Latest News

Wednesday, August 15, 2018

ဒေါ်လာဈေးမြင့်တက်နေခြင်းကြောင့် မြန်မာရွှေဈေးနှုန်း အတက်ဘက်သို့ ဦးတည်

ဒေါ်လာဈေးမြင့်တက်နေခြင်းကြောင့် မြန်မာရွှေဈေးနှုန်း အတက်ဘက်သို့ ဦးတည်

ရန်ကုန် သြဂုတ် ၁၅

ကမ္ဘာ့ရွှေဈေးနှုန်းကျဆင်းသော်လည်း ဒေါ်လာဈေး မြင့်တက်နေခြင်း ကြောင့် မြန်မာရွှေဈေးနှုန်း အတက်ဘက်သို့ ဦးတည်နေကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရ သည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်း ပြန်ကြားရေးမှူး ဦးအေးချိုက ''လက်ရှိ ရွှေဈေးကွက် အနေအထားက ကမ္ဘာ့ရွှေဈေးနှုန်းက တအားကျနေတယ်။ ကမ္ဘာ့ရွှေဈေးက ကျပြီး မြန်မာ့ရွှေဈေးက ဘာလို့ မကျလဲ ဆိုရင် တစ်ဖက်မှာ ဒေါ်လာဈေးက စံချိန် တင် အမြင့်ဆုံးဈေး ကျပ် ၁၅ဝဝ ဖြစ်နေ တယ်။ အဲဒီတော့ ကမ္ဘာ့ရွှေဈေးကျပြီး ဒေါ်လာဈေးတက်တဲ့ အတွက် မြန်မာ့ ရွှေဈေးကမကျဘဲ လက်ရှိအနေနဲ့က ဒီနေ့ပေါက်ဈေး ဆိုရင် ကျပ် ၉၄၈၅ဝဝ ဈေးလောက်နဲ့ အလုပ်ဖြစ်နေတယ်'' ဟု ပြောသည်။

၂ဝ၁၇ ခုနှစ် သြဂုတ်လတွင် ရွှေဈေး နှုန်းသည် ကျပ် ၉၁ဝဝဝဝ ခန့်ရှိရာမှ ၂ဝ၁၈ ခုနှစ် သြဂုတ်လတွင် ရွှေဈေးနှုန်းသည် ကျပ် ၉၅ဝဝဝဝ ခန့်ရှိသဖြင့် တစ်နှစ်တာ ကာလအတွင်း ငွေကျပ်လေးသောင်းနီးပါး ဈေးတက်ခဲ့သည်။ ဒေါ်လာဈေးတက်ခြင်း နှင့်အတူ မြန်မာနိုင်ငံအနှံ့ ရေကြီးရေလျှံမှု ဖြစ်ပွားသဖြင့် လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်းသည်လည်း အရောင်း အဝယ်နည်းပါးသော အချက်တစ်ချက်ဖြစ် ကြောင်း ရွှေလုပ်ငန်းရှင်တို့က ဆိုသည်။

ရွှေဆိုင်ကြီးများ အရောင်းအဝယ် ကောင်းမှသာ အခေါက်ရွှေများ ရောင်းရ မည်ဖြစ်ပြီး ပန်းထိမ်သမားများလည်း အလုပ်အကိုင် ကောင်းမည်ဖြစ် သည်။ ရွှေဝယ်ယူစုဆောင်း သူများအနေဖြင့် ဈေးနှုန်းအတက်တွင် အမြတ်အစွန်း အထိုက်အလျောက်ရပါက ပြန်လည် ရောင်းချကြလေ့ ရှိကြောင်း သိရသည်။ ဈေးနှုန်းအမြင့်သို့ရောက်လျှင် ပြန် ရောင်းချလေ့ရှိပြီး ဈေးနှုန်းကျဆင်းသည့် အခါတွင် ပြန်လည်ဝယ်ယူ စုဆောင်းတတ် လေ့ရှိသည်ဟု သိရသည်။

''ဈေးမြင့်ရင် အရောင်းအဝယ် မကောင်းဘူး။ ဈေးနိမ့်ရင် အရောင်း အဝယ်ကောင်းတယ်။ ဘာလို့လဲဆိုရင် ဈေးမြင့်ရင်လူတွေက လိုက်မဝယ်ချင်ဘူး။ ကျသွားရင် လိုက်ဝယ်တယ်''ဟု ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ ဦးအေးချိုက ဆက်လက် ပြောကြားသည်။

ယခုနှစ် သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလများတွင် ရွှေဈေးနှုန်း များ သိသာစွာကျဆင်းခြင်းမျိုး ရှိနိုင်မည် မဟုတ်ကြောင်း ရွှေလုပ်ငန်းရှင် တို့က သုံးသပ်ကြသည်။ ပွင့်လင်းရာသီဖြစ်သော နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင်မူ မြန်မာနိုင်ငံအတွင်း ရွှေများပြန်ထွက်လာ ခြင်း၊ နိုင်ငံခြားတိုင်းပြည်များတွင် ဘတ်ဂျက်ပိတ်ချိန်၊ စာရင်းပိတ်ချိန်များ တွင်မူ ကမ္ဘာ့ရွှေဈေးနှုန်း တည်ငြိမ်ပြီး ဈေးနှုန်းကျဆင်းမှု ဖြစ်လေ့ဖြစ်ထရှိ ကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)
ဓာတ်ပုံ - ထိန်လင်း

No comments:

Post a Comment