Latest News

Saturday, August 18, 2018

တောင်ပြုန်းပွဲတော် ယခုနှစ် ပွဲကြိုကာလ၌ လာရောက်သူများဖြင့် စည်ကား

တောင်ပြုန်းပွဲတော်  ယခုနှစ် ပွဲကြိုကာလ၌  လာရောက်သူများဖြင့် စည်ကား

မန္တလေး သြဂုတ် ၁၇

ယခင်နှစ်က  H1N1 ရောဂါပိုးပြန့်ပွားမှုမရှိစေရန်
အတွက် ကျင်းပခြင်းမရှိခဲ့သည့် တောင်ပြုန်းပွဲတော် မှာ ယခုနှစ်တွင် ပွဲတော်ရက်မတိုင်မီကတည်းကပင် လာရောက်သူများဖြင့် အထူးစည်ကားများပြားလျက်ရှိကြောင်း တောင်ပြုန်းပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။

တောင်ပြုန်းပွဲတော်ကို သြဂုတ် ၂၁ ရက် (ဝါခေါင်
လဆန်း ၁ဝရက်)မှ ၂၇ ရက် (ဝါခေါင်လပြည့်နေ့)
အတွင်း ကျင်းပမည်ဖြစ်သော်လည်း လက်ရှိတွင်
သြဂုတ် ၁၅ ရက်မှ စတင်ကာ လာရောက်သည့် အရေ
အတွက်မှာ တဖြည်းဖြည်းများပြားလျက်ရှိကြောင်း
သိရသည်။

''မနှစ်က ပွဲတော်ပိတ်သိမ်းခဲ့ရတဲ့အတွက် ဒီနှစ်
မှာ ကြိုတင်ပြီးလာရောက်တဲ့သူတွေ များတယ်၊
အခုရက်တွေကတည်းက စည်ကားနေတယ်။ မနှစ်ကလို ပိတ်သိမ်းတာမျိုးလည်း ဒီနှစ်မှာ မဖြစ်တော့ပါဘူး၊ ကျန်းမာရေး၊ လုံခြုံရေးတွေကအစ ပြင်ဆင်မှုတွေလုပ်ထားပြီးဖြစ်ပါတယ်'' ဟု တောင်ပြုန်းပွဲတော်ကျင်းပရေးကော်မတီအဖွဲ့ဝင် ဆုတောင်းပြည့် ဆုတောင်းရဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်က ပြောသည်။

ပွဲတော်ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာ ကလည်း  ယခင်နှစ်ကဲ့သို့    ဖြစ်စဉ်မျိုးမရှိနိုင်ကြောင်း ကတိပြုထားပြီး ဆိုင်ခန်းအရေအတွက် ကိုလည်း ယမန်နှစ်ထက်မလျော့ဘဲ စုစုပေါင်း ဆိုင်ခန်း ၉ဝဝ ကျော် ဖွင့်လှစ်ခွင့်ပေးထားကြောင်း၊ ပွဲတော်ရက်အတွင်း ပြဿနာတစ်စုံတစ်ရာဖြစ်
ပေါ်ပါက  သိရှိစေရန် စီစီတီဗွီကင်မရာများကို လူစည်ကားရာနေရာများတွင်     တပ်ဆင်ထားရှိကြောင်း သိရသည်။

''ကျန်းမာရေးအတွက် အဖွဲ့လေးဖွဲ့က လိုအပ်တာတွေကို  လာရောက်လုပ်ဆောင်ပေးမှာပါ။ ပွဲတော်ကို လာရောက်တဲ့သူတွေရဲ့ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ ပါဝင်ပြီး စုစုပေါင်းအင်အား ၂ဝဝကျော် ထားရှိပေးထားပါတယ်။ စီစီတီဗွီကင်မရာတွေကိုလည်း တပ်ဆင်ထားပြီးဖြစ်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

တောင်ပြုန်းပွဲတော်အတွင်း ဆိုင်ခန်း ၉ဝဝ ကျော်ကို ဖွင့်လှစ်ခွင့်ပြုထားကာ ဆိုင်ခန်းအကျယ်အဝန်း ပေါ် မူတည်၍ ကျပ် ၁၂ဝဝဝဝ မှ ၂ဝဝဝဝဝ အထိ သတ်မှတ်နေရာချထားပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ယာဉ်ရပ်နားခများကိုလည်း ဈေးနှုန်းကြီးမြင့်မှုမရှိစေရန်အတွက် ထိန်းသိမ်းမှုများပြုလုပ်ထားကာ မော်တော်ယာဉ်တစ်စီးလျှင်  ကျပ် ၂ဝဝဝ နှင့်ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၁ဝဝဝ သတ်မှတ်ထား ကြောင်း သိရသည်။

''တောင်ပြုန်းပွဲတော်ကို မနှစ်က ပိတ်သိမ်းခဲ့တဲ့အတွက် ဈေးသည်တွေလည်း ဒုက္ခရောက်တယ်။ ပွဲတော်ကို    အမှီသဟဲပြုနေတဲ့သူတွေအားလုံး ဒုက္ခရောက်ပါတယ်။ ဒီနှစ် ပိုထူးခြားတာကတော့ ပိုတိုးပြီးလာကြတယ်၊ ခါတိုင်း ဝါခေါင်လဆန်း ၃ ရက် လောက်မှရောက်လာကြတာ။ ဒီနှစ်ကျတော့ လကွယ်နေ့ကတည်းက လာနေကြပါတယ်။''ဟု  တောင်ပြုန်း ရတနာ့ဂူအလယ်နန်းမှ ရတနာဝင်းက ပြောသည်။

ယခုကျင်းပမည့်      တောင်ပြုန်းပွဲတော်အား မန္တလေးတိုင်းဒေသကြီး   ပြင်ဦးလွင်ခရိုင်  မတ္တရာ မြို့နယ်တွင်  နှစ်စဉ်ကျင်းပလျက်ရှိကြောင်း သိရ သည်။ 

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment