Latest News

Monday, August 20, 2018

ဗလာဆိုင်းကို လွမ်းမိပါသည်

ဗလာဆိုင်းကို လွမ်းမိပါသည်                                           
                         

ဘုန်းတော်ကြီးကျောင်း၏ ကျယ်ဝန်းသောဆွမ်းစား ဆောင်တွင် အလှူထမင်း အလှူဟင်းကို စားကြပြီးသည့်
နောက် ဆရာတော်က ကျွန်တော်တို့အဖွဲ့ကို ဧည့်ခံမဏ္ဍပ်
သို့လိုက်ပို့ရန် ကျောင်းသားတစ်ယောက်ကို ခိုင်းပါသည်။
လက်ဖက်ရည်ကြမ်းသောက်ရင်း နားနားနေနေ နေစေ
လိုဟန်ရှိ၍ ကျွန်တော်တို့လည်း မောင်ကျောင်းသား
နောက်သို့လိုက်ခဲ့ကြပါသည်။ အမှန်စင်စစ် ကျွန်တော်  ၏ သဘောဆန္ဒအရဆိုလျှင် ပြန်ချင်စိတ်သာရှိပါ
သည်။ အတန်ငယ်ဝေးလှသည့် ဆွမ်းစားဆောင်မှပင်
အတိုင်းသားကြားနေရသော ဧည့်ခံမဏ္ဍပ်ရှိ မြေတုန်
ရင်တုန်အောင် ကျယ်လောင်လှသည့် ဆောင်းဘောက်
ကြီးများနှင့် မည်သည့်တူရိယာ၏အသံမှန်း ခွဲခြားမရ
သော တီးဝိုင်းကြီးကို  ကြောက်သောကြောင့်ဖြစ်ပါ
သည်။ ဆရာတော်၏ဆန္ဒကို မလွန်ဆန်လို၍သာ
မောင်ကျောင်းသားနောက်မှ ခပ်မဆိတ်လိုက်ခဲ့ရခြင်း
ဖြစ်၏။

အလှူမဏ္ဍပ်အတွင်းဝင်သည်နှင့် ကျွန်တော်တို့
အဖွဲ့သည် ဆောင်းဘောက်ကြီးများနှင့် လွတ်လို
လွတ်ငြား အဝေးဆုံးနေရာတစ်ခုကို တက်ညီလက်ညီ
ရွေး၍ နေရာယူကြပါသည်။ အပြင်က ကြားခဲ့ရသော အသံသည် မဏ္ဍပ်အတွင်း၌ အသံလှိုင်းကြီးအဖြစ် ရင်ကိုတုန်ခါစေပြီး ဆောင်းဘောက်ကြီးများသည် ကြောက်စရာ သတ္တဝါကြီးများသဖွယ် ကျွန်တော်တို့
အား ခြောက်လှန့်လျက်ရှိ၏။ မည်သည့် စကားမျှ မဆိုနိုင်
ကြဘဲ (တစ်ယောက်စကားကိုလည်း တစ်ယောက်
က ကြားနိုင်မည်မဟုတ်သောကြောင့်) တစ်ယောက်ကို တစ်ယောက် မျက်နှာငယ်လေးများဖြင့် ကြည့်နေမိကြ
သည်။ မိမိတို့အား တလေးတစား လာရောက်နှုတ်ဆက်၍ ဧည့်ခံစကားဆိုသော အလှူ့ရှင်အလှူ့အမတို့အား မင်္ဂလာခွန်းတုံ့စကား ဆိုနေရငြားလည်း သူတို့၏စကား
ကို ကောင်းကောင်းမကြားရ၊ သူတို့ကလည်း မိမိတို့
စကားကိုကြား ရဟန်မရှိ။ စားပွဲပေါ်တွင် တည်ခင်း
ဧည့်ခံထားသော လက်ဖက်ပွဲ၊ အချိုပွဲများသို့လည်း အာရုံ မရောက်ကြပေ။ ဧည့်ခံမဏ္ဍပ်တွင်း ရှိနေသူတို့
အား အကဲခတ်ကြည့်ရာတွင် ကြုံတွေ့နေကြရသည့် နားဆင်းရဲခြင်းဒုက္ခနှင့် စိတ်ဆင်းရဲခြင်းဒုက္ခကြီးတို့မှ လွတ်မြောက်အောင် မည်သို့ရုန်းထွက်ကြရမည်နည်းဟု အကြံထုတ်နေကြဟန်ရှိလေသည်။

