Latest News

Thursday, August 9, 2018

ကျန်းမာသက်ရှည်ခြင်း၏လျှို့ဝှက်ချက်များ(၅)

ကျန်းမာသက်ရှည်ခြင်း၏လျှို့ဝှက်ချက်များ(၅)             
                                                       

ရေနှင့်ကျန်းမာရေး

'ရေအသက် တစ်မနက်၊ ထမင်းအသက် ခုနစ်ရက်' ဟု ဆိုရိုးစကားရှိသည့်အတိုင်း ရေသည် ကျန်းမာသက်ရှည်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်သည်။ လူ့ခန္ဓာကိုယ်၏ ၆ဝ ရာခိုင်နှုန်းသည် ရေဖြစ်ပြီး ခန္ဓာကိုယ်၏   လုပ်ငန်းဆောင်တာများတွင် မရှိမဖြစ်လိုအပ်သည်။

ရေ၏လုပ်ငန်းတာဝန်များ

(၁) ဆဲလ်အသက် (Cell Life)

 ရေမရှိလျှင် ဆဲလ်များအသက်မရှင်နိုင်။ ဆဲလ်အသက်မရှင်နိုင်လျှင် လူလည်းမသက်မရှင်နိုင်။ရေသည် ဆဲလ်ထဲ ဝင်ရောက်၍ ဆဲလ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။                             

(၂) ဓာတုနှင့် ဇီဝကမ္မ ဓာတ်ပြုမှုများ

 ကျွန်ုပ်တို့ စားလိုက်သောအစား အစာများ (အသားဓာတ်၊ အဆီဓာတ်နှင့် ကစီဓာတ်များ)ကို ဇီဝဓာတုဖြိုခွဲခြင်းတွင် ရေရှိမှဖြစ်နိုင်သည်။                                           

(၃) အာဟာရဓာတ်များ သယ်ယူပို့ဆောင်ခြင်းနှင့် အညစ်အကြေးများစွန့်ထုတ်ခြင်း   

 ရေသည်သွေး၏ အဓိက ပါဝင်ပစ္စည်းဖြစ်သည်။သွေးသည် အာဟာရဓာတ်ကို လိုအပ်သောနေရာ သို့ ပို့ဆောင်ပေးသည်။ ကျောက်ကပ်သည် ခန္ဓာကိုယ်မှအညစ်အကြေးများကို ဆီးထဲတွင်စွန့်ထုတ်
သည်။ ဆီး၏ အဓိကပါဝင်ပစ္စည်းသည် ရေဖြစ် သည်။                                                                                                                       

(၄) ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးခြင်း   

 ခန္ဓာကိုယ်အပူချိန်တက် လာသောအခါ၊ ချွေးထွက်၍ အငွေ့ပြန်စေခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကို ကျစေသည်။ ချွေး၏ အဓိကပါဝင်ပစ္စည်းသည် ရေဖြစ်သည်။

ရေသည် တစ်သျှူးများကို စိုစွတ်စေသည်။ (အထူးသဖြင့် ခံတွင်းမျက်စိနှင့်နှာခေါင်း၊ ခန္ဓာကိုယ်၏ အင်္ဂါများ နှင့် တစ်သျှူးများကို ကာကွယ်ပေးသည်။ အရိုးအဆစ်များ၏ လှုပ်ရှားမှုများကို ချောမွေ့စေသည်။ ကျောက်ကပ်
နှင့် အသည်းပေါ်တွင် ဝန်ထုပ်ဝန်ပိုးကိုလျော့စေသည်။ ဝမ်းမချုပ်အောင်ကာကွယ်ပေးသည်။ အစာချေရာတွင် ပါဝင်ကူညီပေးသည်။ သွေးထဲတွင် ရေလုံလောက်စွာရှိမှ သွေးထုထည်ပုံမှန်၊ သွေးဖိအား ပုံမှန်ဖြစ်၍
ကျန်းမာရေးအတွက် အထောက်အကူပြုသည်။ ရေဓာတ်ခန်းခြောက်ခြင်းမှ ကာကွယ်ပေးသည်။

ရေဓာတ်ချို့တဲ့ခြင်း

ခန္ဓာကိုယ်တစ်ခုလုံးရှိ ရေဓာတ်များခန်းခြောက်၍ ဇီဝကမ္မဖြစ်စဉ်များ ရပ်တန့်သွားခြင်းကို ရေဓာတ်ချို့တဲ့ ခြင်းဟု ခေါ်သည်။ ငါးရာခိုင်နှုန်းမှ ရှစ်ရာခိုင်နှုန်းချို့တဲ့ လျှင် နုံးခွေ၍ ခေါင်းမူးလာမည်။ ၁ဝ ရာခိုင်နှုန်း အထက်ချို့တဲ့လျှင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများဖြစ်လာပြီး ရေအလွန်ငတ်လာမည်။ ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းထိ ရေဓာတ်ချို့တဲ့လျှင် အသက်သေဆုံးနိုင်သည်။ ရေဓာတ်ချို့တဲ့ရခြင်း အကြောင်းရင်းများ
တွင် ဝမ်းပျက်ဝမ်လျှောခြင်း၊ အန်ခြင်း၊ ဆီးလွန်ခြင်း၊ ချွေးထွက်လွန်ခြင်းတို့ပါဝင်သည်။ ထို့ပြင် မည်သည့်ရောဂါမဆို၊ ခန္ဓာကိုယ် ရေဓာတ်ထိန်းညှိခြင်းစနစ် (Body Water Balance) ကိုထိခိုက်လျှင် ရေဓာတ်ချို့တဲ့နိုင်သည်။

ကာကွယ်ခြင်း

(၁) ရေကိုလုံလောက်စွာ မှန်မှန်သောက်ရမည်။ရေဆာ
သည်အထိ မစောင့်သင့်၊ တစ်နေ့လျှင် အနည်းဆုံး ၁ ဒသမ ၅ လီတာ သောက်သင့်သည်။                                                                                               

(၂) ပူအိုက်သောအချိန်၊ အားကစားလုပ်သောအချိန် များတွင် ရေကို ပိုသောက်ရမည်။   

(၃) ချွေးထွက်လွန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အန်
ခြင်း၊ဆီးလွန်ခြင်းများရှိပါက ရေဓာတ်သာမက ဆားဓာတ်များပါ ဆုံးရှုံးသဖြင့် ရေနှင့် ဓာတ်ဆားပါ သောအရည် (ဥပမာ၊ ဓာတ်ဆားရည်၊ သီးစုံ
ဓာတ်ဆား) စသည်တို့ကို များများ သောက်ပေးရမည်။လိုအပ်ပါက(ဥပမာ သွေးပေါင်ချိန် အလွန် ကျလျှင်) ဆရာဝန်က ရေနှင့်ဓာတ်ဆား အကြော ဆေးပုလင်းကြီးသွင်းပေးရသည်။

