Latest News

Sunday, August 5, 2018

ကရင်ပြည်နယ်အတွင်းရှိရေဘေးသင့်ကျေးရွာများနှင့် ရေဘေးရှောင်ပြည်သူများကို ဝိုင်းဝန်းကူညီထောက်ပံ့ပေးလျက်ရှိ

ကရင်ပြည်နယ်အတွင်းရှိရေဘေးသင့်ကျေးရွာများနှင့် ရေဘေးရှောင်ပြည်သူများကို ဝိုင်းဝန်းကူညီထောက်ပံ့ပေးလျက်ရှိ


ဘားအံ သြဂုတ် ၎

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် အတူ  ဝေဠုကျော်ဖောင်ဒေးရှင်းနှင့် ရွှေဖားစည် အဆင့် မြင့်အိမ်ရာစီမံကိန်းတို့ပူးပေါင်း၍ ရေဘေးသင့်ကျေးရွာများနှင့်  ရေဘေးရှောင် ပြည်သူများကို   ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ရေဘေးသင့်ပြည်သူများကို  ဝိုင်းဝန်းကူညီ   ထောက်ပံ့ခြင်းများ ဆောင်ရွက်ရာတွင်   ကရင်ပြည်နယ် အစိုးရအဖွဲ့၊      ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်   ဦးဆောင်သည့် ဝေဠုကျော် ဖောင်ဒေးရှင်းနှင့် ရွှေဖားစည် အဆင့်မြင့် အိမ်ရာစီမံကိန်းတို့မှ တာဝန်ရှိသူများနှင့် အဖွဲ့သည် သြဂုတ် ၂  ရက်က ဘားအံ မြို့နယ် ထုံးအိုင်ကျေးရွာ   အထက်တန်း ကျောင်းရှိ ရေဘေးရှောင်စခန်းတွင် ခိုလှုံ နေသူများအတွက်  ဆန်နှင့်စားသောက် ဖွယ်ရာများကိုလည်းကောင်း၊ မကျီးကျွန်း ကျေးရွာမှ ရေဘေးသင့်အိမ်ထောင်စုများ အတွက်   ဆန်နှင့်စားသောက်ဖွယ်ရာများ ကို လည်းကောင်း၊ ရေကျော်ကြီးကျေးရွာ အတွက် ဆန်နှင့် စားသောက်ဖွယ်ရာများ ကိုလည်းကောင်း ၊ ရေကျော်လေးကျေးရွာ အတွက် ဆန်နှင့် စားသောက်ဖွယ်ရာ များကိုလည်းကောင်း    လှူဒါန်းခဲ့ပြီး ဘားအံမြို့နယ်    ဖဲကတာကျေးရွာနှင့်    မိန်းမလှကျွန်းကျေးရွာများ   ကိုလည်း  ဆက်လက်   လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

''ထုံးအိုင်အထက်တန်းကျောင်းကဖွင့်ထားတဲ့  ရေဘေးရှောင်စခန်းမှာ  အိမ် ထောင်စု ၇၁ စု၊ ကျား ၈ဝ၊ မ ၁၄၃ ဦး ပေါင်း ၂၂၃ ဦးခိုလှုံနေပါတယ်။ မကျီး ကျေးရွာကအိမ်ခြေ ၄၃၉ လုံးက အကုန် ရေဝင်နေတယ်။ ရေကျော်ကြီးက အိမ်ခြေ ၃၇၂လုံးမှာ အိမ်ခြေ ၃ဝဝ ခန့်ရေဝင် နေတယ်၊ ရေကျော်လေးက အိမ်ခြေ ၁ဝဝ လောက်ရှိတာရေက  အိမ်တိုင်းဝင်နေ တယ်၊ နောက်ထပ်ဖဲကတာကျေးရွာနှင့် မိန်းမလှကျွန်းကျေးရွာတွေလည်း ရေဝင် နေပါတယ်'' ဟု နယ်မြေခံရဲစခန်းမှူး ရဲအုပ် ညီညီမိုးက ပြောသည်။

ကရင်ပြည်နယ်အတွင်း  မြို့နယ် ခြောက်မြို့နယ်တို့တွင်  ရေကြီးနစ်မြုပ်မှု များဖြစ်ပေါ်နေပြီး ရေဘေးရှောင်စခန်း  ၆၈ ခုဖွင့်လှစ်ထားရှိခဲ့ရာ  ဘားအံမြို့နယ် တွင် ကယ်ဆယ်ရေးစခန်း ၂၅ ခု၊ အိမ် ထောင်စု ၂၃၂၇ စု၊   ကျား ၅၈၃၉ ဦး၊ မ ၆၂၇၃ ဦး၊ လှိုင်းဘွဲမြို့နယ်တွင် ကယ်ဆယ် ရေးစခန်း ၂၃ ခု၊ အိမ်ထောင်စု ၈၂၆ စု၊ လူဦးရေ ကျား ၁၇ဝ၅ ဦး၊ မ ၂၂၂၄ ဦး၊  ကော့ကရိတ်မြို့နယ်တွင်  ကယ်ဆယ် ရေးစခန်း ခုနစ်ခု၊  အိမ်ထောင်စု  ၆၉ဝ၊  ကျား ၆၅၈ ဦး၊ မ  ၆၂၇၃ ဦး၊ ကြာအင်း ဆိပ်ကြီးမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း နှစ်ခု၊ အိမ်ထောင်စု ၉၉ စု၊ လူဦးရေ ကျား ၁၉၁ ဦး၊ မ ၂၂၁ ဦး၊ မြဝတီမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း နှစ်ခု၊ အိမ်ထောင်စု ၅၃ စု၊   ကျား  ၁၃၁ ဦး၊ မ ၁၃၁ ဦး၊ ဖာပွန် မြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ကိုးခု၊ အိမ်ထောင်စု  ၄၁၈ စု၊  ကျား ၉၂၃ ဦး၊ မ ၁ဝ၆ဝ  စုစုပေါင်းရေဘေးသင့် ပြည်သူ ကျား ၉၆၅၉ ဦး၊ မ ၁ဝ၅၆၇ ဦး ပေါင်း ၂ဝ၂၂၆ ဦးဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေဘေးသင့်နေရာများနှင့်ရေဘေးရှောင်စခန်းများမှ ပြည်သူများကို ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စေတနာ ရှင်များ၊ ပြည်နယ်အတွင်းရှိ အသင်းအဖွဲ့ များ၊  ပါတီများ၊ စီးပွားရေးလုပ်ငန်းရှင် များ၊ စေတနာရှင်များက စားနပ်ရိက္ခာများ၊ သောက်ရေသန့်၊   ဆေးဝါးများနှင့်   အသုံး  အဆောင်ပစ္စည်းများ     အစရှိသော   ကယ်ဆယ်ရေးပစ္စည်းများကို   ဝိုင်းဝန်း ကူညီ  ထောက်ပံ့လျက်ရှိကြောင်း   သိရ သည်။ 

မင်းသူ၊   ထွန်းထွန်းထွေး(ဘားအံ)

No comments:

Post a Comment