''အရေးကြီးတဲ့ ပြဿနာတွေအပေါ်မှာ ခေါင်းဆောင်တွေက ဦးဆောင်ဦးရွက်ပြုရမယ်လို့ ကျွန်တော် အမြဲတမ်းယုံကြည်ထားတယ်။ ခေါင်းဆောင်တွေက ဦးဆောင်ဦးရွက်လုပ်ဖို့ ပျက်ကွက်နေမယ်ဆိုရင် ပြည်သူတွေက ဒါကိုစိုးရိမ်ပြီး သူတို့ကိုယ်တိုင် ဦးစီးဦးဆောင်ပြုလုပ်သွားကြမှာဖြစ်သလို ခေါင်းဆောင်သူတွေလည်း နောက်လိုက်တွေဖြစ်သွားပါလိမ့်မယ်''
အထက်ပါ မှတ်သားဖွယ်ရာစကားကို ပြောကြားခဲ့ သူမှာ သြဂုတ်လ ၁၈ ရက်တွင် ကွယ်လွန်သွားပြီဖြစ်သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဖြစ်သည်။
ကိုဖီအာနန်ကို ၁၉၃၈ ခုနှစ် ဧပြီလ ၈ ရက်တွင် ဂါနာနိုင်ငံတွင် မွေးဖွားခဲ့ပြီး ၁၉၉၇ ခုနှစ် ဇန်နဝါရီလမှ ၂ဝဝ၆ ခုနှစ် ဒီဇင်ဘာလအထိ ခုနစ်ဦးမြောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်သည်။
ကိုဖီအာနန်သည် ကုလသမဂ္ဂအဖွဲ့နှင့်အတူ ၂ဝဝ၁ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပူးတွဲလက်ခံ ရရှိခဲ့သူဖြစ်သည်။ ကိုဖီအာနန်သည် ကိုဖီအာနန် ဖောင်ဒေးရှင်းတည်ထောင်သူ ဥက္ကဋ္ဌဖြစ်သကဲ့သို့ နယ်ဆင်မန်ဒဲလား တည်ထောင်ဖွဲ့စည်းသော The Elders အဖွဲ့၏ ဥက္ကဋ္ဌလည်းဖြစ်သည်။
ကိုဖီအာနန်သည် ၂ဝ ရာစုမှ ၂၁ ရာစုသို့ အကူး အပြောင်းကာလ ၁၉၉၇ ခုနှစ်မှ ၂ဝဝ၆ ခုနှစ်အထိ ကုလသမဂ္ဂအကြီးအကဲအဖြစ် တာဝန်ထမ်းရွက်ခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူနေ သည့် ၁ဝ နှစ်တာကာလအတွင်း ကိုဖီအာနန်ကို ထူးခြား သော၊ အေးဆေးတည်ငြိမ်သော ပုံရိပ်တစ်ခုအဖြစ် လူအများက တင်စားပြောဆိုခဲ့ကြသည်။ ကိုဖီအာနန်သည် ကိုယ်ကျင့်သိက္ခာပြည့်ဝသည်၊ ဖော်ရွေသည်၊ ဘဝကို ရောင့်ရဲတင်းတိမ်သည်၊ သူသည် ကျွန်ုပ်တို့ကမ္ဘာကြီး ပျက်စီးမသွားစေရန်၊ ဆင်းရဲချမ်းသာ မညီမှုများ ကြီးထွားမလာစေရန် ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့သူ ဖြစ်သည်။ လူမျိုးစုပဋိပက္ခများကြားတွင် ရိုးသားစွာ အကျိုးဆောင်ပေးသူတစ်ဦးဖြစ်သလို အေးဆေးတည်ငြိမ် ပြီး သံခင်းတမန်ခင်း စွမ်းရည်ပြည့်ဝသူတစ်ဦးလည်း ဖြစ်သည်ဟုလည်း ချီးကျူးပြောဆိုကြသည်။
ကိုဖီအာနန်၏ အသက်(၈ဝ)ပြည့် မွေးနေ့အချိန် အခါလည်းဖြစ်၊ သူ့အတွက် အများပြည်သူရှေ့ နောက်ဆုံး ပေါ်ထွက်လာခဲ့ခြင်းလည်းဖြစ်သော ဧပြီလတွင် ဘီဘီစီ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ''ခေါင်း အေးအေးထား တည်တည်ငြိမ်ငြိမ်ဆုံးဖြတ်၊ ကမ္ဘာကြီး ကွဲပြားခြားနားလာနေမှုကို တာဝန်ယူမယ့် ခေါင်းဆောင် တွေ ပိုမိုလိုအပ်နေတယ်''ဟု ထောက်ပြပြောဆို ခဲ့သည်။