ရေဓာတ်လွန်ကဲခြင်း

ပုံမှန်အားဖြင့် ရေဓာတ်လွန်ကဲမှု ဖြစ်ခဲပါသည်။ အထူးသဖြင့် အားကစားသမားများတွင်လည်းကောင်း၊ ကျောက်ကပ်မကောင်းသူများတွင်လည်းကောင်း၊ နှလုံးရောဂါ၊ အသည်းရောဂါရှိသူများတွင်လည်းကောင်း၊ လမစေ့ဘဲမွေးသော ကလေးများတွင်လည်းကောင်း၊ စိတ်ကျရောဂါကုဆေး သောက်နေရသူများတွင်လည်း ကောင်း ရေဓာတ်လွန်ကဲခြင်းဖြစ်တတ်သည်။ပစ်ကျူထရီဂလင်းမှ ဗေဆိုပရက်စင်ခေါ် ဟော်မုန်းကို လိုသည်ထက် ပိုထုတ်လျှင်လည်း ရေဓာတ်လွန်ကဲမှုဖြစ်တတ်သည်။ ဦးနှောက်ဆဲလ်များသည် ရေဓာတ်လွန်ကဲမှုကို ထိခိုက်လွယ်သည်။ ပျို့အန်ခြင်းနှင့် လမ်းကို
တည့်အောင် မလျှောက်နိုင်ခြင်းလက္ခဏာများဖြင့် စ၍ ပိုဆိုးလာသောအခါ ကယောင်ချောက်ချားဖြစ်ခြင်း၊တက်ခြင်း၊ သတိမေ့ခြင်းနှင့် သေဆုံးခြင်းများ ဖြစ်တတ် သည်။

ရေနှင့် ကျန်းမာရေး၏ အဓိကအချက်များ

(၁) ရေဓာတ်မချို့တဲ့အောင် ရေမှန်မှန်သောက်ဖို့ လိုသလို ရေဓာတ်မလွန်ကဲအောင်လည်း ဂရုစိုက် ရမည်။                     

(၂) အခြားသူများက ရေများများ  သောက်လျှင် ကျန်းမာရေးကောင်းသည်ဆိုတိုင်း ပုံသေမမှတ်သင့်။ ကျောက်ကပ်မကောင်းသူများ၊ နှလုံးရောဂါ၊ အသည်းရောဂါရှိသူများနှင့် ရေတိမ်ရောဂါရှိသူများတွင် ရေများများသောက်ပါက ရောဂါပိုဆိုးနိုင်သည်။                                                                                     

(၃) ရေဓာတ်လွန်ကဲခြင်းမဖြစ်အောင် ရေကို လျှော့သောက်ရုံသာမက 'ဆား' များကိုပါ စားသုံးမှုပမာဏ လျှော့ရမည်။ ဆားဓာတ်သည် ရေနှင့်
အရည်များကို ဆွဲယူတတ်သောကြောင့်ဖြစ်သည်။

'ဆား' ဟုဆိုရာတွင်၊ 'ငန်သောဆား' နှင့် 'မငန်သောဆား' ဟူ၍ နှစ်မျိုးရှိသည်။ 'ငန်သောဆား' ပါဝင်သော အစားအစာများမှာ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် စသည်တို့ဖြစ်သည်။ 'မငန်သောဆား' ပါဝင်သော အစားအစာများမှာ ဆိုဒါ(မုန့်ဖုတ်ဆိုဒါ) ပါဝင်သော ထပ်တရာ၊ အီကြာကွေး၊ ပလာတာ စသည့်မုန့်အမျိုးမျိုး၊ ကြာရှည်ခံဆား (Preservatives) ပါဝင်သော အစားအစာများ၊ အချိုမှုန့်၊ အသားမှုန့်စသည်တို့ပါဝင်သည်။

'ဆား' များသော အစားအစာများသည် သွေးကိုတိုး
စေသည်။ နှလုံးရောဂါရှိသူများတွင် ပို၍ မောစေ၊ ဖော
စေသည်။ အသည်းရောဂါရှိသူများတွင် ရေဖျဉ်းပိုတင်း လာစေသည်။ကျောက်ကပ်မကောင်းသူများတွင် ပို၍ ဖောစေသည်။ မျက်စိရေတိမ်ရောဂါရှိသူများတွင် မျက်စိရေချိန်တက်၍ မျက်စိကွယ်စေနိုင်သည်။ အငန်
ရှောင်ရုံနှင့်မလုံလောက်ဘဲ မငန်သောဆားများပါရှောင် သင့်သည့် သဘောပင်ဖြစ်ပေသည်။

