သွားနဲ့ခံတွင်းကျန်းမာရေးဟာ ခန္ဓာကိုယ်ရဲ့ကျန်းမာရေးနဲ့ ဆက်စပ်နေတယ်ဆိုတာ ပြည်သူလူထု သိစေချင်ပါတယ်
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာရွှေတိုး
(၁၃)ကြိမ်မြောက် မဲခေါင်မြစ်ဝှမ်း ဒေသတွင်းနိုင်ငံများ သွားဘက်ဆိုင်ရာ ဆေးပညာပူးပေါင်းဆောင်ရွက်မှုညီလာခံ (13th International Dental Collaboration Mekong River Region Congress-IDCMR) ကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ သြဂုတ် ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ကျင်းပသည်။
ညီလာခံကို မဲခေါင်မြစ်ဝှမ်း ဒေသတွင်းနိုင်ငံများ တစ်နှစ်လျှင်တစ်ကြိမ် အိမ်ရှင်အဖြစ် အလှည့်ကျတာဝန် ယူ ကျင်းပခြင်းဖြစ်ပြီး ယခု(၁၃)ကြိမ်မြောက် မဲခေါင် မြစ်ဝှမ်းဒေသတွင်းနိုင်ငံများ သွားဘက်ဆိုင်ရာ ဆေးပညာ ပူးပေါင်းဆောင်ရွက်မှု ညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်သည်။ ညီလာခံသို့ မြန်မာ၊ထိုင်း၊လာအို၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့မှ သွားဘက် ဆိုင်ရာ ဆေးပညာရှင်များတက်ရောက်ကြပြီး နှစ်ရက်တာ ကျင်းပခဲ့သည်။
(၁၃)ကြိမ်မြောက် မဲခေါင်မြစ်ဝှမ်း ဒေသတွင်းနိုင်ငံ များ သွားဘက်ဆိုင်ရာ ဆေးပညာပူးပေါင်းဆောင်ရွက်မှု ညီလာခံLocal Organization Committee ဥက္ကဋ္ဌ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာရွှေတိုးကို ယခုကဲ့သို့ တွေ့ဆုံမေးမြန်းခဲ့သည်။
မေး။ ။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ်
လက်ခံကျင်းပဖြစ်ပုံနဲ့ ပတ်သက်ပြီး ရှင်းပြ ပေးပါရှင့်။
ဖြေ။ ။ မဲခေါင်မြစ်ဝှမ်းဒေသတွင်းနိုင်ငံတွေက မြန်မာ၊
ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဗီယက် နမ် အဓိကခြောက်နိုင်ငံရှိပါတယ်။ နှစ်စဉ်မှာ နိုင်ငံတစ်ခုစီ က အိမ်ရှင်အဖြစ်တာဝန်ယူရတာပါ။ အခု(၁၃)ကြိမ်မြောက် မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူရတဲ့ အခွင့်အရေး ကို ရရှိတာဖြစ်ပါတယ်။
မေး။ ။ သွားဘက်ဆိုင်ရာ ဆေးပညာပူးပေါင်းဆောင်
ရွက်မှုညီလာခံက ဘယ်လို အကြောင်းအရာတွေ ကို အဓိကထားပြီး ဆွေးနွေးသွားမယ်ဆိုတာ သိချင်ပါ တယ်။
ဖြေ။ ။ ညီလာခံကို ပြည်တွင်းကိုယ်စားလှယ် ၂၁၆
