Latest News

Sunday, August 19, 2018

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် အသက် ၈၀ တွင်ကွယ်လွန်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် အသက် ၈၀ တွင်ကွယ်လွန်

ဂျီနီဗာ သြဂုတ် ၁၈

ဂါနာနိုင်ငံမှ ပထမဆုံးကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရသောကိုဖီအာနန်သည် သြဂုတ် ၁၈ ရက်တွင်ကွယ်လွန်သွားကြောင်း သိရသည်။

ကိုဖီအာနန်သည် အမျိုးအမည်အတိအကျမဖော်ပြနိုင်သော ဝေဒနာခံစားရပြီးနောက်ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ၎င်း၏မိသားစုနှင့် ကိုဖီအာနန်ဖောင်ဒေးရှင်းမှ ထုတ်ပြန်သောအစီရင်ခံစာအရ သိရသည်။ ၎င်းသည်ကွယ်လွန်ချိန်တွင် အသက် ၈၀ ရှိပြီဖြစ်သည်။

ကိုဖီအာနန်သည် ကမ္ဘာလုံးဆိုင်ရာ အထင်ကရနိုင်ငံရေး သမားဖြစ်ကြောင်း၊ ၎င်းသက်ရှိထင်ရှားရှိစဉ်ကာလပတ်လုံး ကမ္ဘာကြီးကိုတရားမျှတပြီး ပိုမိုအေးချမ်းစေလိုသူဖြစ်ကြောင်းကို အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

ကိုဖီအာနန်သည် ကုလသမဂ္ဂတွင် တာဝန်ထမ်းဆောင်စဉ် အရှေ့အလယ်ပိုင်းဒေသ၌ဖြစ်ပွားသော စစ်ပွဲများ၊ ဘော်ကန်ဒေသပြိုကွဲမှု၊ အာဖရိက၌ဖြစ်ပွားသည့် ပဋိပက္ခများနှင့် အခြားပြဿနာများကို ငြိမ်းချမ်းစေရန်လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

၎င်းသည် ကမ္ဘာ့နိုင်ငံအသီးသီးကို ပိုမိုစည်းလုံးစေရေးနှင့် ငြိမ်းချမ်းစေရေးဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ၂၀၀၁ ခုနှစ်တွင် ကုလသမဂ္ဂနှင့်အတူ ငြိမ်းချမ်းရေးနိုဘယ်ဆုကိုပူးတွဲရရှိခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် အီရတ်စစ်ပွဲကို ကိုဖီအာနန်က ကန့်ကွက်ခဲ့သဖြင့်စစ်ပွဲဆန့်ကျင်သူအဖွဲ့အစည်းများနှင့် စည်းလုံးခဲ့သော်လည်း လက်ရှိအမေရိကန်သမ္မတ၏အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သည့် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်းဂျွန်ဘော်တန်အပါအ၀င် အမေရိကန်ရှေးရိုးစွဲသမားများ၏ ပြင်းပြင်းထန်ထန်ဝေဖန်မှုကိုခံရသည်။

ကိုဖီအာနန်ကို ဗျူရိုကရေစီပြန်လည်တည်ထောင်သူ၊ လျှို့ဝှက်အတွင်းလူအဖြစ် ချီးမွမ်းကြသော်လည်း ၎င်းသည် ထိထိရောက်ရောက်မဆောင်ရွက်နိုင်သူအဖြစ် မကြာခဏဝေဖန်ခံရသည်။ ၁၉၉၄ ခုနှစ်တွင် ရ၀မ်ဒါ၌ဖြစ်ပွားသောပဋိပက္ခနှင့် ဘော့နီးယားနိုင်ငံ၌ဖြစ်ပွားသောပဋိပက္ခတို့တွင် ကုလသမဂ္ဂ၏ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ်ကို ထိရောက်စွာ ကိုင်တိုင်နိုင်ခြင်းမရှိမှုဖြင့် ကိုဖီအာနန်သည်အပြင်းအထန်ဝေဖန်ခံရကြောင်း သိရသည်။

Ref: The Straits Times@MWD

No comments:

Post a Comment