စိတ်ဖိစီးမှုနှင့် ကျန်းမာရေး

ကျန်းမာသက်ရှည်ခြင်း၏ လျှို့ဝှက်ချက်များစွာရှိ
သည့်အနက် အရေးကြီးသည့် အချက်တစ်ချက်မှာ စိတ်
ဖိစီးမှု ကင်းဝေးရေးဖြစ်ပါသည်။ ကိုယ်ခန္ဓာကျန်းမာ
နေ၍ 'စိတ်သွာတိုင်းကိုယ်ပါ' သော်လည်း စိတ်ဖိစီးမှု များပါက 'စိတ်ထောင်းတော့ ကိုယ်ကြေ' ဖြစ်ကာ ကိုယ့်
ခန္ဓာကျန်းမာရေးကို ထိခိုက်နိုင်ပြန်သည်။ ထို့ကြောင့်
'စိတ်သာရှင်စော ဘုရားဟော' ဆိုသည့်အတိုင်း ကိုယ့်
စိတ်ကို ကိုယ်သိဖို့၊ စိတ်ထားတတ်ဖို့လိုသည်။ 'စိတ် ထားတတ် မြတ်သည်' ဆိုတာထက်၊ စိတ်ထားတတ် လျှင် နှလုံးသွင်းတတ်လျှင် (ယောနိသော မနသီကာ
ရ) အရာရာကို သိပ်မခံစားရတော့ဘဲ စိတ်မဆင်းရဲရ
တော့ဘဲ 'နေတတ်လျှင် ကျေနပ်စရာ' တွေ တစ်ပုံတစ်ပင်
နှင့် စိတ်ဖိစီးမှုကင်းဝေးကာ ဘဝတွင်အနေပျော်မည် ဖြစ်ပေသည်။

လောကတွင် လောကဓံတရားရှစ်ပါးရှိသည်ကို အစဉ်အမြဲ အောက်မေ့မှ နှလုံးသွင်းတတ်မည်ဖြစ်သည်။ 'ကောင်း' လေးပါးဖြစ်သော လာဘ်လာဘရခြင်း၊ အြေ>ွခ
အရံပေါများခြင်း၊  ချစ်ခင်နှစ်သက်သူနှင့်  ပေါင်းဖော်ရ ခြင်း၊ ချမ်းသာသုခရခြင်းလေးပါးကို  အမြဲကြုံတွေ့
နေရမည် မဟုတ်သည်ကို သိရမည်။ တစ်ခါတစ်ရံ
'မကောင်းလေးပါးဖြစ်သော  လာဘ်လာဘမရခြင်း၊ အခြွေအရံနည်းပါးခြင်း (အထီးကျန်ဆန်ခြင်း)၊ ချစ်ခင်
နှစ်သက်သူနှင့် ကွေကွင်းရခြင်းနှင့် ဆင်းရဲဒုက္ခများ
လည်း ကြုံတွေ့ တတ်ကြောင်း သိထားရမည်။ သို့မှသာ ရုတ်တရက်ကြုံတွေ့လာပါက မအံ့သြ၊ မထိတ်လန့်ဘဲ စိတ်ဆင်းရဲမှု နည်းပါးမည်ဖြစ်ပေသည်။

'ကြမ်းပေါက်ကျွံလျှင် နုတ်၍ရ၏၊ စကားကျွံလျှင် နုတ်၍မရ' ဆိုသည့်အတိုင်း စကားတိုင်းကို စဉ်းစား
ချင့်ချိန်ပြီးမှ  ပြောသင့်သည်။ မဆင်မခြင်ပြောမိသော
ကြောင့် ပြဿနာတက်၍ စိတ်ဖိစီးမှုများရုံသာမက အရှက်တကွဲ အကျိုးနည်း၍ ဘဝပျက်သည်အထိ ဖြစ်နိုင်
သည်။ ရှက်လွန်းမကရှက်သောကြောင့် စိတ်ကျရောဂါ
ဖြစ်၍ ကိုယ့်ကိုယ်ကိုယ် သတ်သေလောက်သည်အထိ
ဖြစ်နိုင်သည်။

