Latest News

Friday, August 31, 2018

အမေ့ခံ အနွယ်တော်များ


ဒီနေ့မနက် ရန်ကုန်က အကိုကြီး နဲ့ တူမလေးတွေ နဲ့ချိန်းပြီး အရင်က အကိုကြီး ပြောထားတဲ့ ခရီးတခုသွားဖြစ်ခဲ့ပါတယ် ။ အဲဒါ ကတော့ ၅ ထပ်ကြီး ၊ ၆ ထပ်ကြီးနဲ့ ကိုးထပ်ကြီး ဘုရား ၃ ဆူကို တမနက်ထဲ လှည့်ပတ်ဖူးဘို့ပါ။

မနက် ၁၀ နာရီလောက်ကစထွက်ပြီး နေ့လယ် ၂ နာရီလောက် အခန်းပြန်ရောက်ပါတယ် ။ နေ့လယ်စာကိုတော့ လမ်းသင့်ရာ အောင်သုခ မှာ ဝင်စားကြတယ် ။

ဒီနေ့သွားခဲ့တဲ့ ခရီးမှာ မှတ်မှတ်ရရ ပြောပြချင်တာကတော့ ငါးထပ်ကြီး ဘုရား ဝိုင်းထဲက ဆွေတော်မျိုးတော်များ သင်္ချိုင်း အကြောင်းပါ ။ ၅ ထပ်ကြီးဘုရားကနေ အနောက်ဖက်ကို ဆင်းတဲ့ တနေရာ ကျောင်းကြိုကျောင်းကြား စောင်းတန်းဟောင်း တခုနဘေးမှာ မြန်မာဘုရင်ရဲ့ အနွယ်တော်တွေကို မြှုပ်နှံခဲ့တဲ့ ဆွေတော်မျိုးတော်များ သင်္ချိုင်း ဆိုတာ ရှိနေတာကို ရန်ကုန်ကလူ ဘယ်နှစ်ဦး လောက်များကြားဘူးကြပါမလဲလို့ တွေးမိပါတယ် ။
ကျွန်တော်က သမိုင်းစာရေးဆရာ ထားဝယ်ဦးသန်းဆွေ ရေးတဲ့ စာအုပ်တွေ ဖတ်ရင်း ဒီနေရာမှာ ဒီသင်္ချုင်း ရှိတာ သိခဲ့ရတာပါ ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က တခါရောက်ဖူးလို့ ဒီနေ့ဘုရားသွားရင်း အဲဒီ နေရာကို ထပ်သွားခဲ့ပါတယ် ။ ဘုရားဂေါပက လူကြီးတဦးကို မေးတော့ သူက လမ်းညွှန်ပြပါတယ် ။ အနောက်မုဒ်အတိုင်းထွက် တောင်ပိုင် ဘိုးဘိုးကြီး ရုပ်ထုအလွန် ပေါ်တော်မူ ဘုရားလွန်ရင် အုတ်လှေကား စောင်းတန်း တွေ့မယ် အဲဒီ အတိုင်းဆင်းသွား လို့ လမ်းညွှန်လိုက်ပာတယ် ။ ပေါ်တော်မူဘုရားအလွန်မှာ လမ်းပျောက်ပြီး ဆက် မသွားတတ်တော့လို့ ဇရပ်တခုထဲက ဘုန်းကြီး တပါးကို ထပ်မေးရသေးတယ် ။ အဲဒီနေရာက ဘုရားဖူး အသွားအလာ မရှိတော့တဲ့ အုတ်စောင်းတန်း တခု မို့ ကျူးကျော်တဲတွေ အများကြီးပါ ။ ခွေးတွေကလည်း တအုပ်ကြီးပါ ။ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ ဟန်မပျက် တယောက်ထဲ ဆက်သွားရတယ် ။ ကားထဲမှာ ဖိနပ် ထားခဲ့တာမို့ မြေကြီးနဲ့ကျောက်ခဲပေါ် မညီမညာ လျှောက်ရင်း..အင်း သံဃာတော်များ နေ့တိုင်း ဒီလို ဖိနပ်မပါဘဲ ဆွမ်းခံကြရတာ ၊ ငါကတနေ့တလေပဲလေ လို့ အောက်မေ့လိုက်ပါတယ် ။ အကိုကြီးနဲ့ တူမလေး တို့ကတော့ ဘုရားပေါ်က စောင့်ရစ်တယ် ။

ဆွေတော်မျိုးတော်များ ဂူတွေ အပေါ်မှာ အခု ကျူးကျော် အိမ်တွေ ပွနေအောင် ဆောက်ထားကြပါတယ် ။ စားအိုးစားခွက် ရေပုံး စည်ပိုင်း လှမ်းထားတဲ့ အဝတ်တန်း စတဲ့ အသုံးအဆောင် တွေ ကြားထဲက ရေညှိတွေတက် နေတဲ့အုတ်ဂူတွေကို မနည်းကြည့်ယူရပါတယ် ။ တချို့ ဂူတွေက ကွဲအက်နေကြပြီ ။ ဂူတလုံးကတော့ မြေထဲကျွံကြပြီး စောင်းနေတယ် ။ တချို့ဂူတွေက ကျူးကျော် အိမ်တွေအထဲမှာ စားပွဲ သဖွယ် ရောက်နေပါပြီ ။

ကျွန်တော်လည်း တတ်နိုင်သလောက် ဖယ်ရှားပြီး ဓာတ်ပုံလေးတွေ ရိုက်ယူခဲ့ပါတယ် ။ ပြီးခဲ့တဲ့ ၁၀ နှစ်က ရောက်တုန်းက ဒီနေရာမှာ တဲအိမ် ၂ လုံး ၃ လုံးသာရှိပြီး ဂူတွေအတော်များများဟာ မြင်သာတဲ့နေရာမှာ ရှိနေခဲ့ကြပါသေးတယ် ။ သစ်ပင်ချုံနွယ်တွေဘဲ များတာပါ ။ အခုတော့ ကျူးကျော် လူနေရပ်ကွက် တခုရဲ့ ဝါးမျိုမှုဒါဏ်ကို ခံနေရပါပြီ ။

နောက်ဆုံး တခေါက်လာတုန်းကတွေ့ခဲ့တဲ့ 'မင်းတပ်ထိပ်ခေါင်တင် သက်တော် ၁၀၂ နှစ်' ဆိုတဲ့ ဂူ အခုလုံးဝရှာမတွေ့ တော့ပါဘူး ။ မင်းတပ်ထိပ်ခေါင်တင် ဆိုတာ မင်းတုန်းမင်းနဲ့ ခုနှစ်ရွာ မိဖုယား တို့ရဲ့ သမီးတော် ၊ သုံးဆယ်မင်းသားကြီးတို့ ၊ ပင်လယ် မင်းသားတို့ရဲ့ နှမတော် အငယ်ဆုံးပါ ။ မင်းတုန်းမင်းရဲ့ သားတော်သမီးတော်တွေထဲမှာ ( ၁၉၆၂ က) နောက်ဆုံးရန်ကုန်မှာ နတ်ရွာစံတဲ့ သမီးတော်ပါ ။

ခုထိရှိနေသေးတာကတော့ ညောင်အုပ်မင်းသား အနွယ်တော် ၊ ပင်လယ်မင်းသား အနွယ်တော် နဲ့ သူတို့ရဲ့မိသားစုတွေ ရဲ့ ဂူတွေပါ ။ ရေညှိတွေကြား မှာ ပျက်စီးနေပေမယ့် ကျောက်ပြားတွေပေါ်က ကမ္ပည်းစာတွေကိုတော့ ဖတ်လို့ရပါသေးတယ် ။

ဒီအုတ်ဂူတွေဟာ ဒီအခြေအနေအတိုင်းသါဆိုရင် နောင် ၁၀ နှစ်လောက်မှာ အကုန် ပျက်စီး ပျောက်ကွယ်သွားတော့မယ့်အနေမှာရှိနေပါတယ် ။ ဒီ ပုဂ္ဂိုလ် တွေရဲ့ သားသမီးမြေးမြစ်တွေ ရော ဘယ်ဆီမှာ ရှိနေကြတယ် ဆိုတာလည်း စဉ်းစားကြည့်မိပါတယ် ။ သူတို့ အဖိုးအဖွားများ အုတ်ဂူတွေ ၅ ထပ်ကြီးဘုရား တနေရာမှာ ရှိနေကြသေးတာကို သိမှ သိကြပါလေစ ။ သိပေမယ့်လည်း အကြောင်း အမျိုးမျိုးကြောင့် မပြုပြင်နိုင်ကြတာလား စတဲ့အတွေးတွေ နဲ့ ကျွန်တော် စိတ်မကောင်းစွာ ကြည့်ခဲ့မိပါတယ် ။

