Latest News

Thursday, August 9, 2018

ရာသီသစ်ရဲ့ ပရီမီယာလိဂ် ရွှေဖိနပ်ဆုအတွက် ဘယ်ကစားသမားတွေ အားပြိုင်လာမလဲ

ရာသီသစ်ရဲ့ ပရီမီယာလိဂ် ရွှေဖိနပ်ဆုအတွက်
ဘယ်ကစားသမားတွေ အားပြိုင်လာမလဲ

ပရီမီယာလိဂ်ရဲ့ ရာသီသစ်ပွဲစဉ်တွေ စတင်တော့မှာဖြစ်သလို အဲဒီလို စတင်လာတာနဲ့အမျှ ပြိုင်ပွဲကနေ ထွက်ပေါ် လာမယ့် ချန်ပီယံအသင်းကို စိတ်ဝင်တစားစောင့်မျှော်ရမှာဖြစ်တဲ့အပြင် တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ ဂိုးသွင်းအများဆုံးဆု(ရွှေဖိနပ်ဆု) စတဲ့ဆုတွေအတွက်လည်း စိတ်ဝင်တစားစောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ လက်ရှိ ရာသီသစ်မစတင်မီမှာတော့ ရာသီသစ်ရဲ့ပရီမီယာလိဂ်ရွှေဖိနပ်ဆုရှင်ဖြစ်လာဖို့ ကစားသမားငါးဦးအထိ ရေပန်းစားနေ ပါတယ်။

မိုဟာမက်ဆာလာ(လီဗာပူး)

အီဂျစ်တိုက်စစ်မှူး ဆာလာဟာ လီဗာပူးအသင်းရဲ့ တိုက်စစ်ပိုင်းမှာ အားထားရတဲ့ကစားသမားတစ်ဦးပါ။ နည်းပြကလော့ရဲ့ လီဗာပူးအသင်းကို ပြီးခဲ့တဲ့ဘောလုံး ရာသီက ပရီမီယာလိဂ်ပြိုင်ပွဲမှာ     အဆင့်(၄)အတွင်း      ဝင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လည်း နောက်ဆုံးဗိုလ်လုပွဲအထိ တက်လှမ်းနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့ တိုက်စစ်ပိုင်းမှာဆိုရင် ဆာလာ၊ ဖာမီနို၊ မာနေး စတဲ့ ကစားသမားသုံးဦးဟာ ပြိုင်ဘက်အသင်းတွေရဲ့ နောက်တန်းခံစစ်ကြောင်းကို အလုပ်ရှုပ်စေခဲ့သလို သွင်းဂိုး တွေလည်း  သွင်းယူနိုင်ခဲ့ကြပါတယ်။  အခုရာသီသစ်
မစတင်မီ  အပြောင်းအရွှေ့ကာလမှာ  နည်းပြကလော့က ကီတာလိုမျိုး ကစားသမားကို ခေါ်ယူထားခဲ့တာဖြစ်ပြီး ကီတာဟာ တိုက်စစ်မှူး ဆာလာကို ဂိုးအများအပြားသွင်းယူ နိုင်ဖို့ အထောက်အကူပြုလာမယ့် ကစားသမားလည်းဖြစ် ပါတယ်။ ဒါကြောင့် မိုဟာမက်ဆာလာအနေနဲ့ အခုရာသီ သစ်မှာ ပရီမီယာလိဂ် ရွှေဖိနပ်ဆုအတွက် ရေပန်းစားနေ တာဖြစ်ပါတယ်။ ဆာလာဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက လိဂ်သွင်းဂိုး ၃၂ ဂိုးသွင်းယူပြီး ရွှေဖိနပ်ဆုရရှိထားတာကြောင့်    အခုရာသီမှာရော    နှစ်နှစ်ဆက်တိုက်ရွှေဖိနပ်ဆုရှင် ဖြစ်လာလေမလားဆိုတာ  စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဆာဂျီယိုအဂူရို(မန်စီးတီး)

မန်စီးတီးအသင်းက ချယ်လ်ဆီးအသင်းကို အနိုင်ရပြီး ကွန်မြူနတီဒိုင်းရယူနိုင်ခဲ့ရာမှာ  တိုက်စစ်မှူး အဂူရိုရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အဂူရိုဟာ ၂ဝ၁၄-၂ဝ၁၅ ဘောလုံးရာသီက  ပရီမီယာလိဂ်ရွှေဖိနပ် ဆုရရှိခဲ့ဖူးတာဖြစ်ပြီး  ပြီးခဲ့တဲ့ဘောလုံးရာသီကလည်း မန်စီးတီးအသင်းနဲ့အတူ ၂၂ ပွဲသာ ပွဲထွက်ကစားခွင့် ရရှိခဲ့ပေမယ့် သွင်းဂိုး ၂၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးပါ။ ဒါပေမယ့် တိုက်စစ်မှူး အဂူရို အနေနဲ့ နည်းပြဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းမှာ         ပုံမှန်ပွဲထွက်ကစားခွင့်ရဖို့အတွက်တော့ ဂါဘရီယယ်လ် ဂျီးဆပ်နဲ့ အပြိုင်လုနေရဆဲပါ။ ဒါကြောင့် လီဗာပူးအသင်းက ဆာလာကို ပွဲထွက်ကစားခွင့်ပုံမှန်ပေးသလို  မန်စီးတီး အသင်းကလည်း အဂူရိုကို ပုံမှန်ပွဲထွက်ကစားခွင့်ပေးမယ် ဆိုရင် ပရီမီယာလိဂ်ရွှေဖိနပ်ဆုအတွက် ဆာလာနဲ့အပြိုင် ဖြစ်လာမှာဖြစ်ပါတယ်။

