Latest News

Wednesday, August 29, 2018

ဈေးနှုန်းအသင့်အတင့်ကားများ အရောင်းအဝယ်အတန်ငယ်ဖြစ်လာသည့် ရန်ကုန်ကားဈေးကွက်

ဈေးနှုန်းအသင့်အတင့်ကားများ အရောင်းအဝယ်အတန်ငယ်ဖြစ်လာသည့် ရန်ကုန်ကားဈေးကွက်


မော်တော်ကားဈေးကွက်အတွင်း ငွေ$ကျပ် သိန်း ၁၂ဝ မှ ၂ဝဝ အကြား အင်ဂျင်ပါဝါနိမ့် ကားများ အရောင်းအဝယ် အနည်းငယ်တက် လာကြောင်း ကားလောကအတွင်းက သိရှိရသည်။ သို့သော် လက်ရှိတွင် ရန်ကုန်လိုင်စင်နှင့် စတိကားများ မရရှိနိုင်သေးသဖြင့် နယ်လိုင်စင်ကားများလည်း အရောင်းအဝယ် ယခင်ထက် အနည်းငယ်ပိုမိုများပြားလာသည်ကို မြင်တွေ့ရသည်။ စတိနံပါတ်ကားများ လိုချင်ကြသော်လည်း အရောင်းအဝယ်အေးနေပြီး ရန်ကုန်လိုင်စင်ချထားပေးမည့်အစီအစဉ်မှာလည်း လက်ရှိတွင် ငြိမ်သက် နေခြင်းကြောင့် မစောင့်ဆိုင်းနိုင်ကြသူများက အရောင်းအဝယ်ပြန်လည် လုပ်ကိုင်လာကြခြင်းဖြစ်သည်။
''ဒေါ်လာဈေးကလည်း မြင့်နေတော့ စတိနံပါတ်ကားတွေက ဈေးတွေ အလိုလိုတက်သွားကြတယ်။ ဒါကြောင့် ဝယ်သူနည်းပြီး ဂျပန်တစ်ပတ်ရစ်ကတော့ ဈေးက သိသိသာသာတက်သွားတာမျိုးမရှိဘူး။ ဒါကြောင့် အရောင်း အဝယ်နည်းနည်းရှိနေတယ်''ဟု ကားဝယ်ရောင်း ကိုကျော်ဇေယျာဝင်းက ပြောသည်။

လက်ရှိတွင် ဒေါ်လာဈေးမြင့်နေသဖြင့် ကားတင်သွင်းမှု လျော့ကျသွားပြီး ဒေါ်လာဈေးမြင့်တက်ခြင်းကြောင့် အခွန်နှုန်းထား များလည်း လိုက်လံမြင့်တက်သွားရာ စတိဝယ်ယူမည့်သူများ မရှိသလောက်ဖြစ်နေသည်။ ထို့ပြင် ပြည်တွင်းတွင် ထုတ်လုပ်သည့် CKD , SKD ကားများ လူစိတ်ဝင်စားမှု မြင့်တက်နေပြီး အရောင်း အဝယ် ယခင်ထက်စာပါက များစွာတိုးတက်လာကြောင်း ကား လောကအတွင်းမှ သိရသည်။
စလစ်ဈေးများ အနည်းငယ်ကျဆင်းနေပြီး လက်ရှိတွင် သက်တမ်း နှစ်၂ဝ စလစ်မှာငွေ$ကျပ် ၁၂၅သိန်းရှိပြီး တိုက်ကြေ စလစ်မှာမူ ငွေကျပ်$ ၁၁၇သိန်းတွင် တန့်နေသည်။''ဈေးကွက် က ပုံမှန်အရောင်းအဝယ်ကောင်းတာမျိုးတော့ မရှိပါဘူး။ ဒီရက်ပိုင်းမှာ နယ်အကြိုက်ကားလေးတွေ အရောင်းအဝယ် ပိုဖြစ်တယ်။ ကားဈေးတန့်နေတော့ နယ်ဝယ်လက် ပြန်ဆင်း လာတယ်။ ဒါကြောင့် နယ်လိုင်စင်ရော၊ ရန်ကုန်လိုင်စင် နံပါတ် အနိမ့်လေးတွေရော  အရောင်းအဝယ်  နည်းနည်းပြန်တက် လာပါတယ်''ဟု ကားဝယ်ရောင်းတစ်ဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း အရောင်းအဝယ်ဖြစ်နေသည့် ကားများမှာ မူလကတည်းက လူကြိုက်များ တန်ဖိုးနည်းကားများဖြစ်သော ဟွန်ဒါဖစ်၊ ဘယ်လ်တာ၊ ပရိုဘောက်စ်နှင့် ဗစ်ဇ်တို့ ဖြစ်ကြပြီး ပရိုဘောက်စ်ကားအများစုမှာ နီးစပ်ရာ နယ်ဝယ်လက်များ ပိုမိုသဘောကျ ဝယ်ယူကြပြီး ကျန်အမျိုးအစားများမှာ မြို့ပေါ်လူတန်းစားများ ရွေးချယ်ဝယ်ယူကြကြောင်း သိရသည်။

မိုးရာသီဖြစ်ခြင်းကြောင့် အရောင်းစင်တာများတွင်လည်း အရောင်းအဝယ်အားနည်းလျက်ရှိသည်။ သို့သော် မိုးရာသီပရိုမိုးရှင်းအစီအစဉ်များ ရေးဆွဲကာ အရောင်း အဝယ်မြင့်တက်ရန် ဆောင်ရွက်နေကြသည်ကိုလည်း မြင်တွေ့ရသည်။ ''မိုးတွင်းကတော့ အရောင်းအဝယ်ပါးတတ်တယ်။ ဒါပေမယ့် အားလုံးသိပ်မသိကြသေးလို့ပါ။ မိုးတွင်းက ဝယ်လို့အကောင်းဆုံးကာလပဲ။ အရောင်းစင်တာ တွေကလည်း အရောင်းထိုင်းတဲ့အချိန်မို့ တတ်နိုင်သလောက် လျှော့ပြီး ရောင်းပေးကြတယ်။ ဝယ်လက်ပါးတဲ့ အချိန်မို့ စိတ်ကြိုက် ရှာရတာ ပိုကောင်းတယ်''ဟု ဝေဇယ္တာလမ်းမပေါ်ရှိ ကားအရောင်းစင်တာတစ်ခုမှ တာဝန်ခံ ကိုကျော်စွာက ပြောသည်။     

မင်းသော်

No comments:

Post a Comment