မကွေး သြဂုတ် ၂၈
ဧရာဝတီတံတား(မကွေး) ယာယီပိတ်၍ ပြင်မည်ဆိုသည့် သတင်းများဖြစ်ပေါ် နေသည့်အတွက် မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာနက ဒေသတွင်းမီဒီယာများ ကို ယနေ့မွန်းလွဲပိုင်းက ဖိတ်ကြားပြီး ထွက်ပေါ်နေသည့် သတင်းများမှာ ကောလာဟလသာ ဖြစ်ကြောင်း၊ ပညာရှင်များ စစ်ဆေးပြီးဖြစ်ကာ တံတား မှာ အ္တရာယ်ရှိသည့် အခြေအနေမျိုး လည်း မဟုတ်ကြောင်း အဆိုပါ ဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးရဲမင်းဇော်က အတည်ပြုပြောကြားခဲ့သည်။
ဧရာဝတီတံတား (မကွေး)၏ တံတားတိုင် P-4 နှင့် P- 5 အကြား ရေစွန်းဘက်အခြမ်း Vertical ခြောက် တိုင်မြောက် သံပေါင်တိုင်လှုပ်ခတ်နေ သည့် ဗီဒီယိုဖိုင်လူမှုကွန်ရက်၌ ပျံ့နှံ့နေမှု အပေါ် တံတားဦးစီးဌာန အင်ဂျင်နီယာ ချုပ်နှင့် တံတားအထူးအဖွဲ့များ၊ JICA မှ ဂျပန်ပညာရှင်များက ဇူလိုင်လ အတွင်း၌ စစ်ဆေးမှုများ လုပ်ဆောင် ခဲ့ကြသည်။
'' စစ်ဆေးတဲ့အခါမှာ အန္တရာယ်ရှိ နိုင်တဲ့ အစိတ်အပိုင်းကို စစ်ဆေးခဲ့ပါတယ်။ အဓိကကတော့ တံတားကြီးရဲ့ အောက် ခြေပေါ့နော်။ တံတားကြီး သံပေါင်တွေ ကိုထမ်းတဲ့ တီအာတိုင် အခြေအနေ တွေ၊ ရိန်တွေ၊ ဘွတ်နပ်တွေကို စစ်ဆေး တယ်။ ၉၅ ရာခိုင်နှုန်းလောက် အကုန် ကောင်းပါတယ်။ နောက်ပြီး Level တွေ စစ်ပါတယ်။ ဘာကြောင့်လှုပ်တယ် ဆိုတဲ့ အဖြေကိုလည်း ရှာပါတယ်။ လေတိုက် နှုန်းတွေ စမ်းပါတယ်။ စစ်ဆေးပြီးတဲ့ အချိန်မှာ ဘာတွေ့ရှိလဲဆိုတော့ မူမမှန် တဲ့လေတိုးဝင်မှုကြောင့် သံပေါင်တွေ လှုပ်တယ်လို့ပဲ အကြမ်းဖျင်း ယူဆပါ တယ်။ ဂျပန်ပညာရှင်တွေကလည်း သူတို့နိုင်ငံမှာ လေတိုက်နှုန်းကြောင့်လည်း လှုပ်တာတွေရှိတယ်လို့ ပြောပါတယ်။ သံပေါင်တွေရဲ့ ဖွဲ့စည်းတည်ဆောက်မှု အပိုင်းအရတော့ စိတ်ချရမှုရှိပါတယ်။ အ္တရာယ်ရှိမှုအပိုင်းမှာ မရှိပါဘူး '' ဟု တံတားအထူးအဖွဲ့(၃)ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွေးက ပြောသည်။
လက်ရှိအခြေအနေမှာ တံတားကြီး ကိုပိတ်၍ပြင်ဆင်ရန်မရှိဘဲ ပိတ်ပြီးပြင် မည်ဆိုပါက ပြည်သူလူထုထံ မီဒီယာ များမှတစ်ဆင့် တရားဝင်ကြေညာမည် ဖြစ်ကြောင်း၊ ပြုပြင်ရန်လိုအပ်သည့် အခြေအနေဖြစ်လာပါကလည်း တံတား ကြီးကိုပိတ်၍ လုပ်စရာအကြောင်း မရှိပါ ကြောင်း၊ ပညာရှင်များဖြင့် ထပ်မံစစ်ဆေး မှုများလုပ်ဆောင်ရန်ရှိကြောင်း ဦးကျော် ဇင်ထွေးက ပြောသည်။
ဧရာဝတီတံတား(မကွေး)မှာ ယာဉ် တစ်စီးချင်း တန် ၆ဝ ဖြတ်သန်းခွင့်ပြု ထားပြီး ၂ဝဝ၂ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် တည်ဆောက်ပြီးစီးကာ နိုဝင်ဘာ ၂၄ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။
ဇေယျတု(မကွေး)
No comments:
Post a Comment