သန်းပေါင်းများစွာသော လူသားများ အပြန်အလှန် ပတ်သက်ဆက်နွှယ် နေထိုင်ကြရာ ကမ္ဘာကြီးတွင် စီးပွားရေးဆိုင်ရာ တရားမျှတမှု၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးများလိုအပ်သည်ဟု ကိုဖီအာနန်က ယူဆ သည်။ တည်ငြိမ်အေးချမ်းမှုမရှိလျှင် ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်၊ ဖွံ့ဖြိုးတိုးတက်မှုမရှိလျှင်လည်း တည်ငြိမ်အေးချမ်း မှု မရရှိနိုင် သို့သော် လူ့အခွင့်အရေးများမရှိလျှင် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု နှစ်ခုစလုံးကို မရရှိနိုင်ဟု သူကဆိုသည်။ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး၊ စစ်ပွဲများအဆုံးသတ်ရေး၊ လူ့ဂုဏ်သိက္ခာ အကာအကွယ် ပေးရေး စသည်တို့အတွက် ကမ္ဘာ့နိုင်ငံများ အတူတကွ ပူးပေါင်း လုပ်ဆောင်မှရမည်ကို ကိုဖီအာနန် သိမြင်ခဲ့ သည်။
အဆိုပါ ရည်မှန်းချက်များ ပြည့်မြောက်ရန် ကုလသမဂ္ဂကသာ လုပ်ဆောင်နိုင်မည်ဟုလည်း ယုံကြည် ခဲ့ပြီး ကုလသမဂ္ဂအတွက် သူ့ဘဝတစ်သက်တာလုံး ကြိုးပမ်းပေးခဲ့သည်။ ကုလသမဂ္ဂသည် သူ့ကြောင့်သာ ပိုမိုအရေးပါ အရာရောက်လာခဲ့ရသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် အာနန်သည် နိုင်ငံတကာ ကိစ္စများတွင် တရားဝင်ဥပဒေနှင့်အညီ စီရင်ဆုံးဖြတ်စေပြီး ကုလသမဂ္ဂ၏ လုပ်ပိုင်ခွင့်အာဏာကို ခိုင်မာစေဖို့ ကြိုးပမ်း ပေးခဲ့သည်။
ဖြတ်သန်းခဲ့ရသည့် ဘဝ
ကိုဖီအာနန်သည် ၁၉၆၂ ခုနှစ်တွင် ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွင် ဘတ်ဂျက်အရာရှိတစ်ဦးအဖြစ် စတင်တာဝန်ထမ်းဆောင် ခဲ့သည်။ ၁၉၇၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ ဂါနာနိုင်ငံရှိ ခရီးသွားကုမ္ပဏီတစ်ခုတွင် မန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့ သည်။ ၁၉၈ဝ ပြည့်နှစ်တွင် ကိုဖီအာနန်သည် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အကြီးအကဲဖြစ်လာသည်။ ၁၉၈၃ ခုနှစ်တွင် နယူးယောက် မြို့ရှိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးတွင် စီမံခန့်ခွဲမှု ဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်လာခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် ကုလသမဂ္ဂလုံခြုံရေးနှင့် လူသားအရင်းအမြစ် စီမံခန့်ခွဲမှု ဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် ဖြစ်လာသည်။ ၁၉၉ဝ ပြည့်နှစ်တွင် စီမံကိန်းရေးဆွဲရေး၊ ဘတ်ဂျက်၊ ဘဏ္ဍာ ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူး ချုပ်ဖြစ်လာသည်။ ၁၉၉၂ ခုနှစ်တွင် ကုလသမဂ္ဂအတွင်းရေး မှူးချုပ်ဖြစ်သည့် ဘူထရို့စ် ဘူထရို့စ် ဂါလီက ငြိမ်းချမ်းမှု ထိန်းသိမ်းရေးဌာနသစ် တည်ထောင်ဖွဲ့စည်းလိုက်ပြီး ယင်း ဌာနတွင် ကိုဖီအာနန်ကို ဒုတိယအတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ၁၉၉၅ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ယူဂိုဆလားဗီးယား ဆိုင်ရာ အထူးကိုယ်စားလှယ်တော်အဖြစ် ခန့်အပ်ခံခဲ့ရ သည်။