ထို့ကြောင့် မသိလျှင် မသိဘူး၊ မတတ်လျှင် မတတ်ဘူး၊
မကျွမ်းကျင်လျှင် မကျွမ်းကျင်ဘူး၊ အမှန်အတိုင်း အရှိ
အတိုင်း ပြောရုံသာ။ မသိဘဲနှင့် သိသယောင်၊ မတတ်
ဘဲနှင့် တတ်သယောင်၊ မကျွမ်းကျင်ဘဲနှင့် ကျွမ်းကျင် သယောင် လုပ်ခြင်း၊ ချော်လဲရောထိုင်ခြင်းနှင့် လော
လောဆယ် အဆင်ပြေလျှင်ပြီးရော သဘောထားခြင်း၊ မုသားစကားပြောခြင်းများပြုပါက ယခု အရှက်မကွဲ
သော်လည်း နောင်တစ်ချိန် အမှန်အတိုင်းသိသွားသော အခါ ပို၍ အကြီးအကျယ် အရှက်ကွဲမည်ဖြစ်ပေသည်။ဤကဲ့သို့ မသိ၊ မတတ်၊ မကျွမ်းကျင်ဘဲ အယောင်ဆောင်
မိခြင်းသည် မိမိကို သူတစ်ပါးအထင်သေးမှာ ကြောက်
သောစိတ်ကြောင့် ဖြစ်ရသည်။ မသိလျှင်မသိဘူး ပြောရ
မှာ မရှက်ပါနှင့်၊ မတတ်လျှင် မတတ်ဘူးဖြေရမှာ မရှက်
ပါနှင့်၊ မကျွမ်းကျင်လျှင် မကျွမ်းကျင်ဘူးပြောရမှာ မကြောက်သင့်။

'စကားများ အမှားပါ' ဆိုသည့်အတိုင်း  စကားများ
များပြောလျှင် အမှားပါတတ်သည်။ ထိုစကားအမှား
ကြောင့် ပြဿနာဖြစ်လျှင် ပြဿနာ အကြီးအငယ်
အလိုက်ပြောမိသူ  ဒုက္ခဖြစ်ရသည်။ ဖြေရှင်းရသည်၊
စိတ်ဖိစီးမှုများရသည်။  မိမိနှင့်မဆိုင်သောကိစ္စ၊ အလှမ်း
ဝေးသောကိစ္စ၊ မကျွမ်းကျင်သော ဘာသာရပ်တွင် ဝင်ရောက် ပြောဆိုဆွေးနွေးခြင်း၊ ဝေဖန်ခြင်းမပြုအပ်၊
ပြုလျှင် အမှားပါဖို့ ပြဿနာတက်ဖို့များသည်။

စာရေးသူ၏ ဆရာရင်းဖြစ်သော ခွဲစိတ်အထူးကု ဆရာဝန်ကြီးနှင့် ပါမောက္ခကြီးတစ်ဦးဖြစ်သူ ဆရာကြီး
တစ်ဦးက အော်တိုမှတ်တမ်းစာအုပ်တွင် ဆုတောင်း
သုံးခုရေးပေးဖူးပါသည်။ (ဘုရားသခင်သို့ တိုင်တည်
လျက် (၁) မိမိလက်လှမ်းမီသောကိစ္စ (မိမိတတ်နိုင်
သောကိစ္စ) နှင့် မိမိလက်လှမ်း မမီသောကိစ္စ (မိမိမတတ်
နိုင်သောကိစ္စ) နှစ်ခုကို ခွဲခြားနိုင်သော ဥာဏ်စွမ်းကို ပေးသနားတော်မူပါ။ (၂) မိမိတတ်နိုင်သော ကိစ္စ (လက်လှမ်းမီသောကိစ္စ)များကို ခြင်္သေ့ကဲ့သို့ ရဲရင့်သော စိတ်ထားဖြင့်  စွမ်းစွမ်းတမံ  အောင်မြင်အောင် လုပ်
ဆောင်နိုင်သော စွမ်းအားကို ပေးသနားတော်မူပါ။             
(၃)မိမိမတတ်နိုင်သောကိစ္စ (လက်လှမ်းမမီသောကိစ္စ)များကို မလုပ်ပေးနိုင်သောအခါ၊ မလုပ်ပေးနိုင်ခြင်း အတွက် စိတ်ဆင်းရဲမှုမှ ကင်းဝေးအောင် စောင်မတော်မူ
ပါဟူ၏။

မိမိတတ်နိုင်သလောက် အလုပ်ကိုသာ  နိုင်နင်းအောင်
လုပ်သင့်သည်။ 'အလုပ်လောဘ' ကြီးလျှင် မနိုင်ဝန်ပိ၍
ကျန်းမာရေးထိခိုက်ရုံသာမက စိတ်ဖိစီးမှုပါ များလာ
နိုင်ပေသည်။ မတတ်နိုင်သောအလုပ်ကိုလည်း မလုပ်
ပေးနိုင်ရကောင်းလားဟု စိတ်ဆင်းရဲခြင်းမဖြစ်သင့်။

စိတ်ဖိစီးမှုဆိုသည်မှာ လိုအပ်ချက်တစ်ခု အဖြစ်
အပျက်တစ်ခုကို သင်၏ ဦးနှောက်နှင့် ခန္ဓာကိုယ်က
တုံ့ပြန်ချက်ပင်ဖြစ်သည်။ စိတ်ဖိစီးမှုဖြစ်လျှင် ခေါင်းကိုက် ခြင်း၊ အစာအိမ်နာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အိပ်မပျော်
ခြင်း လက္ခဏာများကိုကြုံရတတ်သည်။ ရောဂါအခံ ရှိ
လျှင် ရှိရင်းစွဲရောဂါကို ပိုဆိုးစေသည်။ စိတ်ဖိစီးမှုများ သောအခါ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း
များကိုပြုတတ်သည်။ ထိုအရာများသည် စိတ်ဖိစီးမှုကို မလျော့ပါးစေရုံသာမက ခန္ဓာကိုယ်ဖိစီးမှုကို ပိုများစေ
ပြီး ပြဿနာပိုစေသည်။ စိတ်ဖိစီးမှုကြောင့် အရွယ်ရောက်
ပြီးသူများ၏ ၄၃ ရာခိုင်နှုန်းသည် ကျန်းမာရေး ထိခိုက်
သည်။ ဆေးခန်းများတွင် ဆရာဝန်လာပြသူများ၏ ၇၅ ရာခိုင်နှုန်းမှ ၉ဝရာခိုင်နှုန်းသည် စိတ်ဖိစီးမှုနှင့် ဆိုင်သော ပြဿနာများဖြစ်နေသည်။ ခေါင်းကိုက်
ခြင်း၊ သွေးတိုးခြင်း၊  နှလုံးပြဿနာများ၊ ဆီးချိုသွေးချို၊ အရေပြားရောဂါများ၊ ပန်းနာရင်ကျပ်ရောဂါ၊ အဆစ် အမျက်ရောင်ရောဂါ၊ စိတ်ကျရောဂါနှင့် စိုးရိမ်မှုလွန် ကဲသော ရောဂါများဖြစ်ရခြင်းတွင် စိတ်ဖိစီးမှုသည် ပါဝင်ပတ်သက်နေသည်။

ဗုဒ္ဓတရားလက်ကိုင်ထား

ဗုဒ္ဓဘုရားဟောကြားဆုံးမခဲ့သော တရားတော်များ သည် စိတ်ဖိစီးမှုကို လျော့စေသည်။ စိတ်ဖိစီးမှု သက်သာ
ပျောက်ကင်းစေရုံမက   စိတ်ဖိစီးမှုအပါအဝင်  ဒုက္ခ
အားလုံးချုပ်ငြိမ်းရာ ချမ်းသာအစစ်အမှန် မြတ်နိဗ္ဗာန် အထိပင်ရောက်နိုင် မျက်မှောက်ပြုနိုင်ပါသည်။

ရွှေဟင်္သာ ဆရာတော်ကြီးက မိန့်ဖူးသည် 'ခနိုးခနဲ့
ဆိုကဲ့ရဲ့လည်း၊ မဖဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့' ဟူ၍ ဖြစ်သည်။
မှန်၏။ ကိုယ့်လမ်းကြောင်းအတိုင်း ကိုယ်သွားလိုသည့်
ပန်းတိုင်ကို     စိတ်ကောင်းနှလုံးကောင်းမွေး၍ သွားရုံသာ။ ဘေးမှ မလိုမုန်းထားသူများက ခနဲ့ခြင်း၊
ကဲ့ရဲ့ပြစ်တင်ခြင်းများရှိပါက စိတ်ဖိစီးမှု မဖြစ်စေဘဲ
ဆက်လက်လျှောက်လှမ်းရုံသာဖြစ်ကြောင်း မိန့်လိုရင်း
ဖြစ်ပါသည်။ ထို့ပြင် ဆရာတော်ကြီးက 'သည်းခံနိုင်တဲ့
ကိစ္စလည်း သည်းခံပါ၊ သည်းမခံနိုင်တဲ့ကိစ္စကိုလည်း သည်းခံပါ'' ဟုမိန့်ပါသေးသည်။ သည်းခံနိုင်တဲ့ကိစ္စ သည်းခံတာ မဆန်းချေ။ ဆန်းသည်က 'သည်းမခံနိုင်
တဲ့ကိစ္စ သည်းခံရန်' ဖြစ်သည်။ မလွယ်သည့်ကိစ္စဖြစ်
၏။ စာရေးသူတို့ ရုတ်တရက် သည်းမခံနိုင်ဟု ထင်ရ
သော ကိစ္စများသည် ၁၅ မိနစ်ခန့် ခဏအောင့်အည်း
၍ စကားတုံ့မပြန်ဘဲ၊ လက်တုံ့မပြန်ဘဲ၊ စဉ်းစားကြည့် ပါက သည်းခံလျှင် ဖြစ်နိုင်သောကိစ္စများ ဖြစ်နေတတ် သည်ကို တွေ့ကြရမည်ဖြစ်ပါသည်။

မြတ်စွာဘုရား ကိုယ်တော်တိုင်ပင် ပစ္စကပရိဗိုဇ်က
ပြင်းပြင်းထန်ထန်   ကဲ့ရဲ့ပြောဆိုသောအခါ   မြတ်စွာ
ဘုရားက  ''အသင်ပြောလို့ ပြီးပြီလား၊ ပြီးလျှင် သင့်
စကားများကို သင်ပြန်ယူသွားပါတော့၊ အကျွန်ုပ်
မယူပါ'' ဟု ပြန်ပြောခဲ့လေသည်။ ကိုယ်က မှန်နေရန်
သာလိုသည်။ မည်သို့ပင် ကဲ့ရဲ့ပြစ်တင်ပါစေ ဒေါသထွက်
စရာမလို၊ ခွန်းတုံ့ပြန်စရာမလို၊ စိတ်လှုပ်ရှားစရာမလို သို့ဆိုလျှင် စိတ်ဖိစီးမှုလည်းဖြစ်ဖွယ်ရာမရှိပြီ။  ။

ဒေါက်တာဇော်ထွန်းလင်း   ဆေးပညာမဟာသိပ္ပံ

No comments:

Post a Comment