Latest News

Tuesday, August 7, 2018

ဧပြီ ၁၁ ရက် ၁၉၇၆ ခု အင်းစိန်ထောင်


မဆလစစ်အစိုးရလက်ထက်မှာ တနေ့တခြားတိုးများလာနေတဲ့ ရာဇ၀တ်အကျဉ်းသားတွေ ထားဖို့နေရာကလည်း အလွန်တရာ မှ လိုပြီးရင်းလိုရင်း ဖြစ်လာနေတော့ နိုင်ငံရေးအကျဉ်းသားတွေကို သီးသန့်တဆောင်မထားတော့ဘဲ ရာဇ၀တ်အကျဉ်းသားတွေနဲ့ လုံးဝတတန်းတည်း ရောထားလိုက်ခြင်းဖြင့် ရာဇ၀တ်အကျဉ်းသားတွေထားဖို့ နေရာလည်းရ၊ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း တခါတည်းပုံစံကိုင် ကျွန်ဇာတ်သွင်းဖို့ တချက်ခုတ် နှစ်ချက်-သုံးချက်ပြတ်စဉ်းစားပြီး စီမံကိန်းချတာဖြစ်တယ်။ စီမံကိန်းမစခင်မှာ တထောင်လုံးကို တလာကြီးစီသေးတယ်။

၁၉၇၆ ခု ဧပြီလဆန်းပိုင်းမှာ ထောင်အာဏာပိုင်တွေဟာ ပထမခြေလှမ်းအဖြစ် ဗကပတွေကို ၃ ဆောင်က ခေါ်ထုတ်သွားပြီး ရာဇ၀တ်အကျဉ်းသားဆောင်တွေ ပို့လိုက်တယ်။ နောက်ရက်အနည်းငယ်အကြာမှာ ဒုတိယခြေလှမ်းအဖြစ် နိုင်ငံရေးအကျဉ်းသား ၃ ယောက်ကိုရွေးထုတ်ပြီး ရာဇ၀တ်ဆောင်ပို့ပြန်တယ်။ အဲဒီ ၃ ယောက်ကတော့ ၇၄ ကမာရွတ်ဂါတ်တဲ မီးရှို့မှုက ကိုရွေသီး၊ ရန်ကုန် ၈ မိုင်က ဦးသန်းဝင်းနဲ့ PDP က ကိုဇော်ဝင်းတို့ဖြစ်တယ်။ ဦးသန်းဝင်းဟာ နိုင်ငံရေးသမားမဟုတ်ဘဲ စီးပွားရေးသမားသက်သက်သာ ဖြစ်ပေမဲ့ ဂ မိုင်ကုန်းမြင့်သာယာမှာရှိတဲ့ သူ့တိုက်အိမ်နဲ့ ခြံဝင်းကို မဆလစစ်အစိုးရက မျက်စိကျလို့ PDP နဲ့ဆက်သွယ်တယ်ဆိုပြီး စွပ်စွဲအမှုဆင် လူကိုထောင်ချ၊ တိုက်အိမ်နဲ့ခြံဝင်းကို နိုင်ငံပိုင်သိမ်းပစ်လိုက်တာ ဖြစ်တာဖြစ်တယ်။ ဦးသန်းဝင်းရဲ့ တိုက်အိမ်နဲ့ခြံဝင်းက အခုတော့ ပျားဂေဟာဆိုတဲ့ဟာ ဖြစ်နေပါတယ်။

အဲဒီ ၃ ယောက်ကို ရာဇ၀တ်ဆောင်ပို့ပြီး နောက်တရက်မှာတော့ တတိယအဆင့်အဖြစ် ဦးသန့်အရေးတော်ပုံကျောင်းသား ၃ ယောက်ကို ထောင်အာဏာပိုင်တွေက ရွေးထုတ်လိုက်တယ်။ သူတို့ကတော့ ကိုတင်စိုး (ရန်ကုန်ဝိဇ္ဇာသိပ္ပံ၊ ဂွမြို့၊ ရခိုင်အမျိုးသား)၊ ကိုသန်းလွင် (စက်မှုတက္ကသိုလ်) နဲ့ ကိုသန်းဆွေ ခေါ် စာရေးဆရာငြိမ်းဝေသစ် (ခန္တီး၊ နာဂအမျိုးသား) တို့ဖြစ်တယ်။ ကိုသန်းဆွေက ၇ ခန်းကဖြစ်ပြီး ကျန်နှစ်ယောက်က အပေါ်ထပ် အခန်းငယ်တခုကဖြစ်တယ်။ ၃ ယောက်စလုံးဟာ ရန်သူ့ပေါ်လစီတိုက်ဖျက်ရေးအတွက် ၃ ဆောင်ကကျောင်းသားတွေ လျှို့ဝှက်ကြိုတင်ညှိနှိုင်းထားတဲ့ အတွင်းစည်းထဲကဖြစ်တယ်။

သူတို့ ၃ ယောက်ကို ခေါ်ထုတ်သွားတာ ၁၉၇၆ ဧပြီ ၁၀ ရက် စနေနေ့ မနက် ၉ နာရီလောက်မှာဖြစ်တယ်။ သူတို့ဟာ ဟန်မပျက် အေးအေးဆေးဆေးပဲ မိမိပစ္စည်းထုပ်ကိုယ်စီဆွဲပြီး ၀ါဒါခေါ်ရာလိုက်သွားခဲ့တယ်။ ၃ ဆောင်ထိပ်က အဆောင်ရုံးခန်းမှာ ခဏနားပြီး ၃ ဆောင် ၀င်းတံခါးပေါက်ကနေ ခေါ်ထုတ်သွားတာ ၁ ဆောင်ဝင်းတံခါးကို ရောက်လာတယ်။ အဲဒီရောက်တော့ ပါလာတဲ့ဝါဒါ ကို မေးလိုက်တယ်။ ကျနော်တို့ကို ဘယ်ပို့မှာလဲ။ မင်းတို့ကို ၁ ဆောင်မှာထားမယ်။ ဒါဆိုရင် ကျနော်တို့မနေနိုင်ဘူး လို‹ ပြောလည်း ပြော၊ တခါတည်း ပစ္စည်းထုပ်ပစ်ချပြီး နောက်လှည့်ပြေးတယ်။ ဒီလိုထင်မထားတဲ့ အစောင့်လိုက်ဝါဒါ ၂ ယောက်ဟာ ပထမ ကြောင် ကြည့်နေတယ်။ ပြန်လှည့်ပြေးလာသူတွေဟာ သော့ခတ်မထား၊ အတွင်းဘက်က မင်းတုံးထိုးမထားဘဲ၊ စေ့ရုံစေ့ထားတဲ့ ၃ ဆောင်ဝင်း တံခါးကို ၀ုန်းကနဲတွန်းဖွင့်ပြီး ကြောင်ကြည့်နေတဲ့ ၃ ဆောင်ရုံးခန်းက ထောင်မှူးနဲ့ဝါဒါတွေရှေ့က ဖြတ်ပြေးကာ ၃ ဆောင်အောက်ထပ် ဗာယာလမ်းအတိုင်း ပြေးဝင်လာတယ်။ သူတို့ ၃ ယောက်ထဲက ကိုသန်းလွင်ကိုတော့ ၃ ဆောင်ဝင်းထဲမရောက်ခင် မိန်းဂျေးရှေ့မှာပဲ ပြန်ဖမ်းမိသွားပြီးနောက် ရိုက်နှက်ထိုးကြိတ်ပြီး ၆ တိုက်ပိတ်လိုက်တယ်။ ဒီနောက်မှာတော့ အထက်မှာဖော်ပြခဲ့သလို ညမီး ဖိုကြီးဆင်း အလုပ်ကြမ်းထုတ်ခိုင်းခဲ့တယ်။ ကိုတင်စိုးနဲ့ကိုသန်းဆွေတို့ကတော့ အဆောင်ထဲပြေးဝင်လာရင်း ၅ ခန်းနဲ့ ၆ ခန်းက နိုင်ငံရေး အကျဉ်းသားတွေကို ရန်သူရဲ့ပုံစံကိုင် အလုပ်ခိုင်းကျွန်ဇာတ်သွင်းရေးပေါ်လစီကို လက်မခံကြောင်း ပြောဆိုအကြောင်းကြားခဲ့တယ်။ ၆ ခန်းထဲ က ကျောင်းသား ၃ ယောက်က အခန်းတံခါးဖွင့်ခိုင်းလို့ သော့ခတ်မထားတဲ့ အခန်းတံခါးကို မင်းတုံးဆွဲဖွင့်ပေးလိုက်တဲ့အခါ ရွှေတိဂုံ အရေးတော်ပုံကဖြစ်ကြတဲ့ ကိုစိုးဝင်း၊ ကိုသန်းနိုင်နဲ့ PDP လက်နက်ချကာတွန်းဆရာအာယုတို့ ၃ ယောက်ဟာ ၆ ခန်းထဲက ပြေးထွက်လာ ပြီး ကိုတင်စိုးတို့နဲ့အတူ ၇ ခန်း တံခါးမင်းတုန်းတွေ ဆွဲဖွင့်ဝင်လာကြတယ်။ (အဲဒီနောက်ပိုင်းမှာ အဆောင်ဝင်းတံခါးတွေ၊ အခန်းတံခါး တွေကို နေ့ဘက်မှာလည်း မင်းတုန်းထိုးသော့ခတ်တာတွေ ကာလတခုဖြစ်သွားခဲ့တယ်။)

သူတို့ ၅ ယောက် ၇ ခန်းထဲဝင်လာပြီး မကြာခင်အတွင်းမှာ ထောင်ဝါဒါတွေလိုက်လာကြပြီး အဲဒိ ၅ ယောက်ကို အပြင်ပြန်ထွက် ဖို့ခေါ်တယ်။ ဒါပေမဲ့ အဲဒီ ၅ ယောက်အပါအ၀င် ၇ ခန်းထဲက ကျောင်းသားတွေအားလုံးက ကြိုညှိထားတဲ့အတိုင်း အခုချိန်ကစပြီး ဒီအခန်းထဲက ဘယ်ကျောင်းသားမှ အပြင်ခေါ်ထွက်ခံမယ်မဟုတ်ကြောင်း၊ အခုကိစ္စဟာ ကျောင်းသားအားလုံးအပေါ် အစီအစဉ်ရှိရှိ ယုတ်မာတာဖြစ်ကြောင်း၊ ဒါကြောင့် ကျောင်းသားတွေအနေနဲ့ ရာဇ၀တ်ဆောင်ပို့ အလုပ်ခိုင်း၊ ပုံစံကိုင်တာ လုံးဝလက်မခံကြောင်း၊ ဒီအတွက် မိမိကိုယ်မိမိကာကွယ်တဲ့အနေနဲ့ ၇ ခန်းထဲမှာပဲ ကျောင်းသားအားလုံး တစုတစည်းထဲနေမှာ ဖြစ်တဲ့အကြောင်းတွေ ၀ိုင်းပြောကြတော့ ၀ါဒါတွေပြန်သွားကြတယ်။ ဒီနောက်မှာတော့ ထောင်မှူးနဲ့ ၃ ဆောင်မှာတွဲဘက်ထားတဲ့ စစ်ထောက်လှမ်းရေး တပ်ကြပ်ကြီးအဆင့်ရှိလှရွှေ ထပ်ရောက်လာပြီး စောစောကအတိုင်း ကျောင်းသား ၅ ယောက်ကို တောင်းပြန်တယ်။ ဒါပေမဲ့ ကျောင်း သားအားလုံးက တညီထဲ လုံးဝမပေးနိုင်ကြောင်းနဲ့ ကျောင်းသားတွေလိုလားချက်ကို ထောင်ပိုင်နဲ့ တရားဝင်ဆွေးနွေးလိုကြောင်း ပြတ်ပြတ်သားသားပြောလိုက်တဲ့အခါ အာဏာပိုင်တွေ ဘာကိုမှ ရေရေရာရာအာမမခံဘဲ ပြန်ခေါက်သွားကြတယ်။

ချက်ချင်းပဲ ၇ ခန်းကျောင်းသားတွေဟာ အစည်းအဝေးထိုင်ကြပြီး တိုက်ပွဲပုံစံ၊ တောင်းဆိုချက်တွေနဲ့ ကြွေးကြော်သံတွေ အသေး စိတ် ဆွေးနွေးဆုံးဖြတ်ကြတယ်။ တောင်းဆိုချက်တွေအဖြစ် နိုင်ငံရေးအကျဉ်းသားများ သီးသန့်နေရရေး၊ အလုပ်မခိုင်းရေး၊ ပုံစံမကိုင် ရေး၊ စာအုပ်စာတမ်းသွင်းခွင့်နဲ့ စာရေးခွင့်ရရေး၊ နေ့ဖက် အဆောင်တံခါး ဖွင့်ထားပေးရေး၊ ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်ရေးနဲ့ အဆောင်အုပ်ချုပ်ရေးအတွက် ထောင်အာဏာပိုင်များနဲ့ နိုင်ငံရေးအကျဉ်းသားကိုယ်စားလှယ်တွေရဲ့ ပူးတွဲကော်မတီဖွဲ့အုပ်ချုပ်ရေး စတာတွေဖြစ်ပြီး ပုံစံမကိုင်၊ အလုပ်မခိုင်းရေးနဲ့ သီးသန့်နေရာရရေးတို့ကို လုံးဝမလျှော့တမ်းတောင်းဆိုဖို့ဖြစ်ပြီး ကျန်တောင်းဆိုချက် တွေကိုတော့ အလျှော့အတင်းလုပ်နိုင်တဲ့ တောင်းဆိုချက်တွေအဖြစ် သတ်မှတ်လိုက်တယ်။ တိုက်ပွဲပုံစံအဖြစ် တိုက်ပွဲဝင်သူတွေ ၃ ဆောင်မှာ ဆက်ရှိနေမယ်ဆိုရင် လက်ရှိအာဏာဖီဆန်မှုသဏ္ဌာန်ကို ဆက်လက်၊ သို့မဟုတ် တိုးချဲ့ကျင့်သုံးသွားရန်၊ အာဏာဖီဆန်သူ တွေကို တိုက်ပိတ်တာလုပ်လာရင် ရောက်တဲ့နေရာမှာ အစာငတ်ခံတိုက်ပွဲဆင်နွှဲရန်၊ ဖြိုခွဲရာမှာ အေးအေးဆေးဆေးမဖြိုခွဲဘဲ အကြမ်းဖက်ဖြိုခွဲရင် ပြန်လည်ပြီး အကြမ်းဖက်ခုခံရန် ဆိုတဲ့တိုက်ပွဲပုံစံကို ၇ ခန်းကျောင်းသားအများစုကြီးက သဘောတူဆုံးဖြတ် လိုက်တယ်။ ကျောင်းသားတွေကို အဓမ္မဖြိုခွဲမှုဖြစ်လာပါက ကြွေးကြော်သံများအော်ဖို့ဖြစ်ပြီး ကြွေးကြော်သံတွေအဖြစ် “သပိတ် သပိတ်-မှောက် မှောက်” “ကျောင်းသားမထိနဲ့-မီးပွင့်သွားမယ်” “အလုပ်သမားမထိနဲ့-မီးပွင့်သွားမယ်” “အကျဉ်းသားအခွင့် အရေး-ချက်ချင်းပေး ချက်ချင်းပေး” “မတရားဖိနှိပ်မှု-အလိုမရှိ အလိုမရှိ” “အရေးတော်ပုံ-အောင်ရမည် အောင်ရမည်” လို့ သတ်မှတ်ဆုံးဖြတ်လိုက်ကြတယ်။ “မီးဒုတ် မီးဒုတ်-ရှို့ ရှို့” ကိုတော့ ထောင်ကိုမီးရှို့ ခိုင်းသလို ဖြစ်နေမစိုးလို့ဆိုပြီး ကြွေးကြော်သံထဲက ဖြုတ်ထားလိုက်တယ်။ ရာဇ၀တ်အကျဉ်းသားတွေကိုလည်း စည်းရုံးတဲ့အနေနဲ့ “နိုင်ငံရေးအကျဉ်းသား အခွင့်အရေး-ချက်ချင်းပေး” လို့မကြွေးကြော်ဘဲ ယေဘူယျသဘောဆောင်တဲ့ “အကျဉ်းသားအခွင့်အရေး-ချက်ခြင်းပေး” လို့ကြွေးကြော်တာဖြစ်ပါတယ်။

ဒီလိုစည်းဝေးဆုံးဖြတ်ပြီးနောက် လက်ဝဲ လက်ယာမခွဲဘဲ စည်းလုံးနိုင်သမျှ အင်အားစုတွေ စည်းလုံးညီညွှတ်ပြီး ဘုံရန်သူတိုက်ဖို့ အတွက် ၃ ဆောင်တဆောင်လုံးက ကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေဆီ အစည်းအဝေးဆုံးဖြတ်ချက်တွေ စာရေးပို့ တယ်။ ထောင်ထဲမှာ တရားဝင်စာရေးခွင့် မရှိပေမဲ့ တရားမ၀င် လျှို့ဝှက်ကြံဖန် စာရေးဆက်သွယ်ကြတာဖြစ်တယ်။ စာထဲမှာ ပုံစံကိုင် အလုပ်ကြမ်းခိုင်းရေးနဲ့ နိုင်ငံရေးအကျဉ်းသား အဆောင်ဖျက်သိမ်းရေးပေါ်လစီကို ဆန့်ကျင်တဲ့တိုက်ပွဲ စပြီဖြစ်တဲ့အကြောင်းနဲ့ အားလုံး လက်တွဲပါဝင်ကြဖို့၊ အစည်းအဝေးဆုံးဖြတ်ချက်တွေကို လိုအပ်တာပြင်ဆင်ဖြည့်စွက်ကြဖို့နဲ့ အကြံဥာဏ်တွေပေးကြဖို့ ပန်ကြားဖိတ် ခေါ်ထားတယ်။ အဲဒီအခါမှာ အခန်းတိုင်းက ကန့်ကွက်သူမရှိ၊ စာတလုံးတပိုဒ်မပြင်ဘဲ သဘောတူလက်ခံကြတယ်။ ဒါပေမဲ့ ၅ ခန်းနဲ့ ၆ ခန်းက ၇၄ မေ-ဇွန် အလုပ်သမားတွေကတော့ သူတို့အနေနဲ့ ရုံးထုတ်ဆဲအချုပ်ကာလသာ ဖြစ်နေသေးလို့ ဒီတိုက်ပွဲကို စိတ်ဓာတ် အားဖြင့် ထောက်ခံပေမဲ့ ကာယကံမြောက်ပါဝင်နိုင်မှာ မဟုတ်တာကို ခွင့်လွှတ်ဖို့ အကြောင်းပြန်ကြားလာလို့ ကျောင်းသားတွေက နားလည်မှုပေးခဲ့တယ်။ အဲဒီအလုပ်သမားတွေထဲက ဗကပယူဂျီ လို့ဆိုတဲ့ အလုပ်သမားခေါင်းဆောင် နှစ်ယောက် သုံးယောက်ကတော့ အကြမ်းဖက်ခုခံရေးအယူအဆကို ဆန့်ကျင်ကြတယ်။ (အဲဒီ ဗကပယူဂျီ ဆိုတဲ့ အလုပ်သမားခေါင်းဆောင်တွေဟာ နောက်ပိုင်းမှာ ဗြောင်အတိအလင်း၊ ရန်သူ့အင်ဖော်မာသတင်းပေးတွေ ဖြစ်သွားကြတယ်။) အလားတူပဲ အပေါ်ထပ် ၄ ခန်းက (၁၀-က) ကျောင်းသားတွေကလည်း အချုပ်ကာလမှာရှိနေသေးလို့ တိုက်ပွဲထဲ အကန့်အသတ်နဲ့သာ ပါဝင်နိုင်မဲ့အကြောင်း ပြန်ကြားလာတယ်။ ၅ ခန်းကကျောင်းသား ၃ ယောက်၊ အပေါ်ထပ်က ကျောင်းသားလေး ၁၀ ယောက်၊ ဖဆပလ ဦးကျော်ငြိမ်းရဲ့သား ၂ ယောက်၊ PDP ဦးထွေးမြင့်နဲ့ ကိုတင်ဝင်းတို့ကတော့ တိုက်ပွဲမှာ ရာနှုန်းပြည့်ပါဝင်မယ့်အကြောင်း ပြန်ကြားလာတယ်။

တိုက်ပွဲအတွက် နိုင်ငံရေးအရနဲ့ အင်အားစုဖွဲ့မှုအရ ပြင်ဆင်တာနဲ့ တပြိုင်ထဲမှာ အခိုင်အမာလက်တွေ့ပိုင်းအရလည်း ပြင်ဆင် ကြပါတယ်။ အလစ်အငိုက်ဖြိုခွဲ တိုက်ပိတ်မခံရအောင် ၂၄ နာရီ ကင်းစောင့်စနစ် ကျင့်သုံးကြတယ်။ အခန်းအရှေ့ အဆောင်ဝင်းဘက် တယောက်၊ အခန်းအပြင် ဗာယာလမ်းဘက်ကို တယောက်ကင်းချတယ်။ သူတို့ဟာ ကြည့်မှန်ဝိုင်းလေးတွေကတဆင့် အဆောင် အထက်ဖက်ရုံးခန်းနဲ့၊ အဆောင်ဝင်းအ၀င်တံခါးဘက်က လှုပ်ရှားမှုကို စောင့်ကြည့်ရတာဖြစ်ပြီး ကျောင်းသားအားလုံး တယောက် တနာရီ အလှည့်ကျကင်းစောင့်ရတယ်။ ထောင်အာဏာပိုင်တွေက အစာဖြတ် ရေဖြတ်လုပ်မှာ ကာကွယ်နိုင်ဖို့ရော၊ မျက်ရည်ယိုဗုံး ပစ်ရင်လည်း ပုဝါရေဆွတ်ပြီး နှာခေါင်းနဲ့ပါးစပ် အုပ်ထားနိုင်ဖို့ရော အခန်းထဲမှာရှိတဲ့ စဥ့်အိုးကြီးတွေ၊ ရေအိုး၊ ရေပုလင်းတွေအားလုံး ရေအပြည့်ဖြည့်ထားတယ်။ ဒီအတောအတွင်းမှာ ခါတိုင်းလို ပုံမှန်ထမင်းထိုး၊ ရေချိုးချတာတွေ လုပ်နေတော့ ထမင်းတွေပိုယူပြီး ထမင်းခြောက်လုပ်၊ ရေတွေပိုထမ်းပြီး လှောင်တာလည်းလုပ်ကြတယ်။ ရေချိုးချနေစဉ် အဖြိုခွဲမခံရအောင် ကိုယ့်ဟာကိုယ် နှစ်သုတ် ခွဲပြီးချိုးတယ်။ တသုတ်ရေချိုးနေတုံး တသုတ်က အခန်းတံခါးပေါက်နား အသင့်စုစည်း နေရာယူထားတယ်။ အရေးအကြောင်း ဖြစ်လာရင် အားလုံးအခန်းထဲ ချက်ချင်းစုနိုင်အောင်ဖြစ်တယ်။ ရန်သူကိုရင်ဆိုင်ဖို့ ၃ ဆောင် ၇ ခန်းထဲမှာ ကျောင်းသားတွေ စုစု စည်းစည်းရှိနေခြင်းဟာ ကိုယ့်အတွက် အခွင့်အသာဆုံးဖြစ်တယ်လို့ ကျောင်းသားတွေက ယူဆထားတယ်။

နောက်တနေ့ဟာ ဧပြီ ၁၁ ရက် တနင်္ဂနွေနေ့ဖြစ်တယ်။ ၇ ခန်းကျောင်းသားတွေကို ထောင်ဝင်စာတွေ့ဖို့ လာခေါ်တာကို ကျောင်းသားအားလုံးက တညီတည်း ငြင်းဆန်လိုက်တယ်။ တွဲဘက်ထောင်တိုက်ပွဲအပြီး ကျောင်းသားကိုယ်စားလှယ်တွေကို မလိမ့်တပတ်နဲ့ ထောင်ဝင်စာတွေ့အပြီးမှာ တိုက်ပိတ်ခံရဖူးလို့ အဲသလိုမျိုး ဖြိုခွဲမခံရအောင် ထောင်ဝင်စာထွက်မတွေ့တာလည်းဖြစ်၊ အာဏာဖီဆန်တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ တခြားအခန်းတွေက ကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကတော့ အဓိက တိုက်ပွဲနေရာက အင်အားစုမဟုတ်လို့ ထောင်ဝင်စာ ထွက်တွေ့နိုင်ကြတယ်။ အဲဒီနေ့က ထောင်ဝင်စာတွေ့ရာမှာ ထောင်ဗူးဝ သွားရာလမ်းတလျှောက် ဘေးဝဲယာတဖက်စီမှာ ၀ါဒါတွေတန်းစီချထားပြီး ထောင်ဝင်စာတွေ့နေချိန်မှာလည်း ၀ါဒါနှစ်ယောက်က ဘေး မှာကပ်ထိုင်ပြီး နားထောင်နေတယ်။ ထောင်တွင်းက တိုက်ပွဲသတင်းတွေ အပြင်ကိုမပြန့်အောင်တားတယ်။ ဒါပေမဲ့ ဦးထွေးမြင့် အပါ အ၀င် နိုင်ငံရေးအကျဉ်းသားလူကြီးပိုင်းတချို့နဲ့ ကျောင်းသားတချို့ကတော့ ၇ ခန်းကျောင်းသားတွေ ကြိုတင်ညှိနှိုင်း အကူအညီ တောင်းထားတဲ့အတိုင်း ထောင်အပြင်က မိဘဆွေမျိုးတွေ၊ ပြည်သူလူထုနဲ့ သတင်းရပ်ကွက်တွေဆီ ထောင်တွင်းက ဖိနှိပ်မှုအခြေအနေ များနဲ့ ထောင်တွင်းတိုက်ပွဲသတင်းများ ပြန့်သွားအောင် လုပ်ပေးနိုင်ခဲ့တယ်။ အဲဒါကြောင့် ဧပြီ ၁၁ ရက် အင်းစိန်ထောင်တွင်းတိုက်ပွဲ သတင်းဟာ ဘီဘီစီအသံလွှင့်ချက်မှာ ပါနိုင်ခဲ့တယ်။

ဧပြီ ၁၁ ရက်နေ့အခြေအနေဟာ သိသာထင်ရှားစွာတင်းမာနေတာကို တထောင်လုံးခံစားရသလို အပြင်က ထောင်ဝင်စာလာ တွေ့တဲ့ မိဘဆွေမျိုးတွေရော၊ တွေ့ခွင့်မရတဲ့မိဘဆွေမျိုးတွေပါ သိမြင်ခံစားရတယ်။ ဒါကြောင့် စိုးရိမ်ပူပန်မှုတွေ အကြီးအကျယ် ဖြစ်ကြ တယ်။ ၁ တိုက်နဲ့ ၂ တိုက်မှာ တိုက်ပိတ်ခံနေရတဲ့ ယခင်တွဲဘက်ထောင်ကျောင်းသားတွေလည်း တင်းမာမှုကို ခံစားကြုံတွေ့ရပေမဲ့ ဘာကြောင့်မှန်း မသိကြသေးပါ။

ရထားတဲ့ သတင်းအချက်အလက်တွေနဲ့ ထောင်တွင်း တင်းမာခက်ထန်မှုအခြေအနေတွေအရ ကြိုတင်စဉ်းစားထားတဲ့ တိုက်ပွဲ ပုံစံ ၃ ခုမှာ တတိယပုံစံကို မလွှဲမရှောင်သာရောက်ဖို့ အလားအလာများနေတယ်ဆိုတာ ၇ ခန်းကျောင်းသားတွေ ခန့်မှန်းတွက်ချက်မိကြတယ်။ ၁၀ ရက်နေ့ကတည်းက အဆင့်မြင့်ထောင်အာဏာပိုင်တွေနဲ့ တရားဝင်ဆွေးနွေးချင်တဲ့အကြောင်း တောင်းဆိုခဲ့သော် လည်း ပခုံးမှာအပွင့်တင်ထားသူ တယောက်မှပေါ်မလာခြင်းဟာ ထောင်အာဏာပိုင်တွေ သူတို့ရဲ့စီမံကိန်းကို မဖြစ်မနေဇွတ်တိုးဖို့ ဆုံးဖြတ်ထားတယ်ဆိုတာ ပေါ်လွင်နေတယ်။ တွဲဘက်ထောင်ကကျောင်းသားတွေကို မကြာသေးမီကမှ အဓမ္မဖြိုခွဲခဲ့တဲ့ အာဏာပိုင် တွေဟာ ၃ ဆောင်မှာလည်း အဲဒီထက်မလျော့တဲ့နည်းလမ်းနဲ့ပဲ ဖြေရှင်းဖြိုခွဲဖို့ ဆုံးဖြတ်လိုက်ပုံရတယ်။

ဒါကြောင့် ကျောင်းသားတွေဟာ ထောင်အာဏာပိုင်တွေရဲ့ အကြမ်းဖက်မှုကို အကြမ်းဖက်ခုခံဖို့ လက်တွေ့ရုပ်ဝတ္တုပြင်ဆင်မှု တွေလုပ်ကြတော့တယ်။ ရုပ်ဝတ္ထုပြင်ဆင်မှု လို့ပြောရပေမဲ့ အုတ်နံရံ ၄ ဘက်ကြား၊ သံတိုင်တွေနောက် အကျဉ်းချခံထားရတဲ့ ကျောင်း သားတွေမှာ ဘာမှလောက်လောက်လားလား ရုပ်ဝတ္တုပြင်ဆင်နိုင်စရာ သိတ်မရှိပါ။ ဒါပေမဲ့ ကြက်ကလေး ငှက်ကလေးလို လည်စင်းခံမယ့်အစား ရုန်းရင်းကန်ရင်း တိုက်ရင်းခိုက်ရင်း အသေခံသွားမယ်။ သီပေါမင်းလင်မယားလို တယောက်လက်တယောက်တွဲပြီး လိုက်သွားမဲ့အစား ဆော်လို့ရနိုင်သလောက် ဆော်သွားမယ် ဆိုတဲ့စိတ်ဓာတ်နဲ့ လုပ်ကြတာဖြစ်ပါတယ်။ စုဆောင်းပြင်ဆင်လို့ရတဲ့ လက်နက်တွေကတော့ အုတ်ခဲပိုင်းတွေ၊ ကျောက်ခဲတွေနဲ့ ပုလင်းခွံတွေ အဓိကဖြစ်တယ်။ ဒုတ်ပိုင်းနဲ့ ၀ါးရင်းဒုတ်တော့ နည်းနည်းပဲ ရတယ်။ အုတ်ခဲကျိုးကို လွယ်အိတ်ထဲထည့်၊ အ၀ကိုကြိုးနဲ့စည်းပိတ်ပြီး လွယ်ကြိုးကကိုင်လွှဲလိုက်ရင် အကောင်းစား အနီးကပ်တိုက်ခိုက်ရေးလက်နက် ဖြစ်လာတယ်။ ရေအပြည့် ဖြည့်ပြီး အဖုံးပိတ်ထားတဲ့ ပုလင်းတွေကတော့ အစွမ်းထက်တဲ့ အဝေးပစ် လက်နက်တွေဖြစ်တယ်။ ရာဇ၀တ်အကျဉ်းသားဆောင်တွေမှာတော့ လက်လုပ်ဓား၊ မှိန်း၊ စူးချွန်၊ ရဲတင်း၊ ဂန်ဂျီ စတဲ့ လက်နက်တွေ ပေါတယ်။ ၀ါရင့်ရာဇ၀င်လူဆိုးအကျဉ်းသားတွေဆိုရင် အဲသလိုမျိုး လက်နက်တခုခု အမြဲဆောင်ထားတတ်တယ်။ ဒါပေမဲ့ ပင်ကိုယ်က အေးအေးချမ်းချမ်းနေတတ်တဲ့ ကျောင်းသားတွေမှာတော့ အဲသလို လက်နက်မျိုးတွေ ရှိမထားပါဘူး။

ညဘက်မှာတော့ ကျောင်းသားတွေဟာ ရှိသမျှအ၀တ်အစားတွေ ထပ်ဝတ်ကြတယ်။ အများစုက ရာဘာဖိနပ်ကို လက်ဖျံကပ် ချည်ထားတယ်။ ခြင်ထောင်တွေအားလုံး ဖြုတ်ထားလိုက်ပြီး အခန်းတံခါးဝမှာ ခြင်ထောင်တလုံးကို ပိုက်ကွန်လို ကပ်ချည်ထား လိုက်တယ်။ နောက်တံခါးတပေါက်ကိုတော့ အပြင်က ဘယ်လိုမှဖွင့်မရအောင် အတွင်းက ကုတင်သံခြေထောက်အကျိုးနဲ့ ကန့်လန့်ခံ အသေပိတ်ထားလိုက်တယ်။ ထောင်ဝါဒါတွေ အခန်းထဲဝင်ဖို့ တပေါက်ပဲ ထားပေးတာဖြစ်တယ်။ အဲဒီတပေါက်ကလည်း အထဲကနေ ဘယ်လိုမှ အသေပိတ်မရလို့ ထားတာဖြစ်ပါတယ်။

၁၉၇၆ ခု ဧပြီ ၁၁ ရက် ည ၁၂ နာရီထိုးခါနီးမှာ ကင်းတာဝန်ကျကျောင်းသားတွေက ထူးခြားမှုတွေ့လို့ ကျန်ကျောင်းသား အားလုံးကို လိုက်နှိုးတယ်။ တခဏအတွင်းမှာပဲ ၇ ခန်းကျောင်းသားအားလုံး အသင့်ဖြစ်နေပါပြီ။ အဲဒီအချိန်မှာ ၃ ဆောင်ဝင်းအတွင်း အဆောင်အရှေ့ဘက်မှာ စစ်ယူနီဖောင်းဝတ် နေ၀င်းစစ်သားတွေ လှံစွပ်ဖွင့် ဂျီသရီးသေနတ် အံကပ်ကိုင်ပြီး အဆောင်ဘက်မျက်နှာမူ နေရာယူလိုက်ကြတယ်။ ၃ ဆောင်ဝင်းအတွင်း အဆောင်အနောက်ဘက် ရေချိုးကန်တ၀ိုက်မှာတော့ ထောင်ထဲရှိသမျှ အယ်လ် ဇေးရှင်းစစ်ခွေးတွေ ကိုယ်စီကိုင်ထားတဲ့ဝါဒါတွေ အသင့်နေရာယူလိုက်တယ်။ အဲသလို ၂ ဘက်ညှပ် နေရာယူအပြီးမှာ ဗာယာလမ်း အတိုင်း နံပတ်ဒုတ်ကိုင်ဝါဒါတွေ ၀င်ချလာတယ်။ ၃ ဆောင်မှာ အဆောင်မှူးအဖြစ် တွဲဖက်တာဝန်ပေးထားတဲ့ စစ်ထောက်လှမ်းရေး တပ်ကြပ်ကြီးအဆင့်ရှိလှရွှေက “ဟေ့ကောင်တွေ၊ လက်နက်ချ” လို့ သံတိုင်တွေ၊ အုတ်တံတိုင်းတွေ ပတ်လည်ဝိုင်းထားတဲ့ အထဲနေရ တဲ့ ကျောင်းသားတွေကို အခန်းအပြင်ဘက်ကနေ လှမ်းအော်ရင်း အုတ်ခဲပိုင်းနဲ့ အခန်းထဲလှမ်းပစ်တယ်။ ကျောင်းသားတွေက အခန်းတံခါးပေါက်ဝနားက ၀ါဒါတွေကို ပြဿနာကိုအကြမ်းမဖက်ဘဲ အေးအေးဆေးဆေးဆွေးနွေးဖြေရှင်းဖို့ ပန်ကြားတယ်။ ဒါပေမဲ့ ၀ါဒါတွေက လုံးဝဂရုမစိုက်တဲ့အပြင် အဲသလိုပြောနေတဲ့ ကျောင်းသားတွေကို ကြက်တူရွေးတန်းကြားကနေ နံပတ်ဒုတ်နဲ့ လှမ်းရိုက် လှမ်းထိုးတယ်။ ဒီအခါမှာတော့ ကျောင်းသားတွေဟာ တိုက်ပွဲပုံစံ တဆင့်တက်ချိန်ရောက်ပြီလို့ သတ်မှတ်လိုက်ပြီး ကြွေးကြော်သံတွေ စတိုင်ကြတယ်။ ကြိုတင်သတ်မှတ်ထားတဲ့ ကြွေးကြော်သံတွေဟာ တခဏအတွင်း ၃ ဆောင်တဆောင်လုံး ကူးစက်ပြန့်နှံ့သွား တော့တယ်။ အောက်ထပ်အခန်း ၅၊ အပေါ်ထပ်အခန်း ၄ နဲ‹ ၁၀ ယောက်ခန်းက ကျောင်းသားတွေသာမက ကိုထွန်းကျော်ငြိမ်း၊ ဘိုဘို ကျော်ငြိမ်း၊ ဦးထွေးမြင့်၊ ကိုတင်ဝင်းတို့ကလည်း ကြွေးကြော်သံတွေ လိုက်အော်ကြတယ်။ တိတ်ဆိတ်နေတဲ့ ညဘက်ဖြစ်လို့ ကြွေးကြော်သံတွေဟာ အင်းစိန်တထောင်လုံးကိုသာမက အင်းစိန်မြို့ထဲအထိ လွင့်ပျံသွားတယ်။

