေးကောက်ပွဲ မဲဆွယ်စဉ်ကရော မကြာသေးမီ ကာလကပါ ထရမ့်ပုံစံနှင့် လုံးဝမတူတော့ပေ။ ထရမ့်က မက္ကဆီကိုနဲ့ ဆက်ဆံရတာ အဆင်ပြေလှပါတယ်။ ကားစက်ရုံ လုပ်သားတွေနဲ့ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး လုပ်သားတွေအတွက် အာမခံချက် ခိုင်မာအောင် လုပ်ပေးရင် ပိုလို့တောင် အဆင်ပြေဦးမယ်ဟု ရေးသားထား သကဲ့သို့ ဒီဇင်ဘာလတွင် အသစ်ဖြစ်လာမည့် သမ္မတမန်နူရယ် လိုပတ်အိုဘရာဒေါကလည်း လူရည်မွန် တစ်ယောက်ဖြစ်သောကြောင့် ၄င်းနှင့် အဆင်ပြေမည်မှာ ကျိန်းသေကြောင်း ထရမ့်က လိုအပ်သည်ထက် ပိုပိုသာသာ ရေးသားထား ခဲ့သည်။

ပထမကတော့ မက္ကဆီကိုနှင့် နယ်စပ် တံတိုင်းခတ်သည့် ကုန်ကျစရိတ်ကို မက္ကဆီကိုဘက်က မဖြစ်မနေ တစ်ဝက်တိတိကျ ခံရမည်ဟု ထရမ့်က ဆိုထားကာ မက္ကဆီကို ပြည်သူများကို မုဒိမ်းသမားများ အဖြစ်ပင် ၄င်း၏ တွစ်တာ၌ ရေးသားထား ဖူးသေးသည်။ ယခုတော့ ထရမ့်တစ်ယောက် မဟုတ်တာဘာမှ မလုပ်ထားသည့် လူတစ်ယောက်ကဲ့သို့ မက္ကဆီကိုကို ချီးမွမ်းခန်း ဖွင့်နေပြန်သည်။ ၄င်း၏ တွစ်တာ Wall တွင် ရှာကြည့်လျှင် ထရမ့်အနေဖြင့် မက္ကဆီ ကိုကိုပျစ်ပျစ်နှစ်နှစ် ပြောဆိုထားသည့် စကားလုံးများက ယခုတိုင် အောက်ဆုံးအထိ ရောက်လိမ့်ဦးမည် မဟုတ်။ သို့သော် ထရမ့်က အပြောင်းအလဲ သိပ်မြန်တတ်သည့် လူစားဖြစ်သည့်အတိုင်း ယခုလည်း မက္ကဆီကိုကို ကနဦးပြောခဲ့သော စကားများနှင့် ပြောင်းပြန်လှန်ပြောနေကာ လူမျိုးရေး ခွဲခြားမှုကို မုန်းတီးသည့် လူအဖြစ်လည်း ၄င်းကိုယ်တိုင် ဖန်တီးနေပြန်သည်။

မကြာမီက ထရမ့်၏ ပို့စ်တစ်ခု ထပ်တက်လာခဲ့ကာ ထိုအထဲတွင် လူဖြူဆိုပြီး လူမျိုးကြီးဝါဒကို ယခုတိုင်ဆုပ်ကိုင်ထားသေးသည့် မည်သူ့ကိုမဆို ၄င်းအနေဖြင့် ပြင်းထန်စွာ ရှုတ်ချကြောင်း ရေးသား ထားသည်။ ၂ဝ၁၇ ခုနှစ်က ဗာဂျီးနီးယားပြည်နယ်၌ လူဖြူလူမျိုးရေး ဝါဒီများနှင့် တန်ပြန်ဆန္ဒပြ သူများကြား ပဋိပက္ခများ ဖြစ်ပွားမှုကြောင့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်။

ထိုအဖြစ်အပျက်ကို မမေ့နိုင်သေးသည့် ပုံရိပ်အဖြစ် ဗာဂျီးနီးယား၌ တစ်နှစ်ပြည့် အောက်မေ့ဖွယ်အဖြစ် လူပေါင်း ထောင်သောင်းချီက သြဂုတ် ၁၂ ရက်တွင် စုဝေး ဆန္ဒပြခဲ့ကြသည်။ ထိုအထိမ်းအမှတ်ကို ထရမ့်က လူမျိုးရေး ခွဲခြားမှု ဆန့်ကျင် ရှုတ်ချသည်ဟု ဆိုပြီး လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူအဖြစ် နာမည်ဝင်ယူခဲ့သေးသည်။ သို့သော် လူမျိုးရေး ခွဲခြားမှုတွင် ထရမ့်ကို အပြင်းထန်ဆုံး လူသားတစ်ယောက်အဖြစ် မသိသူမရှိပေ။ နိုင်ငံတကာ၌သာမက ပြည်တွင်း၌ပင် အဆိုးရွားဆုံး ကန့်ကွက်မှုများကြောင့် နာမည်ကြီးခဲ့ ရသည့်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး ဥပဒေများက သက်သေခံနေပြီး ထိုအခြေအနေအထိ ရောက်နေသည့်ထရမ့်က ၄င်းကိုယ်တိုင် လူမျိုးရေး ခွဲခြားသူ မဟုတ်ကြောင်း ထုတ်ပြချင် နေသည်။ ထိုစကားလုံးများကို အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ ပြည်ဝင်ခွင့် အပိတ်ခံရသည့် နိုင်ငံပေါင်း ခုနစ်နိုင်ငံမှ ပြည်သူများ ကတော့ ရယ်ပွဲဖွဲ့နေကြမည် ဖြစ်သည်။ ထရမ့်ကတော့ လုံးဝဂရုမစိုက်။

၎င်းပြောသည့် စကားလုံးများ နောက်ကိုလည်း မှတ်ချက်မပေး။ ထရမ့်ပြောသမျှကို ၄င်း၏ ကိုယ်ရေးအရာရှိများနှင့် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ များကသာ လိုက်ရှင်းရလေ့ရှိသည်။ တစ်ခါတစ်ရံ ထရမ့်က စကားလွန်သွားလျှင်တော့ တွစ်တာပေါ်သို့ ရက်အနည်းငယ်လောက် တက်မလာဘဲ ငြိမ်နေလေ့ ရှိသည်။ ယခုတော့ ထရမ့်က ၄င်း၏အဓိက အိမ်နီးချင်း မဟာမိတ်နှစ်ဦးကိုပင် ပြောင်းပြန် လှန်ပစ်နေပြီ ဖြစ်ကာ မက္ကဆီကိုကို ချီးမွမ်းပြီး ကနေဒါကို ခြိမ်းခြောက်နေသည်။ ကနေဒါ၌ ၄င်းနှင့် အဆင်မပြေနိုင်သည့် အခွန်ဥပဒေနှင့် ကုန်သွယ်ရေး ဥပဒေများ ရှိနေသည်ဟု ထရမ့်ကဆိုသည်။ ထို့ကြောင့် ညှိနှိုင်းရေးတွင် အဆင်မပြေလျှင် ကနေဒါမှ မော်တော်ယာဉ် တင်သွင်းမှုများကို ထရမ့်က အခွန်ကောက်တော့မည်ဟု ဆိုကာ လွတ်လပ်သော ကုန်သွယ်ရေး စာချုပ်ကိုလည်း အသက်သွင်းမည်မဟုတ်ဟု ဆိုနေသည်။

ထရမ့်က လူဝင်မှုကြီးကြပ်ရေးဥပဒေများနှင့် နာမည်ကြီးလာသူမဟုတ်။ ထိုအရှိန်ကို မြှင့်တင် ပေးရန် အခွန်ဥပဒေက ထပ်မံလိုက်လာပြီး နောက်ဆုံး တရုတ်နှင့် ကုန်သွယ်ရေး စစ်ပွဲအထိသို့ ရောက်အောင် ထရမ့်ဖန်တီး နေသည်ဟုပင် ဝေဖန်ခြင်း ခံနေရသည်။ ယခုတော့ မက္ကဆီကိုနှင့် လွတ်လပ်သော မြောက်အမေရိက ကုန်သွယ်ရေးစာချုပ်က ပြန်လည် ရှင်သန်လာရန် လမ်းစပွင့်နေပြီ ဖြစ်သည်။ ထရမ့်က မက္ကဆီကိုကို တစ်ဖက်သတ် ချီးမွမ်းခန်း ဖွင့်နေကာ ကနေဒါနှင့်တော့ အဆိုးရွားဆုံး တင်းမာနေသည်။ ကနေဒါတို့ကလည်း အမေရိကန်ကို အလျှော့မပေးနိုင်ဟု အခိုင်အမာ ပြောထားကာ ထရမ့်လက်ထက်တွင် အခိုင်မာဆုံး အိမ်နီးချင်း မဟာမိတ်များကပင် ရန်သူအဖြစ် ပြောင်းလဲရမည့် ကိန်းဆိုက်နေသည်။ အဆိုးရွားဆုံး လက်တွဲပြုတ်သွားသည့် အင်အားကြီး နိုင်ငံကတော့ NATO အဖွဲ့ဝင် တူရကီပင် ဖြစ်သည်။

ယခု တူရကီသမ္မတ အာဒိုဂန် ကိုယ်တိုင်က ၄င်း၏ နိုင်ငံစီးပွားရေး ကျဆင်းနေမှုသည် ထရမ့်ကြောင့်ဟုပင် တိုက်ရိုက်ဝေဖန် လိုက်သေးသည်။ ယခု တူရကီ၏ မဟာမိတ်အသစ်မှာ ရုရှားဖြစ်သည်။ ထရမ့်က အမေရိကန်သာ ပထမ ဆိုသည့် မူဝါဒကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသူ ဖြစ်သည့်အတိုင်း ၄င်းအတွက် အကျိုးအမြတ်မရလျှင် မည်သည့် အရာကိုမျှ လုပ်မည့်သူ မဟုတ်ပေ။ ထရမ့်က အရှေ့အလယ်ပိုင်း၌ပင် အိမ်ကြက်ချင်းအိုးမဲသုတ်၍ ခွပ်ခိုင်းပြီး လက်နက်များကို ဒိုင်ခံ ထုတ်ရောင်းကာ စစ်ပွဲများကို စပေးသည်။ ထိုစစ်ပွဲများကြောင့် လက်နက် ရောင်းရငွေက နှစ်စဉ် ဘီလီယံနှင့်ချီ အမြတ်ရနေသည်။

ယခုလည်း မက္ကဆီကိုကို ထရမ့်လိုက်ကပ် နေပြန်သည်။ ထရမ့်အတွက် မက္ကဆီကို၌ မည်ကဲ့သို့သော အကျိုးအမြတ် ကောင်းရှိ နေသည်မသိ၊ ကနေဒါကို ပစ်ပယ်ပြီး မက္ကဆီကိုမှ မက္ကဆီကိုဆိုသည့် လမ်းကို ခင်းနေသည်။ ဖြစ်နိုင်ခြေ အရှိဆုံး အကြောင်းအရာ တစ်ခုက ၄င်း၏ ပြည်တွင်းထုတ်ကုန် ကဏ္ဍ တိုးတက်စေရန် ဆိုသည့် ရည်ရွယ်ချက်ကြောင့် လုပ်သား ဈေးပေါသည့် မက္ကဆီကို ကိုကပ်နေခြင်း ဖြစ်နိုင်သည်။

အမေရိကန် သည်လည်း ဂျပန်တို့ကဲ့သို့ပင် ပြည်ပ အလုပ်သမားများကိုသာ အားကိုး နေရသည့် နိုင်ငံဖြစ်ကာ မက္ကဆီကိုက ၄င်းအတွက် အကောင်းဆုံး အလုပ်သမား ဈေးကွက်ဟု ဆိုနိုင်သည်။ ပထမဆုံး မက္ကဆီကို တရားမဝင် အလုပ်သမားများကို နှင်လွှတ်ကာ အဆင်မပြေချင် ယောင်ဆောင် ခဲ့သည်ကလည်း ထရမ့်က တရားဝင်လာရောက် အလုပ်လုပ်ကိုင်စေပြီး အခွန်ကောက်ကာ ၄င်းပြည်တွင်းထုတ်ကုန် တိုးတက်စေရန် ရည်ရွယ်ချက်ဖြစ်သည်။

ထရမ့်က ၄င်းအတွက် အမြတ်နှစ်ခါရမည့် အကွက်ကို ရွေးချယ်ကာ ယခုတော့ ချစ်ကြည်ရေး လမ်းကြောင်းဘက်ကိုပင် ကူးပြောင်းနေသည်။ ထို့ကြောင့် ကနေဒါနှင့် သေဆုံးဆဲ မြောက်အမေရိက လွတ်လပ်သော ကုန်သွယ်ရေး စာချုပ်က မက္ကဆီကိုနှင့် ပြန်လည် အသက်ဝင်လာရန် နီးစပ်နေပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။

ရှိန်းထက် Ref;BBC,MWD

No comments:

Post a Comment