ဟယ်ရီကိန်း(စပါး)

အင်္ဂလန်အသင်းခေါင်းဆောင်  ဟယ်ရီကိန်းဟာ ၂ဝ၁၅-၂ဝ၁၆ ဘောလုံးရာသီနဲ့ ၂ဝ၁၆-၂ဝ၁၇ ဘောလုံး ရာသီတို့မှာ စပါးအသင်းနဲ့အတူ ပရီမီယာလိဂ်ရွှေဖိနပ်ဆုကို ရယူထားခဲ့ဖူးပါတယ်။ အဲဒါကြောင့် နောက်ဆုံးသုံးနှစ်မှာ နှစ်ကြိမ်ဆက်တိုက် ပရီမီယာလိဂ်ရွှေဖိနပ်ဆုကို ရယူထား ခဲ့သူတစ်ဦးပါ။ ပြီးခဲ့တဲ့ဘောလုံးရာသီကတော့ သွင်းဂိုး ၃ဝ အထိသွင်းယူနိုင်ခဲ့ပေမယ့် တိုက်စစ်မှူး ဆာလာက ၃၂ ဂိုးသွင်းယူနိုင်ခဲ့တာမို့ ရွှေဖိနပ်ဆုကို လက်လွှတ်ခဲ့ ရပါတယ်။  ရုရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂ဝ၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာဆိုရင်လည်း အင်္ဂလန်အသင်းကို ဆီမီးဖိုင်နယ် အဆင့်ရောက်အောင်ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး အများဆုံးနဲ့ ကမ္ဘာ့ဖလားရွှေဖိနပ်ဆု(ဂိုးသွင်းအများဆုံး ကစားသမားဆု)ကိုလည်း ရရှိခဲ့ပါတယ်။  ဒါကြောင့် ခြေစွမ်းပိုင်းအရ ပုံမှန်အနေအထားမှာ ရှိနေသေးတာမို့ အခုရာသီသစ်မှာ   ပရီမီယာလိဂ်ရွှေဖိနပ်ဆုအတွက် ရေပန်းစားနေခဲ့တာပါ။

လူကာကူ(မန်ယူ)

မန်ယူအသင်းရဲ့  ကျောနံပါတ် ၉ ကစားသမား တိုက်စစ်မှူး လူကာကူဟာ  ပြီးခဲ့တဲ့ဘောလုံးရာသီက မန်ယူအသင်းနဲ့အတူ ပရီမီယာလိဂ်သွင်းဂိုး ၁၆ ဂိုးသွင်းယူ ပေးနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး လူကာကူဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဘယ်လ်ဂျီယံအသင်းကို ဆီမီးဖိုင်နယ်အဆင့် တက်လှမ်းခွင့်ရဖို့ ကြိုးပမ်းခဲ့ကြတဲ့ ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး ဘရာဇီးနဲ့ ကစားခဲ့ရတဲ့ပွဲစဉ်မှာ ဆိုရင်  လူကာကူရဲ့ အံ့အားသင့်စရာခြေစွမ်းကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။  အခုရာသီသစ်မှာ မန်ယူ အသင်းနဲ့အတူ လူကာကူအနေနဲ့ သူ့ရဲ့ ခြေစွမ်းခြေစနဲ့ တိုးအားတွေကို အာရုံစိုက်ပြီး  ကစားလာမယ်ဆိုရင် ပြီးခဲ့တဲ့ရာသီက သွင်းယူခဲ့တဲ့သွင်းဂိုးတွေကို ကျော်သွားဖို့ ရှိနေပါတယ်။  ဒီနှစ်မှာ မန်ယူအသင်းရဲ့ တိုက်စစ်မှာ လူကာကူ၊ ဆန်းချက်ဇ်တို့ အချိတ်အဆက်မိမယ်ဆိုရင်တော့ ဒီကစားသမားနှစ်ဦးပေါင်းသွင်းဂိုးတွေ မြင်တွေ့လာရဖို့ရှိနေပြီး လူကာကူကတော့ ပရီမီယာလိဂ်ရွှေဖိနပ်ဆုအတွက်ပါ ရေပန်းစားနေခဲ့တာပါ။

အူဘာမေယန်(အာဆင်နယ်)

အူဘာမေယန်ဟာ အာဆင်နယ်အသင်းက အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ကစားသမား တစ်ဦးပါ။ ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့တာမို့ အာဆင်နယ်အသင်းက ပြောင်းရွှေ့ကြေးပေါင် ၅၆ သန်းနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီက ခေါ်ယူခဲ့တာဖြစ်ပြီး အာဆင်နယ် အသင်းနဲ့အတူ လိဂ်ပွဲစဉ် ၁၃ ပွဲမှာ ၁ဝ ဂိုးအထိသွင်းယူ ပေးထားနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီက အာဆင်နယ်အသင်းကို စရောက် စမို့ အထိုင်မကျဖြစ်နေခဲ့တာကြောင့် ဒီနှစ်မှာတော့ အူဘာ မေယန်ဟာ ပရီမီယာလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်တွေကို ပြိုင်ဆိုင်ပြီး ပရီမီယာလိဂ်ရွှေဖိနပ်ဆုကို ရယူနိုင်ဖို့ ရေပန်း စားနေတာဖြစ်ပါတယ်။

Mirror

No comments:

Post a Comment