ကြွေးကြော်သံတွေစအော်ပြီး မိနစ်ပိုင်းအတွင်း အခန်းတံခါးပွင့်သွားတယ်။ ၀ါဒါတွေဟာ နံပတ်ဒုတ်တရမ်းရမ်းနဲ့ ပြေးဝင်လာရာ မှာ တံခါးပေါက်က ပိုက်ကွန်ထောင်ချောက်ဆင်ထားတဲ့ ခြင်ထောင်ထဲ လုံးထွေးနေတယ်။ ဒါပေမဲ့ ခဏအတွင်းမှာပဲ ခြင်ထောင်ကို အတင်းဆွဲဖြုတ်ပစ်လိုက်နိုင်ပြီး နောက်ထပ်ဝါဒါတွေ ဆဲဆိုကြိမ်းမောင်းရင်း ပြေးဝင်လာကြတယ်။ ကျောင်းသားတွေဟာ ကြွေးကြော်သံ အော်နေရင်းနဲ့ ပုလင်းတွေ၊ အုတ်ခဲပိုင်းတွေနဲ့ လှမ်းထုကြတယ်။ မမျှော်လင့်တဲ့တိုက်ခိုက်မှုကြောင့် ၀ါဒါတွေထိမှန်ကွဲပြဲပြီး ပြန်ဆုတ် သွားကြရတယ်။ ဒါပေမဲ့ ချက်ချင်းလိုလို နောက်ကထောင်မှူးတွေ၊ အကြပ်တွေနဲ့ စစ်ထောက်လှမ်းရေးတွေက အတင်းမောင်းတက်လို့ ၀ါဒါတွေ ဇွတ်တိုးဝင်လာပြန်တယ်။ ဒီတခါမှာတော့ အနီးကပ်လက်တကမ်းတိုက်ပွဲ ဖြစ်သွားပါပြီ။ ၀ါဒါတွေရဲ့နံပတ်ဒုတ်နဲ့ ကျောင်းသား တွေရဲ့ ၀ါးရင်းဒုတ်တွေ၊ အုတ်ခဲပိုင်းထည့်လွယ်အိတ် (၀ါ) လွှဲအိတ်တွေ အားပြိုင်ရင်ဆိုင်ကြတယ်။

ဧပြီ ၁၁ ရက်နေ့က နေ့ဒျူတီထောင်ဝါဒါတွေအားလုံး ည ၆ နာရီ ဒျူတီပြီးချိန်မှာ ခါတိုင်းလို အိမ်ပေးမပြန်ဘဲ ထောင်ထဲမှာ ဆက်နေခိုင်းပြီး အပြင်တာဝန်ကျဝါဒါတွေကိုပါ စတင်းဘိုင် ခေါ်၊ ညနေ ၆ နာရီ ညဒျူတီဝင်လာတဲ့ ၀ါဒါတွေနဲ့ပေါင်းပြီး ၃ ဆောင် ၇ ခန်းက ကျောင်းသား ၃၂ ယောက်ကို ၀ါဒါ အင်အား ၄၀၀ လောက်နဲ့ ၀င်ရိုက်တာဖြစ်တယ်။ ထောင်အာဏာပိုင်တွေဟာ ၀ါဒါတွေကို ထောင်ပြင်ပေးမထွက်ပေမဲ့ အရက်ကို ပုံးလိုက်မှာ အရက်ကိုးမောင်းတိုက် ရဲဆေးတင်ပြီးမှ ကျောင်းသားတွေကို ၀င်ရိုက်ခိုင်းတာဖြစ်တယ်။ အိမ်ပြန်ချိန်မပြန်ရလို့ စိတ်တိုနေတဲ့ဝါဒါတွေ အရက်တ၀ကြီး ဖရီး သောက်ပြီး မိုက်မိုက်ရိုင်းရိုင်း ရမ်းကားတော့တာဖြစ်တယ်။

“ငါတို့ဝါဒါတွေ သွေးမြေကျကုန်ပြီဟေ့။ ဒီကျောင်းသားတွေကို အသေသတ်ပစ်ကြ” လို့အော်ပြီးရိုက်တဲ့ဝါဒါက ရိုက်တယ်။ အင်အားအရေအတွက် အဆမတန်သာလွန်တဲ့ ၀ါဒါတွေကို ကျောင်းသားတွေ ကြာကြာယှဉ်မရိုက်နိုင်ဘဲ တယောက်ပြီးတယောက် မှောက်သွားကြတော့တယ်။

ကျောင်းသားတချို့က အောင်မလေးဗျ၊ အမေရေ သေပါပြီ လို့မခံနိုင်ဘဲ အော်ကြတာရှိသလို အတော်များများကတော့ အံကြိတ်ခံကြတယ်။ အနည်းစု ၃-၄ ယောက်ကတော့ ကုတင်အောက်ဝင်ပုန်းတာ၊ ၀ါဒါတွေ၊ ထောင်မှူးတွေကို ခြေသလုံးဖက် ရှိခိုးတောင်းပန်ပြီး ကျနော်တို့မပါဘူး လို့ အသနားခံတာရှိတယ်။ သူတို့ကတော့ နဂိုကတည်းက နိုင်ငံရေးစိတ်မ၀င်စားဘဲ အပေါင်း အသင်းတွေကြောင့် ကျောင်းသားအရေးတော်ပုံထဲပါ ထောင်ကျလာတာဖြစ်တယ်။ တိုက်ပွဲတိုက်ဖို့ စည်းဝေးစဉ်ကလည်း အများစု ဆုံးဖြတ်ချက်ဖြစ်နေလို့ လိုက်လုပ်ခဲ့ရပေမဲ့ တကယ့်စိတ်ရင်းကတော့ ဘာနိုင်ငံရေးမှဝင်မပါဘဲ အေးအေးနေလိုသူတွေဖြစ်တယ်။

လဲကျသွား၊ သတိလစ်သွားတဲ့ ကျောင်းသားတွေကို အခန်းထဲက ဒရွတ်တိုက်ဆွဲထုတ်သွားကြတယ်။ ကျောင်းသား ၃၂ ယောက် မှာ လုံးဝဒဏ်ရာမရတာ ၄ ယောက်ပဲရှိပြီး ကျန်ကျောင်းသားအားလုံး ကွဲပြဲကျိုးပဲ့ကြတယ်။ ကျောင်းသားတွေဟာ ကံကြီးလွန်းလို့ ပဲလား၊ အသက်ပြင်းလို့ပဲလားမသိ အဆမတန်အင်အားနဲ့ အသကုန်ရိုက်တာဖြစ်ပေမဲ့ တယောက်မှတော့ မသေခဲ့ကြပါ။ ၇ ခန်းထဲက ဆွဲထုတ်သွားရာမှာ ပထမတော့ ၅ ခန်းနဲ့ ၆ ခန်း ရှေ့ကဖြတ်ပြီး ဗာယာလမ်းအတိုင်း ရုံးခန်းဘက်ဆွဲသွားတယ်။ သေလုမျောပါး ဒဏ်ရာအနာတရနဲ့ သွေးသံရဲရဲကျောင်းသားတွေ ခွေးသေကောင်ဆွဲသလို ဆွဲသွားတာတွေ့ရတဲ့ ၅ ခန်းနဲ့ ၆ ခန်းက အလုပ်သမား တွေနဲ့ ကျောင်းသားတွေဟာ မခံမရပ်နိုင်ဖြစ်ပြီး ဒေါသတကြီးနဲ့ မိမိတို့အခန်းထဲကနေ ဗာယာလမ်းက၀ါဒါတွေကို လှမ်းအော်ဆဲကြ တဲ့အပြင် ၅ ခန်းကကျောင်းသား ၃ ယောက်က ကြက်တူရွေးတန်းကြားကနေ ရရာပစ္စည်းတွေနဲ့ ၀ါဒါတွေကို ကောက်ပေါက်လို့ နောက်ပိုင်းမှာ ဒဏ်ရာရကျောင်းသားတွေကို ဗာယာလမ်းအတိုင်း ဆွဲမထုတ်တော့ဘဲ အဆောင်တခြားဘက်ထိပ် ၈ ခန်းနဲ့တည့်တည့် တံခါးပေါက်ကနေ အပြင်ဆွဲထုတ်ပြီး လှေခါးရင်းမှာ ခဏပုံထားတယ်။ အဲသလိုဆွဲထုတ်နေစဉ်မှာ ၈ ခန်းမှာရှိတဲ့ ရာဇ၀တ်အကျဉ်းသား လုံချည်ပြာတွေထဲက ကျောင်းသားတွေနဲ့ခင်မင်ပြီး စိတ်သဘောထားကောင်းတဲ့ ကရင်အမျိုးသားအကျဉ်းသားကြီး ဖထီးဦးစိန်လှိုင် (?ဦးစိန်လင်း) ဟာ ၀ါဒါတွေက တယောက်မှ ထမကြည့်ရဘူး အမိန့်ပေးတာကို မနာခံဘဲ ကြက်တူရွေးတန်းကြားကနေ မျက်ရည် တွေတွေစီးကျရင်း မြင်ကွင်းကိုကြည့်နေတယ်။

အုတ်လှေကားရင်း ခေတ္တပုံထားချိန်မှာ ၀ါဒါတွေက ထပ်ပြီးရိုက်ကြ၊ ကန်ကြတယ်။ အဲဒီကတဆင့် တောင်ယာခင်းကြားကနေ ၃ ဆောင်ရုံးခန်းဘက် ခေါ်သွားတယ်။ ရုံးခန်းရှေ‹ကွက်လပ်မှာ တခါဝိုင်းပြီး ငဖယ်တေတေပြန်တယ်။ နောက်တနေ့မနက်မိုးလင်းတော့ ဗာယာလမ်းတလျှောက် သွေးစီးကြောင်းတွေ အတိုင်းသားမြင်ရတဲ့အခါ ၅ ခန်းနဲ့ ၆ ခန်းက ၇၄ မေ-ဇွန် အလုပ်သမားတွေ နာကျည်း ဒေါသစိတ်နဲ့ငိုကြတယ်။

ကြွေးကြော်သံတွေအော်နေချိန်နဲ့ အပြန်အလှန်ရိုက်နေကြချိန်မှာ ၃ ဆောင်နဲ့အနီးဆုံး ထောင်အုတ်ရိုးပေါ်ရှိတဲ့ ဗူး (ကင်း မျှော်စင်) ပေါ်ကမီးမောင်းကို အာဏာပိုင်တွေက ဖွင့်ထိုးခိုင်းပေမဲ့ စစ်အာဏာရှင်ခေတ်ရဲ့ လဘော်[သရေ] သရုပ်သကန်ပီသစွာ မီးမောင်းကြီးပျက်နေလို့ ငရဲပွက်နေတဲ့ ၃ ဆောင်ကို မီးမောင်းထိုးမပေးလိုက်ရရှာဘူး။

အဲဒီညက အင်းစိန်ထောင်ရဲ့ အပြင်ဘက်မှာလည်း ဂျီသရီးကိုင် နေ၀င်းစစ်သားတွေ ထောင်ကိုပတ်ပတ်လည်ဝိုင်းပြီး နေရာယူ ထားကြတယ်။ အင်းစိန်မြို့နယ် မဆလပါတီယူနစ်ဥက္ကဋ္ဌ၊ ကောင်စီဥက္ကဋ္ဌနဲ့ တရားသူကြီးဥက္ကဋ္ဌတို့လည်း ထောင်ထဲလာပြီး လိုအပ်ရင် ပစ်မိန့်ပေးဖို့ အသင့်စောင့်နေခဲ့တယ်လို့ နောက်ပိုင်းမှာသိရတယ်။ မျက်ရည်ယိုဗုံးပစ်သေနတ်တွေလည်း ၀ါဒါတချို့ကိုထုတ်ပေးထား ပြီး အသင့်အနေအထားနဲ့ စောင့်ခိုင်းထားတယ်။

၃ ဆောင်မှာ ကြွေးကြော်သံတွေအော်နေချိန်၊ ရိုက်နှက်နေချိန်မှာ ရာဇ၀တ်အကျဉ်းသားထောင်ကျဆောင်တွေဖြစ်တဲ့ ၁ ဆောင် နဲ့ ၂ ဆောင်မှာလည်း အကျဉ်းသားတချို့ ထောင်ထဖို့ကြံစည်ကြတယ်။ ဒါကို ထောင်အာဏာပိုင်တွေ ကြိုတင်တွက်ဆ ပြင်ဆင်ထား ပြီး ရာဇ၀တ်ဆောင်တွေမှာလည်း ၀ါဒါတွေအသင့်ချထား အာဏာပိုင်ဒေါက်တိုင်အကျဉ်းသားတွေကိုလည်း စတင်းဘိုင်လုပ်ခိုင်းထား လို့ တထောင်လုံး ထောင်ထပွဲဖြစ်ရေးရည်ရွယ်ချက် မအောင်မြင်လိုက်ပါ။ ထဖို့ကြံတဲ့အကျဉ်းသားတွေကို ၀ါဒါတွေက ဒေါက်တိုင် အကျဉ်းသားအကူအညီနဲ့ လက်ဦးယူမှု ၀ိုင်းနှိမ်နင်းနိုင်ခဲ့တယ်။

၇ ခန်းကကျောင်းသားတွေဟာ ၀ါဒါတွေနဲ့ အပြန်အလှန် ရိုက်နေကြရလို့ ကြွေးကြော်သံတွေ ဆက်မအော်နိုင်တော့တဲ့အချိန်မှာ ၃ ဆောင် တခြားအခန်းကျောင်းသားတွေက ကြွေးကြော်သံတွေ ဆက်အော်ကြတယ်။ အာဏာပိုင်တွေဟာ ၇ ခန်းကကျောင်းသား တွေပဲမဲနေပြီး တခြားအခန်းက ကျောင်းသားတွေကိုတော့ ၀င်ရိုက်တာ၊ ၀င်ဖမ်းခေါ်တာ မလုပ်တဲ့အတွက် အချိန်အတော်ကြာကြာ ကြွေးကြော်သံတွေ ဆက်အော်နေနိုင်ခဲ့ကြတယ်။ ဒီကြွေးကြော်သံတွေကို ၁ တိုက်နဲ့ ၂ တိုက်ပိတ်ခံနေရတဲ့ ကျောင်းသားတွေ၊ ၄ တိုက်-၅ တိုက်က ထောင်ထဲရောက်စ မှိုင်းရာပြည့်ကျောင်းသားတွေ ကြားတဲ့အခါ ထောင်တွင်းတိုက်ပွဲက ကြွေးကြော်သံလို့မထင်ဘဲ ထောင်အပြင်မှာ အရေးတော်ပုံတခု၊ သပိတ်တခု ဖြစ်ပြန်ပြီလို့ ထင်ကြတယ်။ နောက်တနေ့ကျမှပဲ ၃ ဆောင်က မိမိတို့ကျောင်းသား ရဲဘော်တွေ သွေးမြေကျတိုက်ပွဲဖြစ်တာကို ၀ါဒါတွေနဲ့ ရာဇ၀တ်အကျဉ်းသားတွေဆီကတဆင့် သိရပြီး ရန်သူကို နာကျည်းစိတ်နဲ့ တိုက်ခိုက်စိတ်တွေ မြင့်တက်လာကြတယ်။