ဦးတက်ပါတယ်။ ပြည်ပက ၁၂ဝ လောက်တက် ပါတယ်။ ညီလာခံနှစ်ရက်တာကာလအတွင်းမှာ Keynote Speakers အဓိကပြောမယ့်သူသုံးဦးရှိပါတယ်။ တစ်ဦးက ယူအေအီး၊ နောက်တစ်ဦးက သြစတြီးယားကပါ။ နောက် တစ်ဦးကတော့ အာဆီယံနိုင်ငံအတွင်း သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်အချင်းချင်း အသိအမှတ်ပြုရေးနဲ့ပတ်သက် ပြီး ဆောင်ရွက်နေတဲ့ ချူလာလောင်ကွန်းတက္ကသိုလ်က ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေမှာရှိတဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များအချင်းချင်း အသိအမှတ်ပြုနိုင်ရေး မူဘောင်တွေ၊ ပါးစပ်အတွင်းရှိ ပိုးမွှားတွေရဲ့ အရေးပါပုံ၊ လေဆာရောင်ခြည်ဖြင့် သွားကုသမှုတွေကို ဆွေးနွေးပို့ချ သွားမှာဖြစ်ပါတယ်။
မေး။ ။ ဒီညီလာခံက ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိ
မယ်ဆိုတာလည်း ရှင်းပြပေးပါ။
ဖြေ။ ။ မူလခြောက်နိုင်ငံမှာ အခုတော့ အင်ဒိုနီးရှား၊ မလေးရှား နောက်ပြီး အိန္ဒိယတို့ ပါလာတယ်။ အဓိကတော့ ဒီလိုညီလာခံကို အိမ်ရှင်အဖြစ် ကျင်းပနိုင်တာ မြန်မာနိုင်ငံရဲ့ပုံရိပ်ကို မဲခေါင်မြစ်ဝှမ်းဒေသတွင်းနိုင်ငံ တွေမှာ ပိုပြီးကောင်းမွန်စေပါတယ်။ နောက်တစ်ချက်က မဲခေါင်မြစ်ဝှမ်းဒေသတွင်း နိုင်ငံတွေအကြားမှာ သွားဘက် ဆိုင်ရာ ဆေးပညာပူးပေါင်းဆောင်ရွက်မှု ပိုပြီးအရှိန်အဟုန် မြှင့်ဆောင်ရွက်လာနိုင်မှာဖြစ်သလို ဒီနှစ်ညီလာခံရဲ့ ရည် ရွယ်ချက်ကိုကBringing Friendship from Mekong to Ayeyawaddy ဆိုတဲ့အတိုင်း မဲခေါင်မြစ်ဝှမ်းဒေသတွင်း နိုင်ငံတွေအတွင်းမှာ အချင်းချင်းရင်းနှီးချစ်ကြည်မှုတွေ ပိုပြီးရရှိလာမှာဖြစ်ပါတယ်။
မေး။ ။ ဒီညီလာခံနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောကြား
ချင်တာရှိရင်လည်း ပြောကြားပေးပါ။
ဖြေ။ ။ အဓိကတော့ IDCMR ရဲ့ အဖွဲ့ဝင်နိုင်ငံတွေ၊
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေအကြားမှာ မြန်မာနိုင်ငံရဲ့ပုံရိပ်က ပိုပြီးကောင်းမွန်တဲ့အတွက်ကြောင့် ဂုဏ်ယူပါတယ်။ နောက်ပြီး ပြည်တွင်း၊ ပြည်ပ ကိုယ်စား လှယ်တွေ ၃၅ဝ နီးပါး လောက်တက်ရောက်တဲ့အတွက် သွားဘက်ဆိုင်ရာ ဆေးပညာရပ်နဲ့ပတ်သက်ပြီး ပို့ချချက် တွေက အများကြီးအကျိုးရှိပါတယ်။
မေး။ ။ သွားကျန်းမာရေးနဲ့ပတ်သက်ပြီး ပြည်သူတွေကို
ဘာများစကားလက်ဆောင် ပါးချင်ပါသလဲ။
ဖြေ။ ။ လူတွေ အများစုက သွားနှင့်ခံတွင်း ကျန်းမာ