ဒီ ကျူးကျော်တဲတွေကြားထဲမှာ အိုးတွေခွက်တွေ ရေပုံးတွေ အဝတ်လှမ်းတန်းတွေကြားမှာ ရှိကြတဲ့ ဂူတွေထဲက ပုဂ္ဂိုလ် တွေဟာ တချိန်က ရွှေထီးရွှေနန်းဖွား လျှမ်းလျှမ်းတောက်ခဲ့ကြတဲ့ ဘုရင့် သမီးတော် သားတော် မြေးတော် တွေပါ ။
အင်္ဂလိပ်ကမြန်မာပြည်ကို သိမ်းစဉ်က မင်းတုန်းမင်းရဲ့ မိဖုယား သားတော် သမီးတော် မြေးတော် တွေကို နိုင်ငံရေးအရ မန္တလေး နေပြည်တော်နဲ့ဝေးရာ သူတို့လက်အောက်ဖြစ်တဲ့ ရန်ကုန်ကို ပို့ခဲ့ပါတယ် ။ ဒါကြောင့် ဆွေတော်မျိုးတော်များ ဟာ ရန်ကုန်မှာ ကံတော်ကုန်ကြတာများပါတယ် ။ ဟိုတုန်းကတော့ ကွယ်လွန်ကြသမျှ ဆွေတော်မျိုးတော်များ ကို ဒီမှာ ဘဲ မြှုပ်ကြလေမလား ၊ သင်္ချိုင်း က ခုထက်များကြီးခဲ့အုန်းမလားလည်း မဆိုနိုင်ပါဘူး ။

နိုင်ငံခြားမှာဆိုရင် မင်းမျိုးမင်းနွယ်တွေ မဆိုထားနဲ့ သာမန် သူဌေးသူကြွယ် တွေတောင် သူတို့ မိသားစုသင်္ချိုင်းကို တရိုတသေ ဂုဏ်ယူစွာ ထိန်းသိမ်း စေါင့်ရှောက်ထားတတ်ကြတာပါ ။ မင်းမျိုးမင်းနွယ်တွေ သင်္ချိုင်း ဆိုရင်တော့မပြောပါနဲ့တော့ ၊ အင်မတန်ကို ခမ်းခမ်းနားနား ထားကြပါတယ် ။

ကျွန်တော်တို့ မြန်မာပြည်မှာ ဒီအုတ်ဂူတွေကို ထိန်းသိမ်းမယ့်သူမရှိပါဘူး ။ ဘုရား အုတ်စောင်းတန်း အဟောင်း တနေရာက ကျူးကျော် တဲတွေကြားမှာ အင်မတန် မလှမပ ဂုဏ် ငယ်စွာ ရှိနေပါတယ် ။ မကြာခင်လုံးဝ ပျက်စီး သွားတော့မှာပါ ။

ဒါတွေဟာ ရှေးဟောင်းသုတေသနဌာန လက်အောက်မှာ ရှိသင့်သလား ၊ အဲဒီ ဌာနက တာဝန်ယူပြီး ထိန်းသိမ်း သင့်သလား ကျွန်တော် မပြောတတ်ပါ ။ မြန်မာပြည် အစိုးရအနေနဲ့ ဆင်းရဲပျက်စီးနေတဲ့ မြန်မာပြည်ကို မနည်း ရုန်းကန်ပြီး ရှေ့ ဆက်သွားနေရချိန်မှာ ဒီဂူတွေကို ထိန်းသိမ်း ဖို့ထက် အဆပေါင်းများစွာ အရေးကြီးတဲ့ အခြားသော တာဝန်တွေ ထမ်းနေရပါတယ် ။

ဒီဂူတွေကို ဘာကြောင့် ထိန်းသိမ်းသင့်သလဲ ၊ ဘာများ အဖိုးတန်လို့လဲ ၊ ဘယ်သူက စိတ်ဝင်စားမှာလဲ လို့ မေးနိုင်ပါတယ် ။ လူမျိုးတိုင်းမှာ မမေ့သင့်တဲ့ သမိုင်းဆိုတာရှိနေတာပဲလေ ။ ဒီဂူတွေဟာလည်း မြန်မာ့သမိုင်းရဲ့ အစိတ်အပိုင်း တခုပါပဲ ။
လောကမှာ ဘယ်အရာမှ မမြဲဘဲ ပျက်စီးတတ်တဲ့ တရားသဘော ရှိပေမယ့် ကျွန်တော်ကတော့ သမိုင်းကို စိတ်ဝင်စားသူမို့ ၅ ထပ်ကြီးဘုရားဝိုင်းထဲက ပျက်စီးနေတဲ့ ဆွေတော်မျိုးတော်များ ဂူတွေကို ဝမ်းနည်း စိတ်မကောင်းစွာ ကြည့်ပြီး ပြန်ခဲ့ရပါတယ် ။

လှဘူး













No comments:

Post a Comment