၃ ဆောင်ဧပြီ strike မှာ ၀ါဒါ ၁၇ ယောက်ဒဏ်ရာရတယ်လို့ သိရတယ်။ ထောင်ဆေးရုံမှာရှိတဲ့ အကျဉ်းသားလူနာတွေ အကုန်မောင်းချပြီး သူတို့ကိုတင်ကုပေးတယ်။ နောက်ပိုင်းမှာ အမှုထမ်းကောင်းတံဆိပ်နဲ့ ဆုငွေချီးမြှင့်ပြီး ချွေးသိပ်ခဲ့တယ်လို့ ကြားရ တယ်။ ညသန်းခေါင်ကျော် အင်းစိန်ထောင်ထဲက ငရဲပွက်သံတွေကြားတဲ့အခါ ထောင်နံဘေးအိမ်ထောင်သည်လိုင်းမှာ ကိုယ့်လင် ယောကျာ်းဝါဒါတွေ ပြန်ချိန်တန် ပြန်ရောက်မလာသေးလို့ စိတ်ပူနေတဲ့ ၀ါဒါဇနီးမယားတွေဟာ ခလေးတွေဆွဲရင်း ထောင်ဗူးဝပြေး လာပြီး ငါ့လင်၊ ငါ့ယောကျာ်း သေကုန်ပါပြီလို့ ငိုယိုရင်း ထောင်မှူး၊ ထောင်ပိုင်နဲ့ မဆလစစ်အာဏာရှင်တွေကို ကျိန်ဆဲကြတယ်။ ဧပြီ ၁၁ ရက်တိုက်ပွဲမှာ ၀ါဒါတွေဟာ နံပတ်ဒုတ်ပဲပါပြီး ကြိမ်ဒိုင်းတွေ ပါမလာတာကြောင့် ထိခိုက်ဒဏ်ရာ ရကုန်တာဖြစ်တယ်။ ဒီလောက် ထိ ပြန်ချလိမ့်မယ်လို့လည်း ထင်မထားတော့ ကြိမ်ဒိုင်းတွေ ယူမလာတာဖြစ်တယ်။ တကယ်ကတော့ အဓိကရုဏ်း ဖြိုခွဲရေးလို့ဆိုတဲ့ လူထုတိုက်ပွဲဖြိုခွဲရေးမှာ နံပတ်ဒုတ်ရော၊ ဒိုင်းရော တွဲယူဖို့ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်ရှိပြီးသားပါ။ ဒီနောက်ပိုင်း ထောင်တွင်း တိုက်ပွဲ ဖြိုခွဲရာမှာတော့ နံပတ်ဒုတ်အပြင် ကြိမ်ဒိုင်းတွေပါ ဆောင်လာကြတယ်။ (ဧပြီ ၁၁ ရက်နောက်ပိုင်းမှာ ထောင်ဝင်စာကနေ ပုလင်းသွင်းခွင့်လည်း ပိတ်လိုက်တယ်။)

၃ ဆောင် ၇ ခန်းကျောင်းသားတွေဟာ ၃ ဆောင်ရုံးခန်းကနေ တချို့လည်း ဒရွတ်တိုက်ဆွဲခံ၊ တခိျု့လည်း ဘေးက၀ါဒါ တွဲခေါ်လျက်နဲ့ အဆောင်ဝင်းအပြင်ဘက် မိန်းလမ်းမကြီးအတိုင်း မြောက်ဘက်ဗူးဝကိုဖြတ်ပြီး အလုပ်ကြီးဝင်းဘက်ခေါ်သွားတယ်။ အလုပ်ကြီးဝင်းမရောက်ခင် ညာဘက်ချိုးပြီး စစ်ခွေးဝင်းထဲဝင်သွားတယ်။ အဲဒီစစ်ခွေးဝင်းအတွင်း ထောင်နံရံနဲ့ အလုပ်ကြီးဝင်း တံတိုင်း ကြားမှာရှိတဲ့ စစ်ခွေးတိုက်ထဲကို ထည့်လိုက်တယ်။ ၃ ဆောင်ကနေ စစ်ခွေးတိုက်သွားရာ လမ်းတလျှောက်မှာလည်း ၀ါဒါတွေ စီချထားပြီး လမ်းတလျှောက်မှာရော၊ ကျောင်းသားတွေမသွင်းခင် တိုက်ရှေ့မှာပါ စိတ်ရှိလက်ရှိ ထိုးကြိတ်ရိုက်နှက် ကန်ကျောက်ကြ တယ်။

ကျောင်းသားတွေ စစ်ခွေးတိုက်အရောက် ၀ါဒါတွေရဲ့ ထိုးကြိတ်ကန်ကျောက်ခံအပြီးမှာ အ၀တ်အစားအားလုံးချွတ်ပြီး ကိုယ်လုံးတီးအတိုင်း တိုက်ခန်းတွေထဲ ထည့်လိုက်တယ်။ အဲဒီတုံးက လျှပ်စစ်မီးမတပ်သေးလို့ မှောင်မဲနေတဲ့အခန်းတွေထဲ ဘာဆို ဘာမှမရှိဘဲ လုံးလုံးပြောင်တလင်းဖြစ်ပါတယ်။ ဖျာမရှိ၊ ရေအိုးမရှိ၊ စောင်မရှိ၊ ဂန်ဖလားမရှိဖြစ်ပြီး ကိုယ်တုံးလုံးနဲ့ ဒါဏ်ရာရ ကျောင်းသားတွေဟာ စစ်ခွေးတွေနေသလိုမျိုး စစ်ခွေးတိုက်ထဲ နေရပါတယ်။ စစ်ခွေးတွေလိုပဲ အေးစက်စက် သံမန်တလင်းပေါ် သဘာဝအတိုင်း လဲလျောင်းအိပ်ရပါတယ်။ အခင်းကြီးအခင်းလေးကို ခွေးတွေလို အခန်းထဲ ဒီအတိုင်းစွန့်ရတယ်။ စစ်ခွေးတိုက် ၁၀ ခန်းမှာ စတိုခန်းတခန်းချန်ပြီး ကျန် ၉ ခန်းမှာ တခန်းကို ၃ ယောက်ကနေ ၆ ယောက်ထည့်ထားတယ်။

၁၂ ရက်နေ့ မနက်အာရုံတက်ခါနီးမှာ ထောင်ဆေးမှူးတွေ ရောက်လာပြီး ဒါဏ်ရာတွေ ဆေးထည့်ပေးတယ်။ ထောင်ဆေးရုံမှာ ဒါဏ်ရာရ၀ါဒါတွေ အရင်ဆေးကုပေးပြီးမှ ခွေးတိုက်ကကျောင်းသားတွေဆီ လာကုပေးတာဖြစ်တယ်။ ကွဲပြဲနေတဲ့ဒဏ်ရာတွေ အစိမ်းချုပ်၊ ကျိုးနေတဲ့ အရိုးတွေ ကျောက်ပတ္တီး ကိုင်ပေးတယ်။ ဒဏ်ရာရတဲ့ကျောင်းသားတိုင်း အနည်းဆုံး ခေါင်းမှာ ၅ ချက်တော့ ချုပ်ရတာချည်းဘဲဖြစ်တယ်။ တချို့လည်း နှာခေါင်းရိုးကျိုးတာ၊ နဖူးကွဲတာ၊ မျက်ခုံးကွဲတာ၊ သွားကျွတ်ထွက်သွားတာ တွေရှိတယ်။ တချို့က လက်တဘက်တည်း ၂ နေရာ ကျိုးတယ်၊ တချို့က နံနိမ့်သွားတယ်။ နံ ရိုးအက်မအက်တော့ ဓာတ်မှန်မရိုက်ရလို့ မသိနိုင်ပါ။ တချို့က ဒဏ်ရာသွေးထွက်လွန်တာရှိတယ်။ တောင်ငူက ဆေး ၂ ကျောင်းသား ကိုသိန်းထွန်းဟာ ခေါင်းပေါ်မှာ နားရွက်တဘက်ကနေ နောက်တဘက်ထိ ကြက်ခြေခတ်ပုံကွဲပြီး လက်လည်းကျိုးလို့ ဒါဏ်ရာသွေးလွန်ပြီး သတိလစ်သွားခဲ့တယ်။ ဆေး ၁ ကျောင်းသား ကိုအေးအောင်လည်း သွေးလွန်ပြီး ၂ နာရီလောက် သတိလစ်သွားခဲ့တယ်။ (ကိုအေးအောင်ဟာ နအဖလက်ထက် ၁၉၉၈ မေလ တုန်းက သာယာဝတီထောင်တွင်းအစာငတ်ခံတိုက်ပွဲမှာ ထောင်အာဏာပိုင်တွေက ရိုက်သတ်လိုက်တဲ့ ကိုအောင်ကျော်မိုးရဲ့အကို ဖြစ်တယ်။) စီးပွားရေးတက္ကသိုလ်အနုပညာအသင်း အတွင်းရေးမှူး ကိုသက်တင် (၀မ်းတွင်း) ဟာ ခေါင်းကွဲတာအပြင် လက်ညှိုး တချောင်း တဆစ်လောက် လုံးဝပြတ်ထွက်သွားတယ်။ တက္ကသိုလ်လဲ့လဲ့၊ တက္ကသိုလ်ဟန်မြမော်တို့နဲ့ တတွဲထဲ ဂီတအနုပညာ လိုက်စားခဲ့တဲ့ ကိုသက်တင်ဟာ ဂီတကို အင်မတန်ဝါသနာကြီးပြီး ထူးလည်းထူးချွန်သူဖြစ်တယ်။ အနုပညာသမားဖြစ်ပေမဲ့ စစ်အာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာမှုကို မခံနိုင်လို့ ထောင်တွင်းတိုက်ပွဲတွေမှာ ဒူးမထောက်ဘဲ ပါဝင်ခဲ့တယ်။ ဧပြီ ၁၁ တိုက်ပွဲ မဖြစ်ခင် ၃ ဆောင် ၇ ခန်း မှာ မတ်လ ၂၃ ရက် သခင်ကိုယ်တော်မှိုင်းရာပြည့်မွေးနေ့ အခမ်းအနားလုပ်တုံးက “ငြိမ်းချမ်းရေးဖခင်” သီချင်းကို ကိုသန်းဆွေ (ခေါ်) ငြိမ်းဝေသစ်နဲ့တွဲပြီး ရေးစပ်သီကုံးခဲ့သူ၊ ကိုယ်တိုင်သီဆိုခဲ့သူ ဖြစ်တယ်။ အဲဒီသီချင်းဟာ ABSDF ထုတ် “ဘ၀တက္ကသိုလ်က နေ၀န်းနီနီ” စီးရီးခွေထဲ ပါဝင်ခဲ့တယ်။