ရင်းနှီးကျွမ်းဝင်ခဲ့

ဧည့်ခံစင်မြင့်ထက်တွင် ဆိုင်းဝိုင်းကိုတွေ့ရသော် လည်း ဆိုင်းဆရာကိုကားမမြင်မိပေ။ အစွမ်းကုန်
လက်စွမ်းပြ၍ ဧည့်ပရိသတ်အား ကောင်းကောင်း ဧည့်ခံနေသူများကား၊ ဆိုင်းဝိုင်းနောက်တွင် ခင်းကျင်း
ထားသော ခေတ်ပေါ်သံစုံတီးဝိုင်းဟု အမည်ခံသူများ
ဖြစ်၏။ သံစုံတီးဝိုင်းအမည်နှင့် လိုက်ဖက်သည်ဟု ဆိုရ
ပါမည်။ မည်သည့်တူရိယာ၏အသံဟု ခွဲခြား၍ မရနိုင်
လောက်အောင် အသံပေါင်းစုံ ဆူညံလုံးထွေးနေသော ကြောင့်ဖြစ်၏။ အဆိုတော်တစ်ယောက် သီဆိုနေ
သည်ကို မြင်နေရသော်လည်း သီဆိုသံကို ပီပီသသ မကြား
ရချေ။ လူငယ်ကျောင်းသားဘဝက အနောက်တိုင်းဂီတ တူရိယာပစ္စည်းများနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သော စာရေး
သူပင်လျှင် လက်ရှိကြားနေရသော သံစုံတီးဝိုင်းရှိ ဂီတတူရိယာများ၏ သံစဉ်ကို ခွဲခြားခံစားရန်ဝေးစွ ဘင်သံတဒုန်းဒုန်း၏အောက်၌သာ ပြားပြားဝပ်နေရ၏။

ပိုင်ရှင်မဲ့ ဆိုင်းဝိုင်းလေးကို ငေးကြည့်နေရင်းမှ ဦးခေါင်းကလေးတညိတ်ညိတ် ပြုံးသလိုတည်သလို
မျက်နှာပေးနှင့် နွဲ့၍ယိမ်း၍ ဝေ့၍ဝိုက်၍တီးတတ်သော
ဆိုင်းဆရာ၏ဟန်ကို မြင်ယောင်လာမိ၏။ ပြတ်သား
သော တိကျသော အဖြတ်အတောက် အနိမ့်အမြင့်သံစဉ်
တို့ဖြင့် ထုံမွမ်းလျက်ရှိသည့် ငြိမ့်ညောင်းသာယာလှသည့် စမ်းရေအလျင်ကဲ့သို့သော ပတ်လုံးသံလေးများကို ကြား
ယောင်လာမိသည်။ ''ဗလာဆိုင်းလေးနဲ့ဆိုရင် သိပ်
ကောင်းမှာပဲဗျာ'' ဟူသော ကျွန်တော်တို့အဖွဲ့သား
ကိုမျိုး၏တမ်းတသံကို ကြားရတော့မှ ဗလာဆိုင်းလေး
ကို လွမ်းနေသူမှာ ကျွန်တော် တစ်ယောက်တည်းမဟုတ် ကြောင်း သိရလေသည်။

ခုံခုံမင်မင် မြတ်မြတ်နိုးနိုး

''ကျွန်တော်တို့ ရွာကအလှူတွေမှာဆို ဒီလိုဧည့်ခံချိန်
မှာ ဗလာဆိုင်းနဲ့ဧည့်ခံတာဗျ၊ ငြိမ့်ငြိမ့်ညောင်းညောင်း
လေးနဲ့ စကားပြောမပျက်စေရဘူး ၊ ကျက်သရေမင်္ဂလာ ရှိလိုက်တာဗျာ'' ဘုန်းကြီးကျောင်းမှအထွက် ကား
ပေါ်သို့ရောက်မှ ကိုမျိုးကစကားပြောပါသည်။ကျောင်း
ပြင်ရောက်မှ တစ်ယောက်စကားကို တစ်ယောက်က ကြားရသောကြောင့်လည်းဖြစ်၏။ ကိုမျိုးသည် လယ်
ကွင်းလေးများ၊ ချောင်းငယ် မြောင်းငယ် တောတန်း
လေးများခြံရံလျက်ရှိသော မန္တလေးမြို့နှင့်မနီးမဝေးရှိ ကျေးရွာလေးတွင် မွေးဖွားကြီးပြင်းခဲ့သူဖြစ်၏။ တော
ဓလေ့ တောသဘာဝကို ခုံခုံမင်မင် မြတ်မြတ်နိုးနိုး ခံစား
ရင်း အမှတ်သညာကောင်းကောင်းဖြင့် ဘဝအဆင့်ဆင့်
ကိုကျော်ဖြတ်လာခဲ့သူဖြစ်ရာ သူ၏ငယ်ဘဝကို  ပြန်
ပြောင်းပြောပြသောအခါများ၌ မိမိကိုယ်မိမိ မြို့မှာမွေး
၍ မြို့မှာကြီးရသည်ကိုပင် ဂုဏ်ငယ်သယောင် ထင်မိ စေ၏။

''ကျွန်တော်တို့ရွာတွေမှာ အလှူအတန်းရှိလို့ ဆိုင်း
ငှားရင် တော်ရုံဆိုင်းကိုငှားတာမဟုတ်ဘူးဗျ။'' အလှူတွင်
ကြုံခဲ့ရသော ပိုင်ရှင်မဲ့ဆိုင်းဝိုင်းလေးကို မြင်တွေ့ခဲ့ရစဉ်
ကတည်းက သူခံစားခဲ့ရဟန်တူပါသည်။ သူ့နည်းတူ စာရေးသူသည်လည်း ဗလာဆိုင်းဖြင့်ဧည့်ခံသော အလှူ
မင်္ဂလာပွဲများကို ကြုံဖူးသည်ဖြစ်ရာ ဆိုင်းလက်သံကို
နားထောင်ရင်း ဧည့်ခံမဏ္ဍပ်အတွင်း၌   အေးချမ်း
သာယာစွာ နားနားနေနေ နေခွင့်မရခဲ့သောအဖြစ်ကို အားမလိုအားမရဖြစ်မိပါသည်။ ''ရွာက သက်ကြီးဝါကြီး၊ ဆိုင်းငှားနေကျ၊ ဆိုင်းအကြောင်း ကောင်းကောင်းသိတဲ့ ဆိုင်းကိုမြတ်နိုးတဲ့ လူကြီးတွေစုပြီးမှ ဆိုင်းဝိုင်းကို စိတ် တိုင်းကျ ရွေးပြီးငှားကြတာ၊ သူတို့ဆိုင်းငှားကြတာက အနုပညာစကားဝိုင်းတစ်ခုလိုပဲ။   ဆိုင်းဆရာရေ
ဟို ...လက်သံလေး၊ အဲဒါ တစ်စိတ်လောက်တီးပြစမ်းပါ
ဦး၊ ဟုတ်ပ  မှန်လိုက်တာ၊   တော်တယ်ဗျာ၊ နောက်
ရွာစားကျော်(-)ရဲ့  လက်သံလေးတို့ ကြည့်လိုက်ဗျာ၊
ဒီလို...ဒီလိုလေး...ဆိုင်းငှားသူ ဦးကြီး၊ ဘကြီးများ
က ပါးစပ်ဆိုင်းလေးတီးပြလိုက်၊ ဆိုင်းဆရာက ပတ်လုံး လေးများကို မွှေ့လိုက်ရမ်းလိုက် တို့လိုက်ထိလိုက်ဖြင့်
အလွန်မြိုင်တာဗျာ'' အလွမ်းဓာတ်ခံဖြင့် ပြောနေသော
ကိုမျိုး၏စကားသံများကြားတွင် စာရေးသူတို့အုပ်စု နစ်မျော၍နေ၏။ သူတို့ချင်း အလွမ်းသင့်လို့ကတော့ ဆိုင်းငှားတာနဲ့မတူတော့ဘဲ ဆိုင်းပညာရှင်နဲ့ ဆိုင်း ဝါသနာရှင်တွေ တွေ့ဆုံဆွေးနွေးပွဲဖြစ်သွားတော့တာပဲ၊
ဆိုင်းဆရာကလည်း၊ လက်ဖက်သုပ်၊ ရေနွေးကြမ်း၊ ကွမ်း
ဆေးစသည်ဖြင့် ဧည့်ခံပြီး တီးလိုက်ဆိုလိုက် ရှင်းပြလိုက်၊
ဆိုင်းငှားတဲ့သူတွေကလည်း မေးလိုက်မြန်းလိုက် ဆွေး
နွေးလိုက်နဲ့ ထမင်းမေ့ ဟင်းမေ့ပေါ့ဗျာ။

မြိုင်မြိုင်ဆိုင်ဆိုင်

အလှူဝင်နေ့ ညဥ့်ဦးပိုင်းတွင်တော့ ဆိုင်းပြည့်
ဝိုင်းပြည့် ဆိုင်းနောက်ထအဆိုတော် စသည်ဖြင့်  ဝေယျာ
ဝစ္စ ကူညီလုပ်ကိုင်ပေးသူများနှင့် နောက်နေ့အလှူကြီးသို့ လာရောက်ကြသည့် ရပ်ဝေးရပ်နီးမှ ဧည့်သည်များ၊
မိတ်ဆွေသင်္ဂဟများအား မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ဧည့်ခံ
လေသည်။ ညဥ့်ဦးယံကျော်၍ ညဥ့်နက်ပိုင်းသို့ရောက် သောအခါ ဧည့်သည်များလည်းစဲသွားလေပြီ၊ ချက်ရေး
ပြုတ်ရေး ကုသိုလ်ယူကြသူများလည်း ပြီးပြည့်စုံ၍ အလုပ်သိမ်းကြပြီဖြစ်၏။ အိုးသူကြီးများက အိုးစောင့်
များအား ဆွမ်းအိုးဟင်းအိုး၊ ထမင်းအိုးဟင်းအိုးများကို အပ်၍ပြီးကြလေပြီ။

ထိုအချိန်တွင် သံဃာစင်ပေါ်၌ အလှူကြီးအတွက် ဝိုင်းဝန်းစီမံဆောင်ရွက်ပေးကြသူ လူကြီးများနှင့် ချက်
ရေးပြုတ်ရေးစီမံပေးကြသူများသည် လုပ်ငန်းများ ပြီးဆုံး
၍ ဆိုင်းဝိုင်းရှေ့ရှိ အလှူမဏ္ဍပ်၏ အလယ်၌ တည်
ခင်းထားသော လက်ဖက်ရည်ကြမ်းဝိုင်းသို့ ရောက်လာ
ကြတော့၏။ နားနားနေနေရှိနေသော ဆိုင်းဆရာနှင့်
စကားစမြည်ပြောကြရင်း လူကြီးများအတွက် ဧည့်ခံဆိုင်း၊
တစ်နည်းအားဖြင့် အလှူဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်း
ကူညီပေးရင်း တစ်နေကုန်ပင်ပန်းခဲ့ကြသော ရွာလူကြီး
များအား ဖျော်ဖြေပေးသောဆိုင်းဝိုင်း စတင်ပါသည်။ ဆိုင်းနောက်ထ အဆိုတော်မပါ ဆိုင်းဆရာနှင့်ဆိုင်းဝိုင်း သာဖြစ်၏။ တစ်ခါတစ်ရံ ကြေးဝိုင်းဆရာပါလေသည်။ ဆိုင်းဆရာ၏ သီးသန့်လက်စွမ်းပြပင်ဖြစ်ပါသည်။

အလွန်လိုက်ဖက်ညီ

ပရိသတ်မများသော်လည်း သက်ကြီးဝါကြီး ဆိုင်း
ဝါသနာရှင်၊ ဆိုင်းနားရည်ဝပြီးသူ ဆိုင်းဗဟုသုတ ပြည့်ဝ
သူများဖြစ်၏။ ဆိုင်းဆရာ၏ ပညာနှင့်သမ္ဘာကို ကောင်း
ကောင်းအကဲဖြတ်နိုင်သူ ဆိုင်းပညာ၏ အနှစ်သာရကို
ကောင်းစွာခံစားတတ်သော ဆိုင်းပရိသတ် အစစ်အမှန်
ကြီးများဖြစ်၏။ ဆိုင်းငှားစဉ်ကတည်းက ရင်းနှီးပြီးသူ
များပါသကဲ့သို့ ဆိုင်းငှားသူများ၏ အညွှန်းစကားများ
ကြောင့် ဆိုင်းဆရာ၏ လက်သံကိုနားဆင်ရန် အားခဲ
လျက် မျှော်လင့်စောင့်စားနေသူများလည်း ပါဝင်လေ
သည်။ ဆိုင်းဆရာနှင့် ပရိသတ် အလွန်လိုက်ဖက်ညီ
သော ပွဲပင်ဖြစ်လေသည်။

ဆိုင်းဆရာကလည်း စိတ်လက်ရွှင်လန်းတက်ြ<ွကစွာ ဖြင့် လက်စွမ်းပြတီးခတ်၏။ပရိသတ်ကလည်း စိတ်ဝင်
တစား စိတ်ပါလက်ပါ အားပေးနားဆင်ကြသည်။ ဘယ်
တုန်းက ဘယ်ပွဲမှာ ရွာစားကျော် ဘယ်သူက ဒီလို ဒီလို
တီးသွားတာခင်ဗျ၊ နားဆင်ကြပါဦး၊ အဲဒီမှာ ဒီလို ဖိဖော့
ဖွင့်ပြီး သာသာလေး သွက်သွက်လေး တီးသွားတာ၊
ဒီလိုခင်ဗျ၊ ကျွန်တော့်ဆရာ(-) ရဲ့လက်သံ၊ ဒီနေရာမှာ
ကျွန်တော်ကတော့ ဒီလိုလေးတီးလိုက်ချင်တာ၊ မကောင်း
ပေဘူးလားစသည်ဖြင့် ဆိုင်းဆရာသည် ပြောလည်းပြော
တီးလည်းတီး  ရှင်းလည်းရှင်း လင်းလည်းလင်းစေ၏၊ ပြုံး၍ပျော်၍ ရယ်၍မော၍ ကြည်သာရွှင်ပျစွာ ဖျော်ဖြေ
၏။ ခေါင်းကလေးကို ငဲ့၍ငဲ့၍ညိတ်၍ညိတ်၍ တီး၏။
လက်ကလေးကို ဝေ့၍ဝေ့၍ ဝိုက်၍ဝိုက်၍လည်း တီး လေသည်။ ဆိုင်းမင်းသားတစ်လက် ကနေသည်နှင့်ပင် တူသေးတော့သည်။

အားပေးသူ ပရိသတ်ကလည်း ငြိမ်၍နားထောင်၏။
ပြုံးသည့်အခါလည်းရှိ၏။  ခေါင်းတညိတ်ညိတ်ပြုသည် လည်းရှိ၏။ ဆိုင်းဆရာက အတီးကိုရုတ်တရက် ရပ်၍ ဘယ်လိုလဲဟူသောသဘောဖြင့် မေးလေးကိုဆတ်၍ မေးသည့်အခါမျိုး၌ အားရပါးရ လက်ခုပ်တီး၍ မြိုင်မြိုင်
ဆိုင်ဆိုင် အားပေးကြသည်လည်းရှိသေး၏။ ဤသို့ဖြင့် မြန်မာ့ဆိုင်း၏အနှစ်သာရကို ညီတူညီမျှထပ်တူကျ၍ ခံစားကြသူ ဆိုင်းဆရာနှင့် ပရိသတ်တို့၏ပွဲသည် နံနက် နာရီပြန်နှစ်ချက်တီးကျော် သုံးချက်တီးခန့်တွင်မှ မနား
ချင်နားချင်နှင့် နားလိုက်ကြရလေသည်။

မနား၍လည်း မဖြစ်၊ မနက်ဖြန် အလှူကြီးနေ့တွင် ဧည့်ခံမဏ္ဍပ်တွင်း၌   ဤကဲ့သို့ပင်  ဆိုင်းဆရာ  ရွာစားကျော်ကိုယ်တိုင်   ဗလာဆိုင်းဖြင့်  ဧည့်ခံပေးရဦးမည်မဟုတ်လား။ လွမ်းမိပါသည် ဗလာဆိုင်းလေးရယ်ဟူ၍ တမ်းတလိုက်မိပါသည်။

မောင်ပြည့်အောင်

No comments:

Post a Comment