Latest News

Wednesday, August 15, 2018

အမာမြို့နယ်တွင် ထူးကဲဒီရေနှင့် လှိုင်းဂယက်ကြောင့် သုံးရက်အတွင်း လူနေတဲအိမ်(၁၁၃)လုံး ပြိုကျပျက်စီးခဲ့ပြီး (၁၄၄)လုံး ယိုင်နဲ့



အမာ သြဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းစပ်ကျေးရွာများတွင် ထူးကဲဒီရေတက်လာချိန် မုတ်သုန်လေအားကောင်းစွာ တိုက်ခတ်ခဲ့သောကြောင့်(၃)ရက်အတွင်း ကျေးရွာ(၁၀)ရွာမှ လူနေတဲအိမ်(၁၁၃)လုံးပြိုကျပျက်စီးခဲ့ပြီး (၁၄၄)လုံးအခင်းအကာ ပျက်စီးကာ ယိုင်နဲ့သွားကြောင်း သိရသည်။

ဒီရေသည် ထူးကဲဒီရေဖြစ်ခြင်းကြောင့် ရေစတက်သော သြဂုတ်လ(၁၂)ရက်နေ့ ညနေပိုင်းတွင် သရက်ပင်ဆိပ်ကျေးရွာမှ နေအိမ်(၁)လုံး ခါးပြတ်ကျေးရွာမှ နေအိမ်(၂)လုံးပေါင်း စုစုပေါင်း (၃)လုံး ပြိုကျပျက်စီးခဲ့ပြီး မင်္ဂလာသောင်တန်းကျေးရွာမှ နေအိမ်(၈)လုံးယိုင်နဲ့သွားခဲ့ကြောင်း သိရသည်။

သြဂုတ်လ(၁၃)ရက်နေ့ ညနေပိုင်းတွင် သရက်ပင်ဆိပ်ဘုရားလေးစု အေးကုန်းခါးပြတ် အောင်လှိုင်ဗန္ဒာပင် ကျေးရွာများမှ နေအိမ်(၃၆)လုံး၊ မင်္ဂလာသောင်တန်းနှင့် တောကျိုး ကျေးရွာမှနေအိမ်(၄၃)လုံး၊ ဂေါ်ဒူကျေးရွာနှင့် ခတ္တာ ကျေးရွာမှ နေအိမ်(၄)လုံး ပြိုကျပျက်စီးခဲ့ပြီး (၃၁)လုံး ယိုင်နဲ့ကြောင်း သိရသည်။

သြဂုတ်လ(၁၄)ရက်နေ့ နေ့လယ်(၁)နာရီ(၄၀)မိနစ်အချိန်တွင် ဘဝသစ်ကျေးရွာအုပ်စု ဂေါ်ဒူကျေးရွာတွင် နေအိမ်(၅)လုံး ပြိုကျပျက်စီးခဲ့ပြီး ညနေ(၄)နာရီတွင် နေအိမ်(၆)လုံး ထပ်မံပြိုကျပျက်စီးခဲ့ကြောင်း၊ နေ့လယ်(၂)နာရီခွဲ အချိန်နောက်ပိုင်း မီးကျေးရွာအုပ်စု မင်္ဂလာသောင်တန်း ကျေးရွာတွင် နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ပြီး အခင်းအကာပျက်စီးကာ ယိုင်နဲ့သွားသော အိမ်(၁၀၅)လုံးရှိကြောင်း၊ ညနေ(၃)နာရီ (၄၅)မိနစ်တွင် ဒေါ်ညိမ်းကျေးရွာအုပ်စု သရက်ပင်ဆိပ်ကျေးရွာမှ (၆)လုံး ဗန္ဒာပင်ကျေးရွာမှ(၆)လုံး ခါးပြတ်ကျေးရွာမှ(၁)လုံး အေးကုန်းကျေးရွာမှ(၂)လုံး ပြိုကျပျက်စီးခဲ့ကြောင်း၊ ထို့ကြောင့်(၂၇)လုံး ပြိုကျပျက်စီးခဲ့ပြီး (၁၀၅)လုံးယိုင်နဲ့ခဲ့ကြောင်း၊ မိသားစု(၁၃၂)စု၊ လူဦးရေ(၅၇၉)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ကာ ခန့်မှန်းတန်ဖိုးကျပ်(၉၃)သိန်း(၅)သောင်ကျပ်ဆုံးရှုံးခဲ့ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးရွှေစိုးဟန်ထံမှ သိရသည်။

အိမ်ပြိုပျက်ယိုင်နဲ့သွားသော မိသားစုများအား နီးစပ်ရာဆွေမျိုးများထံတွင် ယာယီနေထိုင်စေပြီး ကူညီရေးလုပ်ငန်းများနှင့် ကျန်ရှိနေသေးသောနေအိမ်များအား ဘေးလွတ်ရာရွှေ့ပြောင်း နေထိုင်ကြရန် အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း၊ နေအိမ်ပြိုပျက်ခဲ့သော်လည်း လူနှင့်တိရစ္ဆာန် များထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

ယခုအချိန်အထိ ထူးကဲဒီရေတက်သော (၃)ရက်အတွင်း အမာမြို့နယ်ပင်လယ် ကမ်းစပ်ကျေးရွာ(၁၀)ရွာမှ လူနေအိမ်(၁၁၃)လုံး ပြိုကျပျက်စီးခဲ့ပြီး (၁၄၄)လုံးယိုင်နဲ့သွားကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

No comments:

Post a Comment