ဒဏ်ရာတွေကုသရာမှာ ကျွမ်းကျင်မှုမရှိတဲ့ ၀ါဒါဆေးမှူးတွေက စေတနာမပါဘဲ ပြီးပြီးရော ဖြစ်သလိုကုသွားလို့ ဒဏ်ရာတွေဟာ တနှစ်ကျော်ကြာတဲ့အထိ ပြည်တရွှဲရွှဲနဲ့ ဖြစ်နေကြတာလည်းရှိတယ်။ အရိုးကျိုးသွားတာတွေကိုလည်း စနစ်တကျ ပြန်ဆွဲမတည့်ဘဲ ကျောက်ပတ္တီးစည်းသွားလို့ အရိုးကောက်ကောက်ကြီး ဆက်သွားတာတွေများတယ်။ ဒဏ်ရာတွေ နောက်ထပ်ဆေးကြော ဆေးထည့်တာနဲ့ ပင်နီစလင်ထိုးတာကို ၂ ရက်တခါ ၃ ရက်တခါ တပတ်လောက်လုပ်ပေးတယ်။

၁၁ ရက်နေ့ည စစ်ခွေးတိုက်ရောက်ပြီး မကြာခင် ထောင်ပိုင်ကြီးအဆင့်ရှိ မက္ကနား လာကြည့်တယ်။ သူက “တခြားထောင်တွေ မှာ ထောင်ဆူတာ ငါတို့အပြတ်ကိုင်လို့ရခဲ့တယ်၊ မင်းတို့ကိုလည်း ငါတို့မမှုဘူး” လို့စိန်ခေါ်ကြိမ်းဝါးပြီး ပြန်ထွက်သွားတယ်။ ကျောင်းသားတွေကတော့ အဖက်လုပ် စကားမပြောပါဘူး။

၁၂ ရက်နေ့အာရုဏ်တက် ဆေးမှူးတွေ ဆေးလာမကုခင် ကျောင်းသားတွေဟာ တခန်းနဲ့တခန်း တီးတိုးလှမ်းဆက်သွယ်ပြီး ယခင်ဆွေးနွေးထားတဲ့ အစာငတ်ခံတိုက်ပွဲ ဆက်တိုက်ရေး၊ မတိုက်ရေး ဆွေးနွေးကြတယ်။ တချို့က အစာငတ်ခံတိုက်ပွဲ ၀င်လိုကြပေမဲ့၊ အများစုက အခုဖြစ်ခဲ့တဲ့၊ အဆင့်အမြင့်ဆုံး တိုက်ပွဲသဏ္ဌာန်ဖြစ်တဲ့ အကြမ်းဖက်ခုခံရေးတိုက်ပွဲရဲ့ အရှိန်အဟုန်ကို စောင့်ကြည့်ပြီးမှ ထပ်တိုက်သင့် မသင့် စဉ်းစားတာကောင်းမယ်လို့ သဘောထားပေးကြတဲ့အတွက် အစာငတ်ခံတိုက်ပွဲ ဆက်မတိုက်ဖြစ်တော့ပါ။

ဒီလိုနဲ့ ကျောင်းသားတွေဟာ သံတိုင်တွေနောက်မှာ တိရိစ္ဆာန်ရုံထဲက တိရိစ္ဆာန်တွေလို ကိုယ်လုံးတီးနဲ့ ဖျာမရှိ၊ စောင်မရှိ၊ ဂန်ဖလားမရှိ ၄ ရက်လောက် နေရတယ်။ တိရိစ္ဆာန်တွေလို နေ နေရတဲ့ ဒီ ၄-၅ ရက်အတွင်းမှာ လုံးထမင်းမကျွေး၊ ရေမတိုက်ဘဲ၊ အစာဖြတ်၊ ရေဖြတ် ထားတယ်။ ထောင်ထဲမရောက်ခင် ကျောင်းသားဘ၀က ဖတ်ခဲ့ဘူးတဲ့ အမေရိကန်နိုင်ငံထုတ် လိုက်ဖ် Life မဂ္ဂဇင်းထဲမှာ ၁၉၇၁ ခု နယူး ယောက်မြို့က အက်တီကာထောင်ထမှုကြီးကို နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး ရော့ကယ်ဖဲလား (နောင်မှာ ဒုသမတ) ကိုယ်တိုင် ဦးစီးပြီး ရက်ရက်စက်စက် သွေချောင်းစီး နှိမ်နင်းခဲ့တဲ့အကြောင်း ကမာ္ဘေကျာ်သတင်းဓာတ်ပုံတွေထဲက လူမဲအများစုပါဝင်တဲ့ အကျဉ်းသားအုပ်လိုက်ကြီး ကိုယ်လုံးတီးနဲ့ ခေါင်းပေါ်လက်တင် ပုံစံရပ် တန်းစီနေရတာ၊ မှောက်အိပ်နေရတာ၊ ပုံစံထိုင်နေရတာတွေကို ပြန်အမှတ်ရမိတယ်။

ကျောင်းသားတွေဟာ ဒဏ်ရာတွေ နာကျင်ကိုက်ခဲမှုအပြင် ထမင်းဆာ ရေငတ်တဲ့ဒဏ်ကိုပါ ကြံ့ကြံ့ခံခဲ့ကြတယ်။ တယောက်မှ မငြီးခဲ့ပါဘူး။ ရိုက်ပွဲဖြစ် စစ်ခွေးတိုက်ရောက်ပြီး ၂ ရက်အကြာမှာ သင်္ကြန်ကျပြီ ဖြစ်ပါတယ်။ စစ်ခွေးတိုက်ဟာ ထောင်အုတ်ရိုးနဲ့ အလွန်နီးကပ်စွာ တည်ရှိနေတာကြောင့် အင်းစိန်မြို့တွင်း ရေကစားမဏ္ဍာပ်တွေဆီက သင်္ကြန်သီချင်းသံတွေ၊ ရေပက်ကစား ပျော်ရွှင် ကြသံတွေဟာ လော်စပီကာကတဆင့် အုတ်ရိုးကိုကျော်ပြီး ထောင်တွင်းသို‹ လွင့်ပံျ့ဝင်ရောက်လာပါတယ်။ စစ်ခွေးတိုက်ထဲက ဒဏ်ရာ ကိုယ်စီနဲ့ ကိုယ်လုံးတီးကျောင်းသားတွေကတော့ ခွေးချီးခွေးသေးနံ့သာမက သွေးညှီနံ့နဲ့ လူချီးလူသေးနံ့တွေပါ လှိုင်နေပြီဖြစ်တဲ့ တိုက်ထဲ ရေတစက်မှမသောက်ရဘဲ ၇၆ သင်္ကြန်ကို ဖြတ်သန်းနေကြပါတယ်။ အဲဒီအချိန်မှာ ပျော်ပျော်နေတတ်တဲ့ ဆေး ၂ ကျောင်းသား ကိုတင်မြင့် (ခေါ်) မာရှယ် (ပေါင်းတည်) က ရုပ်ရှင်မင်းသားဝင်းဦး အသံမျိုးတုပြီး နှစ်သစ်နဲ့သင်္ကြန်ကျမလေ ဆိုပြီး သီချင်းထဆိုလို့ အားလုံးဝိုင်း လက်ခုပ်တီးသြဘာပေးကြတယ်။ (အဲဒီကာလတုံးက မြနန္ဒာ တို့၊ တူးပို့တူးပို့ တို့ ခေတ်မစားသေးပါ)။

ဧပြီ ၁၁ ရက်တိုက်ပွဲဖြစ်ပြီး နောက်တနေ့မှာ ၃ ဆောင်က သွေးစသွေးနတွေ အားလုံးပြောင်စင်အောင် အပြာဝတ်တွေက ဆေးကြောရတယ်။ ဒီနောက် ၀ါဒါတွေက အုတ်ခဲပိုင်းတွေ၊ ကျောက်ခဲတွေ၊ ၂-တလက္မတွေ စတဲ့လက်နက်တွေကို ထောင်တွင်း နေရာအနှံ့က ရှာဖွေစုဆောင်းယူလာပြီး ၃ ဆောင် ၇ ခန်းထဲပုံ ဓာတ်ပုံရိုက်တယ်။ ကျောင်းသားတွေဟာ အကြမ်းဖက်ဖို့ ဒီလိုဒီလို ပြင်ဆင်စုဆောင်းထားတယ် ဆိုတဲ့သဘောပါဘဲ။

ဂါမဏိ

No comments:

Post a Comment