မယ်ဆိုင် သြဂုတ် ၅
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ လိုဏ်ဂူအတွင်း ပိတ်မိရာမှ ပြန်လည် ကယ်ထုတ်ခဲ့သည့် တောဝက်အကယ်ဒမီ လူငယ်ဘောလုံး အသင်း၏ အားကစားသမား၁၃ ဦးအနက် ရှင်သာမဏေဝတ် ၁၁ ပါး လူထွက်ခြင်းနှင့်အတူ ဂုဏ်ပြုပွဲကို လွိုင်ဘောင်းဘုန်း ကြီးကျောင်း၊ ဓာတ်တော်စေတီ ဓမ္မာရုံတွင် သြဂုတ် ၄ ရက် နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ယင်းတောဝက်ဘောလုံးအသင်း၏ လူငယ်အားကစား သမားများနှင့် နည်းပြအပါအဝင် ၁၃ ဦးအနက် ရှင်သာမဏေ အဖြစ် ၁၁ ပါးနှင့် နည်းပြမှာ ရဟန်းဝတ်ပြီး စုစုပေါင်း ၁၂ ပါး သင်္ကန်းဝတ်ခဲ့ခြင်းဖြစ်ရာ ရှင်သာမဏေ ၁၁ ပါးမှာ ကိုးရက်ကြာ သင်္ကန်းဝတ်ပြီးနောက် ပညာဆက်လက်သင်ကြားရန် လူထွက် ကြခြင်းဖြစ်သည်။ နည်းပြ ဖြစ်သူမှာ တစ်နှစ်ကြာ ဆက်လက်၍ ရဟန်းဝတ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လူငယ်အားကစားသမားများ လိုဏ်ဂူအတွင်း ပိတ်မိနေစဉ် မယ်ဆိုင်မြို့မှ ရှာဖွေကယ်ဆယ်ပေးသူများနှင့် ထိုင်းနိုင်ငံနယ်စပ် မယ်ဆိုင်လိုဏ်ဂူနှင့် ဆက်စပ်နိုင်သည့် မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်မှ လိုဏ်ဂူများရှိ ဝင်ပေါက် ထွက်ပေါက်များရှိနိုင်မည့် နေရာများအား ကူညီရှာဖွေပေးသည့် ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများကို ထိုင်းနိုင်ငံ ချင်းရိုင်း ခရိုင် သံဃနာယကနှင့်ဗုဒ္ဓဘာသာ သာသနာရေးဦးစီးဌာနက ယင်းနေ့ညနေပိုင်းတွင် မယ်ဆိုင်မြို့ ဒွိုင်းဝေါင်း (ဦးအောင် ဇေယျဘုရား) စေတီရင်ပြင်တော်၌ ကျေးဇူးတင်ဂုဏ်ပြုပွဲကို အခမ်းအနားဖြင့် ကျင်းပပေးသည်။
ထိုအခမ်းအနား၌ တာချီလိတ်မြို့ရှိ ခရိုင်နှင့်မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အလင်းရောင်ပရဟိတ အသင်း၊ ပုန်းထွန်ရပ်ကွက်နှင့် လွယ်တော်ခမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖွဲ့ အပါအဝင် အဖွဲ့ ၇ ဖွဲ့ကို ဖိတ်ကြားကာ ဂုဏ်ပြုခြင်းနှင့်အတူ “ Thank You The Whole World ” “ ကမ္ဘာကြီး တစ်ခုလုံးသို့ ကျေးဇူး ''ဟုအမည်ပေး ထားသည့် လူငယ် ၁၃ ဦးကို ရှာဖွေခဲ့စဉ်က မှတ်တမ်းတင်ဓာတ်ပုံ ၄ဝဝဝ ကျော်အား ပြသပေးခဲ့ကြောင်း သိရသည်။
ဝေယံလင်း(ပြန်/ဆက်)
No comments:
Post a Comment