အခြားသော သံတမန်ရေးဆောင်ရွက်ချက်များ
ကိုဖီအာနန်သည် ၁၉၉၈ ခုနှစ်တွင် နိုင်ဂျီးရီးယားတွင် စစ်အုပ်ချုပ်ရေးမှ အရပ်ဘက်အုပ်ချုပ်ရေးသို့ ပြောင်းလဲရန် ထဲထဲဝင်ဝင် ပါဝင်ထောက်ခံခဲ့သည်။ နောက်ပိုင်းနှစ်များ တွင် အရှေ့တီမောကို အင်ဒိုနီးရှားမှ ခွဲထွက်ရန် အားပေး ထောက်ခံခဲ့သည်။ ၂ဝဝဝ ပြည့်နှစ်တွင် လက်ဘနွန်မှ အစ္စရေးတို့ ဆုတ်ခွာသွားမှုအတွက် ကိုဖီအာနန်သည် အသိအမှတ်ပြုခံခဲ့ရသည်။ ထို့ပြင် ဘက်ကာဆီကျွန်းဆွယ် အရေးကိစ္စကိုအကြောင်းပြု၍ အငြင်းပွားမှုဖြစ်ပွားနေသည့် ကင်မရွန်းနိုင်ငံသမ္မတနှင့် နိုင်ဂျီးရီးယားနိုင်ငံသမ္မတ တို့နှင့်အတူ ပြေလည်မှုရရှိရေးအတွက် နယူးယောက်မြို့ တွင် ဦးဆောင်ဆွေးနွေးခဲ့သည်။
အာနန်နှင့် အီရန်သမ္မတ မာမွတ်အမာ ဒီနီဂျက် တို့သည် အီရန်နျူကလီးယား အစီအစဉ်နှင့်ပတ်သက်၍ သဘောထားကွဲလွဲခဲ့ကြသည်။ အီရန်နျူကလီးယား အစီ အစဉ်နှင့်ပတ်သက်ပြီး ''နျူကလီးယားလက်နက်တွေနဲ့ ပတ်သက်ပြီး ဒုတိယကမ္ဘာစစ်ကြီးမှာ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို ကျွန်တော်တို့ လေ့လာသင်ယူသင့်ပါတယ်။ ဒီလိုအဖြစ်ဆိုးမျိုး နောက်ထပ်မဖြစ်စေချင်ပါဘူး''ဟု ပြောကြားခဲ့သည်။
ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့များ ဆူဒန်နိုင်ငံ ဒါဖာဒေသသို့စေလွှတ်မှုကို အာနန်က ထောက်ခံ အားပေးသည်။ ဆူဒန်အစိုးရအာဏာကို ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်သည့် အာဖရိကသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့များ လွှဲပြောင်းအပ်နှင်းရန်အတွက် ဆူဒန်အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ အာနန်သည် အာရပ်နှင့် မွတ်စလင်နိုင်ငံများရှိ အမျိုးသမီးများအခွင့်အရေး နှင့် အခြားသောအရေးကိစ္စများကိုလည်း ဆောင်ရွက်ခဲ့ သည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် သို့မဟုတ် အာနန်ကော်မရှင်ကိုဖီအာနန်ကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများကို ကူညီဖြေရှင်းပေးနိုင်ရန် အတွက် ၂ဝ၁၆ ခုနှစ် စက်တင်ဘာလတွင် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်ကို ဦးဆောင်ရန် ချဉ်းကပ်ခဲ့ပြီး အကြံပေးကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် ခဲ့သည်။ ကိုဖီအာနန်ဦးဆောင်သော ကော်မရှင်သည် ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၂၄ ရက်တွင် အပြီးသတ်အစီရင်ခံစာ ကို ထုတ်ပြန်ကြေညာနိုင်ခဲ့သည်။
ကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်အကြံပေး ကော်မရှင်နှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဖီအာနန်၏ အရည်အချင်း နှင့် အောင်မြင်မှုများ မရေမတွက်နိုင်အောင် များပြားလှ ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် အမြစ်တွယ်နေသော ပြဿနာများကို ဖြေရှင်းရန် မိမိတို့အား အကြံÓဏ် ပေးမည့်တာဝန်ကို လက်ခံရယူရန် စိတ်သဘောထား ကောင်းမွန်ပြီး အကောင်းမြင်စိတ်ရှိသည့် ဒေါက်တာ ကိုဖီအာနန်က သဘောတူညီခဲ့ပါကြောင်း၊ ဒေါက်တာ ကိုဖီအာနန်အနေဖြင့် မိမိတို့အားကူညီရန် ¤င်း၏ ဆုံးဖြတ် ချက်အတိုင်း လုပ်ဆောင်ခဲ့ပါကြောင်း၊ ကိုဖီအာနန်၏ လုပ်ဆောင်ချက်နှင့် ကော်မရှင်၏အကြံပြုချက်များမှ တွေ့ရသော ¤င်း၏ ကရုဏာ၊ ရိုးသားဖြောင့်မတ်မှုနှင့် ရဲစွမ်းသတ္တိတို့သည် ¤င်း၏ ပညာပြည့်ဝမှု၊ အတွေ့အကြုံြ<ွကယ်ဝမှုတို့ကို ထင်ဟပ်ခဲ့ပါကြောင်း၊ သူ၏ ချဉ်းကပ်မှု နည်းလမ်းမှာ အပြုသဘောဆောင်ပြီး ကရုဏာတရား ရှိပါကြောင်း၊ အလုပ်တာဝန် များပြားသည့်ကြားမှပင် အချိန်ယူကာ မိမိအား တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းပြီး ကူညီအားပေးခဲ့ပါကြောင်း ပြောကြားသည်။
ဒေါက်တာကိုဖီအာနန် ကော်မရှင်၏ အကြံပြုချက် ၈၈ ချက်မှ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်ရန် ရည်ရွယ်သည့် အကြုံပြုချက် ၈၁ ချက် ကိုလည်း မိမိတို့အနေဖြင့် အကောင်အထည်ဖော်ပြီး ဖြစ်ပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။
ပုဂ္ဂိုလ်ရေးဘဝနှင့် ကွယ်လွန်ချိန်
ကိုဖီအာနန်သည် ၁၉၆၅ ခုနှစ်တွင် တော်ဝင်မင်းမျိုး အနွယ်ဝင် မိသားစုမှ ဆင်းသက်လာသည့် နိုင်ဂျီးရီးယား အမျိုးသမီး တီတီအလာကီဂျနှင့် လက်ထပ်ခဲ့ပြီး သမီး အမာနှင့် သား ကိုဂျိုတို့ ထွန်းကားခဲ့သည်။ ကိုဖီအာနန်တို့ ဇနီးမောင်နှံသည် ၁၉၇ဝ ပြည့်နှစ် နှောင်းပိုင်းနှစ်များတွင် ကွဲကွာနေခဲ့ကြပြီး ၁၉၈၃ ခုနှစ်တွင် ကွာရှင်းခဲ့ကြသည်။ ၁၉၈၄ ခုနှစ်တွင် ကိုဖီအာနန်သည် ကုလသမဂ္ဂတွင် ဆွီဒင်ရှေ့နေတစ်ဦးဖြစ်သည့် နာနီအာနန်နှင့် ထပ်မံ လက်ထပ်ခဲ့သည်။
ကိုဖီအာနန်သည် ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၁၈ ရက် နံနက်ပိုင်းတွင် ဆွစ်ဇာလန်နိုင်ငံ ဘမ်းမြို့၌ ရုတ်တရက် ဖျားနာပြီး ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ လက်ရှိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်သည့် အန်သော်နျူး ဂူးတဲရက်ရှ်က ''ကိုဖီအာနန်ဟာ ငြိမ်းချမ်းရေးအတွက် တော့ တကယ့်ဆရာတစ်ဆူဖြစ်သလို ကောင်းမွန်တာတွေ ကိုလည်း လမ်းညွှန်နိုင်သူဖြစ်ပါတယ်''ဟု မှတ်ချက်ပြု ပြောကြားသည်။
မောင်သာယာ
No comments:
Post a Comment