ရေးကို ဂရုမစိုက်ကြဘူး။ နေ့စဉ်နေ့တိုင်း သွား နှင့်ခံတွင်းကို အသုံးပြုနေတယ်။ သွားနှင့်ခံတွင်းမကောင်းရင် ခန္ဓာကိုယ်ရဲ့ကျန်းမာရေးလည်း ထိခိုက်တယ်ဆိုတာ ပြည်သူလူထုသိဖို့ လိုပါတယ်။ ခံတွင်းသန့်ရှင်းမှုမကောင်း ဘူး၊ ပါးစပ်ထဲမှာ ကျောက်တွေရှိမယ်၊ ခံတွင်းသန့်ရှင်းရေးကို ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းမယ်ဆိုရင် ကိုယ်ဝန် ဆောင်မိခင်တွေမှာဆိုရင် ပေါင်မပြည့်တဲ့ကလေးတွေမွေး တတ်ပါတယ်။ အဲဒီလိုပဲ သွားနှင့်ခံတွင်း သန့်ရှင်းမှုမရှိလို့ ပါးစပ်ထဲမှာ ကျောက်တွေရှိမယ်ဆိုရင် နှလုံးသွေးကြော ကျဉ်းရောဂါတွေလည်း ဖြစ်ပွားတတ်ပါတယ်။ ဒါကြောင့် သွားနှင့်ခံတွင်းကျန်းမာရေးဟာ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေး နဲ့ ဆက်စပ်နေတယ်ဆိုတာ ပြည်သူလူထုသိစေချင်ပါတယ်။ မကူးစက်တတ်တဲ့ ရောဂါတွေထဲက တချို့ဟာ ကွမ်းယာ စားတာနဲ့ဆက်စပ်မှုရှိတယ်။ ဆိုကြပါစို့ အိမ်ရှင်မ တစ်ယောက်က ကွမ်းစားတဲ့အတွက် သူက လျှာတွေထူနေ မယ်။ ဟင်းတွေကို ပေါ့တယ်၊ ငန်တယ်။ သူက မဆုံးဖြတ် တတ်ဘူး။ ဟင်းတွေက ငန်နေမယ်ဆိုရင် တစ်အိမ်လုံးက သွေးတိုးနိုင်ပါတယ်။ ကျွန်တော် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(မန္တလေး)မှာ ပါမောက္ခချုပ် တာဝန်ထမ်း ဆောင်ခဲ့တုန်းက အထက်မြန်မာပြည်က ရွာတွေကို သွား နှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှု၊ ကုသမှုသွားရောက် ပေးတဲ့အခါမှာ တချို့ရွာတွေမှာ တစ်ရွာလုံးနီးနီးသွေးတိုးတာ ကို တွေ့ရတယ်။ ကလေးတွေကအစ သွေးတိုးတယ်။ ဘာဖြစ်လို့လဲဆိုတော့ တော်တော်များများက ကွမ်းစားတဲ့ အတွက် ဟင်းတွေအကုန်လုံးက ငန်တယ်။ ဒါကြောင့် မကူးစက်တတ်တဲ့ရောဂါတချို့(ဥပမာ-သွေးတိုးရောဂါ)နဲ့ ကွမ်းစားတဲ့ အလေ့အထက ဆက်စပ်မှုရှိနိုင်တယ်ဆိုတာ ကျွန်တော့်အနေနဲ့ ပြည်သူလူထုကို အသိပေးပြောကြားချင် ပါတယ်။ ဝေးလံခေါင်ဖျားဒေသက လူတွေအနေနဲ့ သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုကို အလှမ်း ဝေးတာတွေရှိပါတယ်။ အဲဒီဒေသတွေကိုလည်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ကွင်းဆင်းပြီး ကုသမှုတွေ ယခုထက်ပိုပြီးပေးနိုင်ရင် ပိုကောင်းပါတယ်။ ပြည်သူလူထုအနေနဲ့လည်း သွားနှင့် ခံတွင်းကျန်းမာရေးသည် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာ ရေးအတွက် အရေးကြီးတာကိုသိမယ်ဆိုရင် မလိုလားအပ် တဲ့ ရောဂါတွေကို ကာကွယ်နိုင်ပါတယ်လို့ ပြောချင်ပါတယ်။
တွေ့ဆုံမေးမြန်း-နန္ဒာဝင်း
ဓာတ်ပုံ-ရဲထွဋ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment