Latest News

Wednesday, August 22, 2018

အကြမ်းဖက်သောင်းကျန်းသူများက နောင်မောဝ်ကုန်မာဆိုင်ပိုင်ရှင်အား ဖမ်းဆီးခေါ်ဆောင်

အကြမ်းဖက်သောင်းကျန်းသူများက နောင်မောဝ်ကုန်မာဆိုင်ပိုင်ရှင်အား ဖမ်းဆီးခေါ်ဆောင်

နေပြည်တော်၊ သြဂုတ် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ နောင်မောဝ်ကုန်မာဆိုင်သို့ သြဂုတ် ၁၇ ရက် နံနက် ၈ နာရီ ၁၅ မိနစ်တွင် အရပ်ဝတ်ဝတ်ဆင်ထားသည့် အကြမ်းဖက်သောင်းကျန်းသူ လေးဦးရောက်ရှိလာပြီး ဆိုင်ရှင်ဖြစ်သူ ဒေါ်နန်းမိုဟွမ်းအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသဖြင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေး၍ နယ်မြေရှင်းလင်းရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဆိုင်၌ ဆိုင်ရှင်ဖြစ်သူ ဒေါ်နန်းမိုဟွမ်း၊ အလုပ်သမား အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့ရှိနေစဉ် အသက် ၂၅ နှစ်အရွယ်ရှိ အရပ်ဝတ်ဝတ်ဆင်ထားသူ အကြမ်းဖက်သောင်းကျန်းသူ လေးဦးသည် PAJERO အမျိုးအစား မော်တော်ယာဉ်အမှတ် 7H/--- ဖြင့် ရောက်ရှိလာပြီး ယာဉ်မောင်းမှာ ယာဉ်ပေါ်တွင်သာ စောင့်ဆိုင်း၍ ယာဉ်နောက်ခန်းနှင့် ယာဉ်မောင်းဘေးတွင် လိုက်ပါလာကြသည့် စတိုင်ဘောင်းဘီနှင့် ရှပ်အင်္ကျီအဖြူ ၀တ်ဆင်ထားသူတစ်ဦး၊ ဂျင်းဘောင်းဘီပြာနှင့် ဂျင်းအင်္ကျီပြာဝတ်ဆင်ထားသူ တစ်ဦးနှင့် စတိုင်ဘောင်းဘီနှင့် စွပ်ကျယ်အနက်ရောင် ၀တ်ဆင်ထားသူ တစ်ဦးတို့က ဆိုင်ထဲသို့ဝင်ရောက်လာခဲ့ကြောင်း၊ အဆိုပါသုံးဦးတို့က သေနတ်သုံးလက်ဖြင့် ဆိုင်ရှင်နှင့် အလုပ်သမားများအားချိန်ရွယ်၍ ဓားနှင့် ကတ်ကြေးများ တောင်းယူကာ ဆိုင်အတွင်း တပ်ဆင်ထားသည့် CCTV ကင်မရာကြိုးများအား ဖြတ်တောက်ပြီး အထိုင်ဆားကစ်ပြားခုံ တစ်ခုအား ကားပေါ်တင်ဆောင်ကြောင်းနှင့် ဆိုင်ရှင်ဖြစ်သူ ဒေါ်နန်းမိုဟွမ်းအားလည်း ကားပေါ်သို့ တင်ဆောင်သွားကာ အနောက်တောင်ဘက်သို့ ထွက်ခွာသွားကြောင်း သိရှိရသည်။

ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နမ့်ခမ်းမြို့အတွင်း/အပြင် နေရာတို့၌ နံနက် ၈ နာရီခွဲမှစတင်၍ ပိတ်ဆို့ရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

MWD

No comments:

Post a Comment